ကချင်ဒေသတွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီး အပစ်ရပ်ရန် ကိစ္စ နှောင့်နှေးခက်ခဲ နေရခြင်းမှာ အများထင်ကြေး ပေးသကဲ့သို့ တရုတ်သြဇာ သက်ရောက်မှုကြောင့် မဟုတ်ကြောင်း ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်က ဧရာဝတီသို့ ပြောသည်။
ရခိုင်ပြည်နယ် ကျောက်ဖြူ ဒေသနှင့် တရုတ်နိုင်ငံ ကူမင်း မြို့သို့ သွယ်တန်းထားသည့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း လုံခြုံရေးအရ တရုတ် အကျိုးစီးပွား ကာကွယ်လိုသောကြောင့် မြန်မာ့တပ်မတော်က KIA ကို တိုက်ခိုက်ခြင်း ဖြစ်သည်ဟု ပြောဆိုနေကြခြင်းမှာ အခြေအနေ တခုတည်းကိုသာ ကြည့်ပြီး ဝေဖန်ကြခြင်း ဖြစ်ကြောင်း၊ ယင်းအချက်မှာ ယုတ္တိ မရှိကြောင်း ၎င်းက ဆက်ပြောသည်။
“နိုင်ငံတနိုင်ငံက တနိုင်ငံအပေါ် သြဇာလွှမ်းဖို့ဆိုတာ အတော်ခက်ပါတယ်။ နိုင်ငံမပြောနဲ့ ကျနော်တို့လို အဖွဲ့အစည်း ကိုတောင် သြဇာသက်ရောက်ဖို့ ခက်ပါတယ်” ဟု ဗိုလ်မှူးချုပ် ဂွမ်မော်က ဆိုသည်။
ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ (KIO) အနေဖြင့် ဇန်နဝါရီ ၁၈ နှင့် ၁၉ ရက်နေ့က ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့မှ ဦးအောင်သောင်း ဦးဆာင်သော အဖွဲ့နှင့် တွေ့ဆုံစဉ် အဆင့် ၃ ဆင့်ပါ အဆိုပြုလွှာ တင်ခဲ့သည်။ ယင်းအဆိုပြုလွှာတွင် ပထမအဆင့် တိုက်ပွဲများ ရပ်သွားစေရန် ကြိုးစားရမည်၊ အပစ်ရပ်စဲပြီးမှ ဒုတိယ အဆင့်ဖြစ်သော နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်မည်ဟု ပါရှိသည်။
“ကျနော်တို့ကတောင် ဒုတိယအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို သွားဖို့ပြောနေတာ နိုင်ငံတော်အစိုးရက ဘာလို့ ဒီအဆင့်ကို မတက်တာလဲလို့ ဦးအောင်မင်းကို ကျနော် မေးထားသေးတယ်” ဟု ဦးဂွမ်မော်က ပြောသည်။
လက်ရှိ အပစ်အခတ် ရပ်စဲရေး အလွတ်သဘော တွေ့ဆုံမူများတွင်လည်း ဆွေးနွေးပွဲများ အရှိန်ရလာပါက ပုံစံပြောင်းသွား သည်မှာ ၃ ကြိမ်ရှိနေပြီဖြစ်ကြောင်း သူက ဆိုသည်။
KIA က အပစ်အခတ် ရပ်စဲရေးသာမက နိုင်ငံရေးအရ ဆွေးနွေးရန်ပါ ကမ်းလှမ်း ထားသော်လည်း လက်ရှိ အချိန်ထိ အလွတ်သဘော ဆွေးနွေးပွဲသာ များနေသေးကြောင်း၊ လတ်တလော တွင်လည်း တွေ့ဆုံရန် အတွက် နေရာ သတ်မှတ်ရန် အခက်အခဲကြောင့် ဇူလိုင်လ အစောပိုင်းက တွေ့ဆုံရန် စီစဉ်ထားမှုများ နှောင့်နှေးနေကြောင်း၊ အစိုးရ ထိန်းချုပ်ရာ နယ်မြေ ဗန်းမော်မြို့တွင် တွေ့ဆုံရန် စီစဉ်သော်လည်း ဗန်းမော် လမ်းတလျှောက် တိုက်ပွဲများ ဖြစ်ပွား နေခြင်းကြောင့် KIO က လွယ်ဂျယ်မြို့နယ်အနီး ပရန်ငွမ် ကျေးရွာတွင် တွေ့ဆုံရန် အဆိုပြုထားရာ ညှိနှိုင်းနေဆဲ ဖြစ်ကြောင်း သိရသည်။
KIO အနေဖြင့် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည့် ဇွန်လ ၉ ရက် နောက်ပိုင်း အစိုးရနှင့် စတင်တွေ့ဆုံခဲ့ရာ တရားဝင် တွေ့ဆုံခြင်းနှင့် အလွတ်သဘော တွေ့ဆုံခြင်းများ ပေါင်းလျှင် ၉ ကြိမ်ရှိပြီဖြစ်သည်။
KIO ဌာနချုပ်တည်ရှိရာ လိုင်ဇာဒေသရှိ ဂိတ်သည် တရားဝင်ဂိတ် မဟုတ်သော်လည်း တရုတ်အစိုးရက ရွှေအဆင့် သတ်မှတ်ထားသည့် ဂိတ်ပေါက်ဖြစ်သည်။
ယခုလ အတွင်းကပင် လိုင်ဇာသို့ လာသည့်လမ်းကို ပြည်နယ်လမ်းမကြီးအဖြစ် အဆင့်မြှင့်တင် ခဲ့သည်။ လိုင်ဇာ လမ်းသည် မြန်မာပြည်နှင့် ကုန်စည် စီးဆင်းရာတွင် အတိုဆုံးလမ်းမလည်း ဖြစ်သည်။
ယခုနှစ် ဧပြီလအတွင်းက ကချင်ပြည်နယ်အတွင်းရှိ စစ်ပွဲများဖြစ်ပွားနေသည့် ဒေသများသို့ ခရီးသွားလာကြမည့် တရုတ်နိုင်ငံသားများကို အထူးသတိ ထားကြရန် တရုတ်အစိုးရက သတိပေးထားကြောင်း တရုတ်နိုင်ငံ ဆင်ဟွာ သတင်းတွင် ဖော်ပြခဲ့သည်။
တရုတ် လျှပ်စစ်စွမ်းအင် ကုမ္ပဏီ CPI သည် ကချင်ပြည်နယ်အတွင်း၌ ရေကာတာများ ဆောက်လုပ်ခြင်းကို မြန်မာအစိုးရနှင့် ဆက်သွယ် ဆောင်ရွက်နေသည်။ CPI သည် ရပ်ဆိုင်းလိုက်သည့် မြစ်ဆုံဆည် စီမံကိန်းတွင် အဓိက လုပ်ကိုင်နေသော ကုမ္ပဏီ ဖြစ်ပြီး မကြာသေးခင်က ဒေသခံရွာသားများကို ဆန်များဝေငှပေးခဲ့သည်။ မြစ်ဆုံ စီမံကိန်း ပြန်လည်စတင်ဖြစ်လျှင် ဒေသခံများ၏ နစ်နာမှုအတွက် တာဝန်ယူမည်ဟုလည်း ပြောခဲ့သေးသည်။
KIA နှင့် အစိုးရတပ်များသည် ယမန်နှစ် ဇွန်လအတွင်းက တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီး ၁၇ နှစ်ကြာမြင့်ခဲ့သည့် အပစ် အခတ် ရပ်စဲရေး သဘောတူညီချက်လည်း ပျက်ပြားသွားခဲ့ရသည်။ ယင်းတိုက်ပွဲများကြောင့် ဒေသခံ အရပ်သား ပြည်သူ ၇၅၀၀၀ ခန့် ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။