အာဇာနည်နေ့ အခမ်းအနားသို့ ၈၈ က သဝဏ်လွှာ ပို့
This article has been converted from Zawgyi One to Unicode
ယနေ့ ကျရောက်သော ၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ ၈၈ မျိုးဆက်ကျောင်းသားများက သဝဏ်လွှာ ပေးပိ့ုကြောင်း သတင်းရရှိသည်။ အဆိုပါ သဝဏ်လွှာတွင် “အာဏာရှင် သေလျှင် မင်းဆိုးမင်းညစ်စနစ် အဆုံးသတ်ပြီး အာဇာနည်ကျဆုံးလျှင် ယင်းအာဇာနည်၏ သြဇာတန်ခိုး စတင်သည်” ဟု အစချီကာ သဝဏ်လွှာကို အစချီထားသည်။ အာဇာနည်များသည် ကိုယ်ကျိုး စီးပွားကိုလည်း ဂရုမစိုက်၊ အသက်အိုးအိမ် စည်းစိမ်ကိုလည်း အများပြည်သူတို့ အတွက်သာ ဦးထိပ်ထား စွန့်လွှတ်သူများသာဖြစ်ကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံတော်ဟူ၍ ကမ္ဘာ့မြေပုံပေါ် ပြန်လည်မွေးဖွားနိုင်ရန် ကြိုးစားအားထုတ်ပေးခဲ့သူများ ဖြစ်ကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။ အာဇာနည်ခေါင်းဆောင်ကြီး များ၏ အမြော်အမြင် ကြီးမားမှုကြောင့် ပြည်ထောင်စုစနစ်၊ ပါတီစုံ ဒီမိုကရေစီအခြေခံများကို ချမှတ်နိုင်ခဲ့သော်လည်း ပြည်တွင်းစစ်အနိဋ္ဌာရုံများ၊ အာဏာရှင်စနစ် ကြီးစိုးခဲ့မှုများကြောင့် အကောင်အထည် မပေါ်နိုင်ခဲ့ကြောင်း၊ ယနေ့နိုင်ငံ ပြုပြင်ပြောင်းလဲရေးကာလတွင် တိုင်းရင်သားအင်အားစု အားလုံး၊ အမျိုးသား အင်အားစု အားလုံး စုစည်းညီညွှတ်စွာဖြင့် အာဇာနည် ခေါင်းဆောင်ကြီးများ ရည်မှန်းထားချက်များကို လေးစားလိုက်နာကြရန် ဆန္ဒပြု တိုက်တွန်းထားသည်။