သတင်း

“ငြိမ်းချမ်းရေးနှင့် ညီညွှတ်ရေး” တရား သီတဂူ ဆရာတော် ဟောကြား

This article has been converted from Zawgyi One to Unicode

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ဝပ်ဆိုင်းမွန်း မြန်မာ ဘုန်းတော်ကြီး ကျောင်းတွင် ကမ္ဘာ့သာသနာပြု သီတဂူ ဆရာတော် အရှင်ဉာဏိဿရ က “ငြိမ်းချမ်းရေးနှင့် ညီညွှတ်ရေး”အမည်ရ တရားကို ယမန်နေ့ ညပိုင်းက ဟောကြားသွားသည်။

တရားပွဲတွင် ဆရာတော်က ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် အချင်းချင်း စည်းလုံးကြရန်နှင့် မြန်မာ့အမွေ အနှစ်များ ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ကြရန်၊ ထိုသို့လုပ်ဆောင်ရွာတွင် ငြိမ်းချမ်းသောနည်းလမ်းဖြင့် ညီညီညွှတ်ညွှတ် ဆောင်ရွက်ကြ ရန် မိန့်ကြားခဲ့သည်။

“ဆရာတော် ဟောသွားတာ စိတ်ဝင်စားပြီး နာကြားရတာ ကောင်းတယ်။ သူက ဘုရားလက်ထက်က အဖြစ်အပျက်တွေကို ဥပမာ ပေးပြီး ဟောသွားတယ်။ ပြီးတော့ မြန်မာနိုင်ငံသား အချင်းချင်း စည်းလုံးညီညွတ်ကြဖို့ အဓိက ပြောဆို ဆုံးမသွားတယ်။ ကျနော် လည်း ဒါ ပထမဆုံး ဒီဆရာတော်ရဲ့ တရားကို ကိုယ်တိုင်တွေ့ဆုံ နာကြားရတာလည်းဖြစ်လို့ ဟောပြောသွားတာတွေ စိတ်ဝင်စား တယ်”ဟု တရားနာ ပရိသတ် တဦးက ဧရာဝတီသို့ ပြောသည်။

တရားပွဲဖြစ်မြောက်ရေး စီစဉ်သူ မမီးမီးကလည်း“ဆရာတော်က ဘန်ကောက်ကို ကိစ္စတခုနဲ့ ကြွလာတာကို သိလို့ ကျမတို့ကလည်း ချင်းမိုင်မှာရှိတဲ့ မြန်မာ ပြည်သူပြည်သားတွေကို အားပေး ဆုံးမသြဝါဒ တရားပေးဖို့ ပင့်လိုက်တာပါ”ဟု ပြောသည်။

ဝပ် ဆိုင်းမွန်းကျောင်းတွင် သတင်းသုံးပြီး ယမန်နှစ်က ပျံလွန်တော်မူသွားပြီဖြစ်သော ဆရာတော် ဦးအာသဘ နေရာ၌ ထိုင်း သာသနာရေး ဦးစီးဌာနနှင့် ထိုင်း သံဃာများက ထိုင်း ကျောင်းထိုင် သံဃာ ထားရှိရန် စီစဉ်ရာတွင် ဂေါပက အဖွဲ့ဝင်များ အပါအဝင် မြန်မာနိုင်ငံသား ၁၅၀ ကျော်က ပြီးခဲ့သည် ဇူလိုင် ၉ ရက်နေ့က ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုမှုများ ပြုလုပ်သည်။

ယင်းသို့ ဖြစ်ပွားခဲ့သော ဝပ် ဆိုင်းမွန်း ကျောင်းသို့ ဆရာတော် အရှင်ဉာဏိဿရ က ကြွလာခဲ့ပြီး မြန်မာ ပရိသတ် ၃၀၀ ကျော်ကို တရား ဟောကြားခြင်း ဖြစ်သည်။

“အိမ်နီးနားချင်း ငြိမ်းငြိမ်းချမ်းချမ်းလည်း နေရမယ်၊ ညီညီညွတ်ညွတ်လည်း နေရမယ်၊ ပြီးတော့ ကိုယ့်လူမျိုးအချင်းချင်းလည်း ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ ညီညီညွတ်ညွတ်နေကြရမယ်”ဟု တရားပွဲတွင် ထည့်သွင်း မိန့်ကြားသည်။

ဝပ် ဆိုင်းမွန်း ကျောင်းအရေး နှင့် ပတ်သက်၍လည်း ဆရာတော် အရှင်ဉာဏိဿရက ပိုင်ဆိုင်ခြင်းထက် မြန်မာ့ ယဉ်ကျေးမှု အမွေအနှစ် ဖြစ်၍ ထိန်းသိမ်း စောင့်ရှောက်ရန် တာဝန်ရှိသည်ဟု မိန့်သည်။

“ဝပ်ဆိုင်းမွန်း ကိစ္စမှာလည်း ဘုန်းကြီးတို့က ကျောင်းပိုင်ဖို့ ပြောတာ မဟုတ်ဘူး အမွေအနှစ် ထိန်းဖို့ပြောတာ၊ ပိုင်ဆိုင်ခြင်း ကိုတော့ အလိုမရှိပါဘူး၊ ယဉ်ကျေးမှု အမွေအနှစ်ကိုတော့ ထိန်းရမယ်၊ မြန်မာ့အမွေအနှစ်မလို့ မြန်မာတွေမှာ တာဝန်ရှိတယ်၊ ဒါကိုတော့ ထိန်းသိမ်း စောင့်ရှောက်ကြရလိမ့်မယ်၊ အဲဒါလေးကို ဘုန်းကြီးကလာအားပေးတာ၊ တယောက်တပေါက်တော့ မလုပ်နဲ့”ဟု မိန့်သည်။

ဆရာတော်က မနာလို ဝန်တိုမှုနှင့် ခိုက်ရန်ပဋိပက္ခ ဖြစ်ပွားခြင်း၊ မာနထောင်လွှားခြင်း၏ အကျိုးမရှိပုံ၊ ကြားလူ ကောင်းစားသွားပုံ၊ ဉာဏ်ပညာ ဗဟုသုတနည်း၍ အတွေး အခေါ်လွဲချော်ပုံ စသည်တို့ကို ပုံဝတ္ထုများဖြင့် ဟောရာ၌ ခြင်္သေ၊ ဝက်ဝံ၊ ကဒေါင်း၊ ခွပ်ဒေါင်း တို့ဖြင့် ဥပမာပေး ဟောကြားသည်။

“ရန်ဖြစ်တယ်ဆိုလို့ရှိရင် ဒေါင်းကသလိုပဲတဲ့၊ ဒေါင်းများကရင် ရှေ့ကကြည့် သိပ်လှတာ၊ အမြီးလေးတွေများ စ၊ ထ၊ ဗ၊ ဝ တွေများ ပေါ်နေသလား ထင်ရတယ်၊ ကဒေါင်းကို နောက်ကမကြည့်ပါနဲ့၊ ငါသာလျင် မှန်တယ်ဟေ့၊ ငါအကောင်းဆုံးလို့ ပြောရင်းပြောရင်းနဲ့ နောက်က ဟိုဟာကြီး ပေါ်လာမယ်၊ အဲဒါကြောင့် ကဒေါင်းတော့ ဟန်မကျဘူး၊ ကိုယ့်မဟုတ်တာကြီး ဖော်ပြသလိုပဲ ခွပ်ဒေါင်း လေး ပဲ အဆင်ပြေပါတယ်”ဟု ဆရာတော်က မိန့်သည်။

မြန်မာနိုင်ငံတွင် စစ်ကိုင်းမြို့ လင်းဇင်းရပ်ကွက်တွင် ထိုင်းပန်းပုလက်ရာများနှင့် စေတီပုထိုးများကို မွမ်းမံတည်ဆောက် ထားသည့် ယွန်းကျောင်း ဟုခေါ်သော ထိုင်းဘုန်းကြီးကျောင်းတွင် ထိုင်းသံဃာတော်များ လွတ်လပ်စွာသတင်းသုံးခွင့်ရှိကြောင်း၊ ထို့အတူ မြန်မာနိုင်ငံ၏ တချို့နေရာများတွင်လည်း ထိုင်းအမွေအနှစ်များ ထိန်းသိမ်းထားဆဲ ဖြစ်ကြောင်း ဆရာတော်က မိန့်သည်။

ယခင်က ဘန်ကောက်မြို့တွင် မွန်လူမျိုးတို့ ကိုးကွယ်တည်ဆောက် ထားခဲ့သော မွန် ပန်းပု၊ ပန်းချီ လက်ရာများဖြင့် တည်ဆောက် ထားသော ဝပ်ဒွန်း ကျောင်းတိုက်၊ ထိုင်းနိုင်ငံမြောက်ပိုင်း လမ်းပန်း မြို့ရှိ ဝပ်ဆီချုံး ကျောင်းများသည်လည်း ထင်ရှားခဲ့သည်။ သို့သော်လည်း မီးလောင်မှုဖြစ်ပြီး ဆုံးရှုံးခဲ့ရသည်ဟု ဆိုသည်။

ယခု ဝပ် ဆိုင်းမွန်း ကျောင်းကိုလည်း ယင်းသို့ မဖြစ်စေရန် ဂရုစိုက်ရန်လိုကြောင်း သတိပေးသွားသည်။

ဝပ်ဆိုင်းမွန်း ကျောင်းနှင့်ပတ်သက်၍လည်း“နှစ် ၄၀၀ ကျော်က မြန်မာ့ အမွေအနှစ်ဆိုတဲ့ ဆင်ဖြူရှင်မင်းတရားကြီး ဘုရင်နောင်ရဲ့ စစ်သည်တော်တွေ ဆောက်ထားခဲ့တဲ့ ဒီကျောင်းတိုက်ကြီးထဲမှာ ဘုန်းကြီးတို့က ငြိမ်းငြိမ်းချမ်းချမ်း ညီညီ ညွတ်ညွတ်နဲ့ အမွေအနှစ် တွေကို ထိန်းဖို့ ဗုဒ္ဓ လက်ထက်က နည်းများကို ဒီမှာ တစေ့တစောင်း လာပြောပြပါတယ်”ဟု တရားပွဲအတွင်း ထည့်သွင်း မိန့်ကြားသည်။

ဝပ်ဆိုင်းမွန်း ဘုန်းတော်ကြီးကျောင်းသည် ချင်းမိုင်မြို့ရှိ မြန်မာနိုင်ငံသား အများစုက ကိုးကွယ်သည့်ကျောင်း ဖြစ်ပြီး မြန်မာ့ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာအရ ရိုးရာပွဲလမ်း အခမ်းအနားများ ပြုလုပ်ရန် အားထားရသော ကျောင်းလည်း ဖြစ်သည်။

မြန်မာဘုန်းကြီးကျောင်းများကို ကိုးကွယ်သူ မြန်မာနိုင်ငံသားများကို ဘာသာစကားတူသော သံဃာတော်များ တရားပေးခြင်း သာလျင် ပိုမိုကောင်းမွန်ပြီး ထိုကျောင်းများတွင် ထိုင်းသံဃာတော်များ သတင်းသုံးရန်ထားရှိပါက မြန်မာနိုင်ငံသားများအတွက် တရားပေးခြင်းနှင့် အလှူအတန်းပြုလုပ်ရန်အတွက် အခက်အခဲများ ကြုံတွေ့လာနိုင်ကြောင်း မဲဆောက်မြို့တွင် သတင်းသုံး
နေထိုင်သော ဆရာတော ဦးစန္ဒောဘာသကလည်း မိန့်သည်။

“တရားပေးတဲ့အခါ သူ့စကားကိုယ် နားမလည်၊ ကိုယ့်စကား သူနားမလည်ပေါ့၊ မြန်မာ သံဃာတွေ လာရင် တည်းခိုဖို့လည်း အခက် အခဲတွေဖြစ်လာနိုင်တယ်၊ ရွှေ့ပြောင်းမြန်မာတွေအတွက်လည်း အလှူအတန်းလုပ်ဖို့ အခက်တွေ့လာနိုင်တာပေါ့”ဟု မိန့်ကြားသည်။
၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်တွင် ပျံလွန်တော်မှုသွားသည့် ဝပ်ဆိုင်းမွန်း နောက်ဆုံး ကျောင်းထိုင် ဆရာတော် ဦးအာသဘ (သက်တော် ၉၁နှစ်၊ ဝါတော် ၇၀)၏ နေရာတွင် ထိုင်း ဥပဒေ အရ ထိုင်း သံဃာတော် တပါးကို အစားထိုး ခန့်အပ်ရန် ထိုင်း သာသနာရေး ဦးစီးဌာနနှင့် ထိုင်း သံဃာတော်များက စီစဉ်နေကြသည်။

ဆရာတော်ကြီး ဦးအာသဘသည် ၁၃၀၈ ခုနှစ်မှ စတင်၍ ၆၅ နှစ်ခန့် ဝပ်ဆိုင်းမွန်း ကျောင်းတွင် သတင်းသုံး နေထိုင်ခဲ့ကြောင်း ဆရာတော်၏ ထေရုပ္ပတ္တိတွင် ပါရှိသည်။

ဝပ်ဆိုင်းမွန်း မြန်မာဘုန်းကြီးကျောင်းကို သာသနာတော် သက္ကရစ် ၂၁၀၁ ခုနှစ်တွင် ဇင်းမယ်မြို့ မြန်မာမင်းများ အုပ်ချုပ်စဉ်က စ တင် တည်ထောင်ခဲ့ပြီး ထိုစဉ်ကစ၍ ယခုနောက်ဆုံး ပျံလွန်တော်မူသွားခဲ့သော ဆရာတော် ဦးအာသဘ လက်ထက်အထိ ကျောင်း ထိုင် ဆရာတော် ၁၀ ဆက်ရှိခဲ့ပြီဖြစ်ကြောင်း ကျောင်း၏ မှတ်တမ်း အရ သိရသည်။

Loading