ရခိုင်ပြည်နယ် အဓိကရုဏ်းတွေအပြီး ဒီလဆန်းကစပြီး မောင်တောခရိုင်မှာ ဆန်ဈေးနဲ့ တခြားကုန်ပစ္စည်းတွေပါ ဈေးတက်လာတယ်လို့ သိရပါတယ်။

အဓိကရုဏ်းတွေ ပြီးသွားပေမယ့် လုံခြုံရေး စိတ်ချရမှု မရှိသေးလို့ စစ်တွေဘက်က ပစ္စည်းတွေ အဝင်နည်းနေတာကြောင့် မောင်တောခရိုင်မှာ အခုလို ဆန်နဲ့ တခြားကုန်ပစ္စည်းဈေးတွေ တက်လာတာဖြစ်ကြောင်း မောင်တောမြို့ ၄ မိုင်ရပ်ကွက်မှ ဒေသခံ ကိုကျော်က ပြောပါတယ်။
“မိုးရာသီဖြစ်ပေမယ့် တံတားပျက်တာတို့၊ ဘာတို့မရှိဘူး။ စစ်တွေဘက်က မဆင်းဘူးလေ။ အဆင်းနည်းတယ်။ ဆန်ဈေးကတော့ အခု နည်းနည်းတက်နေတယ်။ ပြဿနာ မဖြစ်ခင်ကတော့ (ဆန်တအိတ်ကို) ၁၂၀၀၀၊ ၁၃၀၀၀ လောက်ပဲရှိတယ်။ အခုက ဘူးသီးတောင်မှာ ၁၅၀၀၀၊ ၂၀၀၀၀ ဖြစ်နေပါတယ်။ မောင်တောကို ရောက်တဲ့အခါ အခုဆို ၂၃၀၀၀ ပတ်ဝန်းကျင်လောက် ဖြစ်တယ်။ အဲဒါကြောင့် ဆန်ဈေးက တက်လာတယ်။ တခြားကုန်ပစ္စည်းတွေလည်း တက်ကြတယ်။ ဥပမာဗျာ ခြငေ်္သသုံးကောင် ဆေးလိပ် ၁၀၀ ထုတ်ကိုဆိုရင် ၁၅၀၀၊ ၁၆၀၀ လောက်ရှိတယ်။ အရင်တုန်းကတော့ ၁၀၀၀ ပတ်ဝန်းကျင်ပဲရှိတယ်” လို့ ကိုကျော်က ဆိုပါတယ်။
စစ်တွေမြို့ဘက်မှ ဆန်တင်ပို့မှု နည်းတဲ့အတွက် အိမ်နီးနားချင်းဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်ဘက်က ဆန်တွေဟာ မောင်တောကို တရားမဝင်လမ်းကြောင်းက တင်ပို့နေကြောင်း၊ နှစ်နိုင်ငံ နယ်စပ်လမ်းကြောင်းတွေ တရားဝင်ဖွင့်လှစ်ခြင်း မရှိပေမယ့် ဘင်္ဂလာဒေ့ချ် နယ်ခြားစောင့်တပ် (BGB) အနေနဲ့ တရားမဝင်လမ်းကြောင်းကိုတော့ ဒီလ ဒုတိယပတ်လောက်က စပြီး သွားလာခွင့် ပြုထားကြောင်း သိရပါတယ်။
ဆန်လုပ်ငန်း အသိုင်းအဝိုင်းမှ တာ့ခ်ခနာမြို့ခံတဦးက “ဒီဘက်မှာ ဆန်တအိတ်ကို ဘင်္ဂလာဒေ့ရှ်ငွေ တာကာ ၂၀၀ စီ (၁ တာကာလျှင် ၉ ကျပ်ကျော်) ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်ကို ပေးရတယ်။ ဟိုဘက်ကို ရောက်ရင် မြန်မာငွေ ကျပ် ၃၀၀၀၀ စီနဲ့ ရောင်းရတယ်တဲ့။ ဟိုဘက်က လှေနဲ့လာယူကြတယ်။ ဒီဘက်က ချပေးကြတယ်။ မြန်မာဘက်ကို ရောက်ရင် မြန်မာ နယ်ခြားစောင့်တပ်ကို တာကာငွေ ၁၀၀ စီပေးရတယ်။ နယ်ရွာတွေကနေ မောင်တောကို ရောက်ဖို့ လမ်းမှာရှိတဲ့ဂိတ်တွေမှာ တအိတ်ကို တာကာငွေ ၅၀ စီပေးရတယ်” လို့ ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်ဘက်မှာ ရိုးရိုးဆန်တအိတ်ကို ပေါက်ဈေး တာကာ ၁၅၀၀ (ကျပ် ၁၃၅၀၀ ကျော်) ရှိပါတယ်။
ကူညီကယ်ဆယ်ရေး အဖွဲ့များကပေးတဲ့ ထောက်ပံ့ရေး ဆန်မှအပေ တခြားဆန်များ မောင်တောသို့ ဝင်ရောက်လာခြင်း မရှိကြောင်းလည်း သိရပါတယ်။
မောင်တောမြို့ရဲ့ အခြေအနေကတော့ ရဲနဲ့စစ်တပ်က ကားနဲ့ ပုံမှန်ကင်းလှည့်ပြီး လုံခြုံရေးတင်းကြပ်နေရဆဲဖြစ်ကြောင်း၊ မောင်တောဈေးကြီး မဖွင့်လှစ်နိုင်သေးပေမယ့် မောင်တောနာရီစင်နဲ့ ရဲစခန်း အနီးတဝိုက်က ဈေးဆိုင်တွေ ပြန်လည် ဖွင့်လှစ် ရောင်းချနေတာကို တွေ့ရကြောင်း ဒေသခံတွေ အဆိုအရ သိရပါတယ်။
အခုလို ဆန်ဈေးနဲ့ တခြားကုန်ဈေးနှုန်းတွေ တက်တဲ့ဒဏ်ကို မောင်တောခရိုင်ထဲက မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်ထဲက ပြည်သူတွေ ခံစားနေရတယ်လို့ သိရပါတယ်။