သတင်း

ပုဒ်မ ၅ (ည) ဖျက်သိမ်းရေး အခြေအတင် ဆွေးနွေး

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

အရေးပေါ် စီမံမူ အက်ဥပဒေ ပုဒ်မ ၅ (ည) ကို ဖျက်သိမ်းရေး အဆိုအား ပြည်သူ့လွှတ်တော်တွင် တင်သွင်းခွင့် ပြုလိုက်ပြီး ယမန်နေ့က အခြေအတင် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

ပည်သူ့လွှတ်တော် (ဓာတ်ပုံ – Reuters)
ပည်သူ့လွှတ်တော် (ဓာတ်ပုံ – Reuters)

အမျိုးသား ဒီမိုကရေစီသစ်ပါတီမှ သင်္ကန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က အဆိုပါ ဥပဒေသည် ကိုလိုနီခေတ်ကတည်းက ချမှတ်ထားခဲ့သော ဥပဒေအပေါ် အခြေခံခဲ့ခြင်းဖြစ်ပြီး လက်ရှိ ဒီမိုကရေစီစနစ်တွင် မရှိသင့်တော့ကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကိုလည်း အဆိုပါ ဥပဒေက အဟန့်အတား ဖြစ်နေသည့်အတွက် ဖျက်သိမ်းပေးရန် လိုအပ်ကြောင်း အဆိုတင်သွင်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပုဒ်မ ၅ (ည) သည် မြန်မာနိုင်ငံတွင် စစ်အစိုးရ အဆက်ဆက် နိုင်ငံရေးလှုပ်ရှားသူများကို ဖမ်းဆီးအရေးယူ ထိမ်းသိမ်းရာတွင် အသုံးပြုသည့် ဥပဒဒေ ပုဒ်မများထဲမှ တခုဖြစ်သည်။

၁၉၅၀ ပြည့်နှစ် အရေးပေါ် အက်ဥပဒေ အမှတ် ၁၇/၅၀ လက်အောင်ခံ ပုဒ်မ ၅၊ အပိုဒ်ခွဲ ပုဒ်မ ၅ (င)၊ ၅ (ည) တို့ကို ဖျက်သိမ်းပေးရန် အဆိုတင်သွင်းခဲ့မှုကို ပြည်သူ့ လွှတ်တော်တွင် ဆက်လက်ဆွေးနွေးရန် ပြည်သူ့ လွှတ်တော် ဥက္ကဌ ဦးရွှေမန်းက ယမန်နေ့က အတည်ပြုခဲ့ကြောင်း သိရသည်။

“အရေးပေါ် အက်ဥပဒေ ၁၇/၅၀ ကို ပြင်ဆင်သည့် ဥပဒေကို သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးဌာနက လက်ခံ ဆွေးနွေးရန် သဘောတူတဲ့အတွက် ဤအဆိုပြု ဥပဒေကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီသို့ လွှဲမည်ဖြစ်ကြောင်း ကြေညာပါတယ်” ဟု ပြည်သူလွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ကြေညာသည်။

ရှမ်းအမျိုးသားများ ဒီမိုကရက်တစ်ပါတီမှ ကွမ်ဟိန်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်နန်းဝါနုကလည်း အဆိုပါ ဥပဒေကြောင့် လက်နက်ကိုင်သူပုန်များထက် ဒေသခံရွာသားများကို ဖမ်းဆီး အပြစ်ပေးမှုများရှိကြောင်း ဆွေးနွေးခဲ့သည်။

သို့သော် ပြည်ထဲရေး ဒု ဝန်ကြီး ဦးကျော်ဇံမြင့်က ယခုအဆိုသည် အဆိုပါ ဥပဒေပါ အချက်အလက်တချို့သည် ယခု လတ်တလော တိုင်းရင်းသားဒေသများတွင် ကိုက်ညီနေသေးသည့်အတွက် ဥပဒေတခုလုံး ဖျက်သိမ်းရန် မသင့်သေးကြောင်း ထောက်ပြပြီး တချို့သော နိုင်ငံရေးပါတီ ကိုယ်စားလှယ်များကလည်း အလားတူ လုံး၀ ဖျက်သိမ်းရန် မသင့်သေးကြောင်း ဆွေးနွေးခဲ့ကြသည်။

ဦးသိန်းညွှွန့်ကလည်း ပုဒ်မ ၅ (ည) တခုလုံးကို ပယ်ဖျက်ရန် တင်သွင်းခဲ့ခြင်း မဟုတ်ကြောင်း၊ စာနယ်ဇင်းသမားများနှင့် နိုင်ငံရေး လှုပ်ရှားသူများကို မတရားဖမ်းဆီးသည့်နေရာတွင် အသုံးပြုနေသော ပုဒ်မ ၅ (င) နှင့် ၅ (ည) ကိုသာ ပယ်ဖျက် ပေးရန် အဆိုပြုခြင်းဖြစ်ကြောင်း ပြန်လည် ဆွေးနွေးသည်။

“၁၉၅၀ အရေးပေါ်စီမံမှု အက်ဥပဒေ ပုဒ်မ ၅ တွင် ပုဒ်မခွဲ များစွာရှိပြီး အများပြည်သူအား အထိတ်တလန့် ဖြစ်စေရန် ကြံရွယ်၍ တစ်ခုခုလုပ်လျှင် သို့တည်းမဟုတ် အဆိုပါ ကိစ္စနှင့်ပတ်သက်လျှင်၊ လုံခြုံရေးနှင့် ငြိမ်ဝပ်ပိပြားမှုကို ထိခိုက်လျှင်ဖြစ်စေ စသည့် အကြောင်းများဖြင့် ပြစ်မှုထင်ရှားလျှင် ထောင်ဒဏ် ၇ နှစ် အထိ ချမှတ်နိုင်သည်ဟု ပြဌာန်းထားသည်။

အဆိုတင်သွင်းမှုနှင့်ပတ်သက်၍ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက လွှတ်တော်တွင် ယခုကဲ့သို့ ပုဒ်မ ၅ (ည) ပယ်ဖျက်ပေးရန် တင်သွင်းဆွေးနွေးမှုကို လက်ခံလိုက်သည့်အတွက် ပြောင်းလဲမှုတခု၊ ထူးခြားမှု တခုဟု မြင်ကြောင်း ဧရာဝတီကို ပြောသည်။

၁၉၅၀ ပြည့်နှစ်က တနိုင်ငံလုံးတွင် လက်နက်ကိုင် လှုပ်ရှားမှုများဖြင့် ရှုပ်ထွေးနေသည့် ကာလဖြစ်သောကြောင့် ပုံမှန် ပြစ်မှုဆိုင်ရာ ဥပဒေများကို ကျင့်သုံးရန် အခက်အခဲရှိသည့်အတွက် အဆိုပါ အရေးပေါ် စီမံမှုဥပဒေကို ချမှတ်ခဲ့ခြင်းဖြစ်ပြီး နှစ်ပေါင်း ၆၀ ကျော်ကြာ ယခုအထိ ကျင့်သုံးနေခြင်းသည် တိုင်းပြည် ဂုဏ်သိက္ခာထိခိုက်ကြောင်း ၎င်းက ဆက်ပြောသည်။

“အခုချိန်အထိ ဒီဥပဒေကို နှစ်ပေါင်း ၆၀ ကျော်ကြာ ကျင့်သုံးနေတာကြောင့် နိုင်ငံတော်ဟာ တည်ငြိမ်မှုမရှိဘူး၊ အရေးပေါ် အခြေအနေအောက်မှာ ရှိနေဆဲလို့ ပေါ်လွင်စေတဲ့ သဘောဖြစ်နေတယ်။ ဒါက နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာကို အကြီးအကျယ် ထိခိုက်တယ်လို့ မြင်တယ်” ဟု ဦးကိုကိုကြီးက ပြောသည်။

မကြာသေးမီက ရှေ့နေများ ကွန်ရက်တွင် နိုင်ငံတော်၊ နိုင်ငံသားများ၏ ဂုဏ်သိက္ခာနှင့် တရားဥပဒေ စိုးမိုးရေး အမည်ရစာတမ်း တင်ခဲ့ရာတွင် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ ဂုဏ်သိက္ခာကို ထိခိုက်နေသည့်  ဥပဒေများအားလုံးကို ပယ်ဖျက်၊ ပြုပြင်ရန် ထောက်ပြ ဝေဖန်ထားကြောင်း၊ ၎င်းစာတမ်းကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်း ဦးဆောင်သော လွှတ်တော်ရေးရာ ကော်မတီများနှင့် တွေ့ဆုံရာတွင်လည်း ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။

ပုဒ်မ ၅ တွင် ပုဒ်မခွဲများစွာရှိသည့်အနက် ပုဒ်မ ၅ (ည) ကိုသာ ယခု လွှတ်တော်က ပယ်ဖျက်ရန် လုပ်ဆောင်ခြင်းဟု နားလည်ကြောင်းလည်း ဦးကိုကိုကြီးက ဆိုသည်။

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်က သူ့အနေဖြင့် ဥပဒေသမား မဟုတ်သော်လည်း ယခုကိစ္စကို လွှတ်တော်တွင် ယခုထက် ပိုပြီး အချိန်ယူကာ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသင့်ကြောင်း၊ ယခု ပုဒ်မ ၅ (ည) ကို ပယ်ဖျက်သော်လည်း တခြား မလျှော်ညီသည့် ပုဒ်မများအပြင် ဥပဒေပြင်ပ နည်းများနှင့်ပါ နိုင်ငံရေး လှုပ်ရှားသူများကို ဖမ်းဆည်းသည့် အလေ့ရှိကြောင်း၊ တရားဥပဒေကို အာဏာပိုင်များကိုယ်တိုင် လေးစားလိုက်နာသင့်ကြောင်း ပြောသည်။

“နိုင်ငံရေးအကျဉ်းသားဆိုတာ ဘာလဲ၊ နိုင်ငံရေးနဲ့ပတ်သက်ပြီး ဘယ်လို ဥပဒေ ပုဒ်မတွေနဲ့  ဖမ်းဆီးထိမ်းသိမ်းသင့်တယ် ဆိုတာမျိုးကို သေသေချာချာ ချမှတ်သင့်တယ်။ ပုဒ်မ ၅ အောက်မှာ ပုဒ်မခွဲတွေ အများကြီး ရှိသေးတယ်”ဟု ၎င်းက ဆိုသည်။

နိုင်ငံရေးအကျဉ်းသားကို နိုင်ငံရေးအကျဉ်းသားအဖြစ် အသိအမှတ်ပြုရန် အရေးကြီးပြီး သတ်မှတ်ချက် တိတိကျကျ လိုအပ်ကြောင်း၊ ထို့အပြင် နိုင်ငံရေး အကျဉ်းသားများကို မတရား ညှဉ်းပန်းနှိပ်စက်မှု ကျူးလွန်ခဲ့သူများကိုလည်း အရေးယူ အပြစ်ပေးနိုင်ရန် ပိုမိုတိုးမြင့်ဆောင်ရွက်သင့်ကြောင်း ကိုဘိုကြည်က ဆက်ပြောသည်။

ယခုနောက်ပိုင်းတွင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများကို ၂၀၀၄ အီလက်ထရောနစ် ၃၃ (က)၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ ပုဒ်မများဖြင့် ဖမ်းဆီး အရေးယူထောင်ချမှုများ ယခုအထိ ရှိနေကြောင်း ဥပမာအဖြစ် ထောက်ပြသည်။

ပုဒ်မ ၅ နှင့်ပတ်သက်၍ ထောင်ဒဏ်ကို အဆင့်ဆင့် ပြင်ဆင် ပြောင်းလဲသတ်မှှတ်ခဲ့ရာ ယခင် စစ်အစိုးရ လက်ထက် နောက်ဆုံး ပြင်ဆင်မှုအရ ပြစ်မှု ထင်ရှားလျှင် ထောင်ဒဏ် ၇ နှစ်မှ တသက်တကျွန်းအထိ ချမှတ်နိုင်ကြောင်း ပြင်ဆင်ခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading