အသက် ၁၆ နှစ်အရွယ်က မြန်မာစစ်တပ်တွင်းသို့ အဓမ္မ ရောင်းစားခံခဲ့ရသည့် လူငယ်တဦး ၎င်းတပ်တွင်းမှ ပြန်လည် ထွက်ပြေး လွတ်မြောက်လာခဲ့ကြောင်း စုံစမ်း သိရှိရသည်။
မောင်ရဲမင်းဦး အမည်ရှိ အဆိုပါ လူငယ်သည် လွန်ခဲ့သည့် ၁ လခန့်မှ စတင်ပြီး ၎င်း တာဝန်ထမ်းဆောင်နေသည့် မိုင်းဖြတ်မြို့ ခမရ ၅၇၀ မှ ထွက်ပြေး လာခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းတပ်တွင် အသက် ၁၆ နှစ်အရွယ်မှ စတင်၍ ၄ နှစ်ကြာ တာဝန် ထမ်းဆောင် ခဲ့သော်လည်း မိသားစုများနှင့် ဆက်သွယ်ခွင့် မပေးခဲ့ကြောင်း ဧရာဝတီကို ပြောသည်။
‘‘ကျနော့်အသက် ၁၆ နှစ်မှာ ဗိုလ်ကျော်ဆိုတဲ့လူက အလုပ်ပေးမယ်၊ လစာလည်း ရမယ်ဆိုလို့ သူခေါ်တဲ့နေရာကို လိုက်လာ ခဲ့တာပါ။ ကျိုင်းတုံမြို့ကို ရောက်တော့ စစ်တပ်ဝန်းထဲမှာ နေရတယ်။ ပထမ ၂ လက ကျိုင်းတုံမြို့ ဘုန်းကြီးကျောင်းမှာ ပန်းရန် လုပ်ရတယ်။ နောက်တော့ ဗိုလ်ကျော်က ကျနော့်ကို မင်းစစ်သားဖြစ်ပြီ၊ စစ်သင်တန်း တက်ရမယ်လို့ ပြောတယ်။ ကျနော်က ငြင်းတော့ ဖမ်းမယ်ဆီးမယ်တွေ လုပ်ပါတယ်” ဟု ၎င်းက ဆိုသည်။
မောင်ရဲမင်းဦးကို အလုပ်ပေးမည်ဟု လိမ်ညာ ခေါ်ဆောင်လာသည့် ဗိုလ်ကျော်မှာ ကျိုင်းတုံ စစ်တပ်မှ တပ်သားစုဆောင်းသူ ဖြစ်သည်။ စစ်တပ်ထဲတွင် စစ်သားစုဆောင်း သူများမှာ တပ်သားသစ် တဦးအတွက် ကျပ်သုံးသိန်း ရရှိပြီး ရာထူးများလည်း တက်သည့်အတွက် မှန်ကန်မှုမရှိသည့် နည်းလမ်းများကို အသုံးပြု၍ စုဆောင်းခြင်းများ ရှိကြောင်း သိရသည်။
‘‘စစ်တပ်မှာ တပ်ရင်းမှူး၊ တပ်မမှူးတွေကို အထက်က တလကို စစ်သားဘယ်လောက် ရှာပေးရမယ်ဆိုပြီး ခိုင်းတာတွေ ရှိတယ်။ အရွယ်ရှိတဲ့ လူတွေက စစ်တပ်ထဲ မဝင်တော့ အသက်မပြည့်တဲ့ ကလေးတွေကို မသမာတဲ့ နည်းတွေနဲ့ လိမ်ညာပြီး တပ်ထဲ သွင်းတာတွေ ရှိလာတာပါ” ဟု အမည်မဖော်လိုသူ တပ်မတော် အရာရှိတဦးက ဆိုသည်။
မိုင်းဖြတ်စစ်တပ်မှ ထွက်ပြေးလွတ်မြောက်လာသည့် မောင်ရဲမင်းဦး၏ ကိုယ်ပိုင်အမှတ်မှာ ထ၄၂၃၀၇၃ ဖြစ်ပြီး တပ်သားအဆင့် တာဝန် ထမ်းဆောင်ခဲ့ရသည်၊ အဖအမည် ဦးစိုးသင်းဖြစ်ကာ မွေးချင်း ၉ ဦးတွင် အကြီးဆုံး သားဖြစ်သည်။
မောင်ရဲမင်းဦးသည် စက်တင်ဘာ ၃၀ ရက် ၁၉၉၂ ခုနှစ်တွင် မွေးဖွားသူဖြစ်ပြီး မှတ်ပုံတင် မရှိသေးပေ။ အသက် ၁၆ နှစ် အရွယ်တွင် ကျိုင်းတုံ အစလ (၄) ဆက်သွယ်ရေး တပ်ရင်းတွင် အရောင်းအစားခံခဲ့ရပြီးနောက် ကျိုင်းတုံမြို့ တိုင်းဗဟို စစ်တပ်တွင် စစ်သင်တန်း ၄ လ တက်ခဲ့ရကြောင်း ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းဖြတ်မြို့ တပ်ရင်း ၅၇၀ တွင် တာဝန် ထမ်းဆောင်ခဲ့ရကြောင်း မောင်ရဲမင်းဦးက ရှင်းပြသည်။
ကျိုင်းတုံမြို့တွင် ဖမ်းဆီးထောင်ချ ခံရမည်ကို စိုးသောကြောင့် ၎င်း၏ စိတ်ဆန္ဒမပါဘဲ စစ်တပ်ထဲသို့ ဝင်ရောက် အမှုထမ်းခဲ့ရခြင်း ဖြစ်ကြောင်း သူက ဆိုသည်။
တာဝန်ထမ်းဆောင်ချိန် အတွင်း လစာကျပ် ၄ သောင်း ၁ ထောင်နှင့် ဆန်လေးပြည် ရကြောင်း၊ သို့သော် လစဉ် အာမခံကြေး၊ ဘဏ်စုငွေ၊ တပ်ခွဲရန်ပုံငွေ အစရှိသည့် ကောက်ခံမှုများကြောင့် တလလျှင် ကျပ် ၂ သောင်းသာ လက်ထဲ ရောက်ကြောင်း ၎င်းက ဆက်ပြောသည်။
မောင်ရဲမင်းဦးသည် အသက် ၁၈ နှစ်မပြည့်မီ ရှေ့တန်းထွက်ခဲ့ရကြောင်း၊ စစ်မတိုက် ခဲ့ရသော်လည်း ရှေ့တန်းထွက်ကာ ရှင်းလင်းရေးများ လုပ်ဆောင်ခဲ့ရသည့် အတွက် ထောင်ထားသည့် ဗုံးဆံ ထိမှန်ကာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
၎င်း စစ်တပ်မှ ထွက်ပြေး လွတ်မြောက်လာပြီး တပ်ထဲ ပြန်မဝင်လိုသည့် အတွက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) ကို တိုင်ကြားထားပြီး ဖြစ်သည်ဟု မောင်ရဲမင်းဦးက ဆိုသည်။
ILO ဘက်က အရွယ်မရောက်မီ တပ်မတော်တွင်း စုဆောင်းခံရမှု အပေါ် မောင်ရဲမင်းဦး၏ တိုင်ကြားမှုနှင့် ပတ်သက်ပြီး ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရနှင့် ILO တို့၏ စုံစမ်း စစ်ဆေးမှု ခံယူနေချိန်အတွင်း စစ်ပြေးမှုဖြင့် ဥပဒေမပြုရဟု သက်ဆိုင်ရာ စစ်တပ်ကို မေလ ၄ ရက်နေ့က အကြောင်းကြားထားပြီး ဖြစ်ကြောင်း သိရသည်။
အကြောင်းကြားချက်ကို လိုက်နာမှုမရှိဘဲ ကာယကံရှင်နှင့် မိသားစုကို တစုံတရာ ခြိမ်းခြောက်မှုများနှင့် နှောင့်ယှက် ဖျက်ဆီးမှုများ ပြုလုပ်လာပါက သီးခြားပြစ်မှု ကျူးလွန်သူအဖြစ် ပြုလုပ်သူကို ဥပဒေကြောင်းအရ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ILO က သက်ဆိုင်ရာ တပ်ကို အသိပေးထားသည်။
ILO က သက်ဆိုင်ရာ တပ်ကို အကြောင်းထားပြီး ဖြစ်သော်လည်း မောင်ရဲမင်းဦး နေထိုင်ရာ မိသားစု နေအိမ်သို့ စစ်တပ်က ၄ ကြိမ်တိုင်တိုင် လာရောက် ခြိမ်းခြောက်မှုများ ပြုလုပ်လျှက် ရှိနေကြောင်း မောင်ရဲမင်းဦး၏ မိခင် ဒေါ်နီနီစန်းက ဧရာဝတီကို ပြောသည်။
‘‘သူတို့က ကလေးကို တွေ့ချင်တယ်လို့ ပြောပါတယ်။ ကလေးကို တွေ့ခွင့်မရရင် စစ်ပြေးမှုနဲ့ ရဲကို ဖမ်းခိုင်းမယ်လို့ ကျမတို့ကို ခြိမ်းခြောက် ပြောဆိုပါတယ်။ အဲဒီလို လာလာပြီး ပြောနေတာ ၄ ကြိမ်ရှိပါပြီ” ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံတွင် ကလေးစစ်သား အသုံးပြုမှု ပပျောက်ရေးအတွက် ကုလသမဂ္ဂနှင့် မြန်မာအစိုးရတို့ နားလည်မှု ရယူကာ ဇွန်လ ၂၇ ရက်နေ့က နေပြည်တော်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။