ချင်းမိုင်မြို့ရှိ ဝပ် ဆိုင်းမွန်း မြန်မာ ဘုန်းကြီးကျောင်း၌ မြန်မာ ကျောင်းထိုင် ဆရာတော် ဆက်လက်ထား ခွင့်ရရန် သမ္မတ ဦးသိန်းစိန်ထံ တင်ပြပေးမည်ဟု ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးတင်ဝင်းက ပြောကြားသည်။
ဦးသိန်းစိန်၏ ထိုင်းနိုင်ငံသို့ ဇူလိုင်လ ၂၂ ရက်နေ့မှ စတင်၍ ၃ ရက်ကြာ လာရောက်မည့် ခရီးစဉ် မတိုင်ခင် ယင်းကိစ္စကို နှစ်နိုင်ငံ တာဝန်ရှိသူများနှင့် ဆွေးနွေးနိုင်ရန် တင်ပြသွားမည် ဖြစ်ကြောင်း ယနေ့ ဝပ်ဆိုင်းမွန်း ကျောင်းတွင် ဂေါပက အဖွဲ့ဝင်များ အပါအဝင် မြန်မာ သံရုံး တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးရာတွင် သံအမတ်ကြီး ဦးတင်ဝင်းက ပြောကြားခြင်းဖြစ် သည်။
“ဝပ်ဆိုင်းမွန်း ကျောင်းထိုင် ပြဿနာလေးတွေမှာ လာပြီးတော့ သံဃာတော်တွေကိုလျှောက်ရင်း ဒကာ၊ ဒကာမတွေကို တွေ့ရင် ဖြစ် နိုင်မယ့် နည်းလမ်းတွေ ရှာဖွေဖို့ လာခဲ့တာပါ၊ အဓိကတော့ ကျနော်တို့တွေက ဝိုင်းဝန်းပြီးတော့ ကူညီဆောင်ရွက်ဖို့ လာခဲ့တာ ပါ” ဟု သံအမတ်ကြီး ဦးတင်ဝင်းက သတင်းထောက်များကို ရှင်းပြသည်။
တွေ့ဆုံဆွေးနွေးသည့် အထဲတွင် ပါဝင်သည့် ချင်းမိုင်မြို့မှ ဗုဒ္ဓဘာသာ အသင်း ဥက္ကဌ ကိုစိုးဝင်းကလည်း သံအမတ်ကြီး အနေနှင့် ကူညီ ဆောင်ရွက်ပေးမည်ဟု ပြောဆိုသည်ကို အားရကျေနပ်ကြောင်း ပြောသည်။
“ကျနော်တို့ ထိုင်းပိုင်၊ မြန်မာပိုင် ဆိုတာထက် မြန်မာဘုန်းကြီးနဲ့ မြန်မာယဉ်ကျေးမှု၊ မြန်မာ အသိုင်းအဝိုင်းနဲ့ပဲ ဆက်လက်နေသွား နိုင်တဲ့ အခြေအနေတွေကိုပဲ မျှော်လင့်ပါတယ်”ဟု ကိုစိုးဝင်းက ဆက်ပြောသည်။
ဝပ်ဆိုင်းမွန်း ဘုန်းတော်ကြီးကျောင်းသည် ချင်းမိုင်မြို့ရှိ မြန်မာနိုင်ငံသားအများစုက ကိုးကွယ်သည့်ကျောင်းဖြစ်ပြီး မြန်မာ့ယဉ်ကျေး မှု ထုံးတမ်းစဉ်လာအရ ရိုးရာပွဲလမ်း အခမ်းအနားများ ပြုလုပ်ရန် အားထားရသော ကျောင်းလည်း ဖြစ်သည်
၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက် တွင် ပျံလွန်တော်မှုသွားသည့် နောက်ဆုံး ကျောင်းထိုင် ဆရာတော် ဦးအာသဘ (သက်တော် ၉၁နှစ်၊ ဝါတော် ၇၀)၏ နေရာတွင် ထိုင်း ဥပဒေအရ ထိုင်း သံဃာတော် တပါးကို အစားထိုး ခန့်အပ်ရန် ထိုင်း သာသနာရေး ဦးစီး ဌာနနှင့် ထိုင်း သံဃာတော်များက စီစဉ်နေခြင်း ဖြစ်သည်။
ပြီးခဲ့သည့်အပတ် တနင်္လာနေ့က ထိုင်း သာသနာရေးဦးစီးဌာနအပါအဝင် ထိုင်းလူမျိုးတချို့က ထိုင်းသံဃာများကို ကျောင်းအပ်ပွဲပြု လုပ်ရန် စီစဉ်မှုကြောင့် ကျောင်းဂေါပက အဖွဲ့နှင့် ချင်းမိုင်ရှိ မြန်မာ အသိုင်းအဝိုင်း က ကန့်ကွက်၍ အစီအစဉ်ပျက်ခဲ့သည်။
ပျံလွန်တော်မှုသွားသည့် ဆရာတော်ကြီး ဦးအာသဘသည် ၁၃၀၈ ခုနှစ်မှ စတင်၍ ၆၅ နှစ်ခန့် ဝပ်ဆိုင်းမွန်း ကျောင်းတွင် သတင်း သုံး နေထိုင်ခဲ့ကြောင်း ဆရာတော်၏ ထေရုပ္ပတ္တိတွင် ပါရှိသည်။
ဝပ် ဆိုင်းမွန်း ကျောင်း၌ ဆရာတော် ဦးဝရဓမ္မသည် ပထမဆုံး ကျောင်းထိုင်၍ ဦးဂန္ဓမာလာ၊ ဦးဘောဂဓမ္မ၊ ဦးဇိန၊ ဦးသာဒရ၊ ဦးတေ ဇောသိရီ၊ ဦးအာစိဏ္ဏ၊ ဦးပညာသာရ၊ ဦးဝဇီရိန္ဒနှင့် ယမန်နှစ်က ပျံလွန်တော်မူခဲ့သော ဦးအာသဘ အပါအဝင် ကျောင်းထိုင် ဆရာ တော် ၁၀ ဆက် သီတင်းသုံးခဲ့ကြကြောင်း ကျောင်း မှတ်တမ်း၌ ဖော်ပြထားသည်။
ထိုင်း ဥပဒေအရ ထိုင်းနိုင်ငံရှိ ဘုန်းကြီးကျောင်းများတွင် သီတင်းသုံးနေထိုင်လျက်ရှိသော မြန်မာ ကျောင်းထိုင် ဆရာတော်များ ပျံ လွန်တော်မူသွားပါက ထိုင်း သံဃာတော်များ ကျောင်းထိုင်ခွင့်ရှိသည်ဟု ပြဌာန်းထားကြောင်း၊ ထိုင်းနိုင်ငံ မြောက်ပိုင်း၌ လန်ပန်းမြို့ ရှိ မြန်မာဘုန်းကြီးကျောင်း တကျောင်းကိုသာ ထိုင်းအစိုးရက တရားဝင် သတ်မှတ်ထားကြောင်းလည်း သိရှိရသည်။
ယမန်နေ့ညပိုင်းက ဝပ် ဆိုင်းမွန်း ကျောင်း၌ ကျင်းပသည့်တရားပွဲတွင် သီတဂူ ဆရာတော် အရှင် ဉာဏိဿရက မြန်မာ ဘုန်းတော်ကြီးများ အဆက်ဆက် ကျောင်းထိုင်ခဲ့သည့် ဝပ် ဆိုင်းမွန်း မြန်မာ ဘုန်းကြီးကျောင်းကို မြန်မာ နိုင်ငံသားများ အနေနှင့် စနစ်တကျ သမိုင်းကြောင်းများ လေ့လာ၍ ညီညီ ညွတ်ညွတ် ထိန်းသိမ်း ဆောင်ရွက်သင့်ကြောင်း မိန့်ကြားခဲ့သည်။
“ယဉ်ကျေးမှု အမွေအနှစ်တွေကို စနစ်တကျ ကာကွယ်ပြီးတော့ ထိန်းသိမ်း စောင့်ရှောက်နိုင်ရင် လူမျိုးရဲ့ သမိုင်းဟာ ခိုင်လုံတယ်၊ ဒီလူမျိုး ဘယ်က ဆင်းသက်တယ် ဆိုတာကို ခိုင်ခိုင်လုံလုံ ပြောကြားနိုင်လိမ့်မယ်”ဟု အရှင် ဉာဏိဿရက မိန့်သည်။
ဝပ် ဆိုင်းမွန်း ကျောင်း ကိစ္စကို ဆရာတော်ကြီးများ အနေနှင့် လေးနက်စွာ မိန့်ကြား၍ လာရောက်အားပေးခြင်း ဖြစ်ကြောင်း၊ လိုအပ်သည့်အကြံ အဉာဏ်များ ပေးရန် အဆင်သင့် ရှိကြောင်းလည်း အရှင် ဉာဏိဿရက ဆိုသည်။