ထိုင်းနိုင်ငံအတွင်း ခြေ၊ လက်နှင့် လျှာတွင် ဖြစ်ပွားသော (Hand, Foot and Mouth Disease – HFMD) ရောဂါ တမျိုးအား ထိန်းချုပ်နိုင်ရန် နယ်စပ်မှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို ထိုင်း အာဏာပိုင်များက ယခုရက်ပိုင်း စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

ယင်းရောဂါလက္ခဏာသည် အသက် ၁၂ နှစ်အောက် ကိုယ်ခံအားနည်းသော ကလေးများတွင် အဖြစ်များကြောင်း၊ ပါးစပ်၊ လက်နှင့် ခြေထောက်များတွင် မီးလောင်ဖုကဲ့သို့သော အရည်ကြည်ဖုများ ပေါက်ကာ အသားများ ရိတတ်ကြောင်း ထိုင်း ကျန်းမာရေး ဝန်ကြီးဌာနက ဆိုသည်။
မဲဆောက်-မြဝတီ ချစ်ကြည်ရေး တံတားဂိတ်မှ ထိုင်းနိုင်ငံသို့ ဝင်ရောက်လာသည့် မြန်မာ နိုင်ငံသားများကို ထိုင်း ကျန်းမာရေး ဌာနမှ တာဝန်ရှိသူများက အပူချိန်တိုင်း၍ ရောဂါ ဖြစ်ပွားနိုင်သည့် လက္ခဏာများ စစ်ဆေးခြင်း ဆောင်ရွက် နေကြောင်း နယ်စပ် ချစ်ကြည်ရေး တံတားဂိတ်မှ ထိုင်းဝန်ထမ်း အမျိုးသမီးတဦးက ဧရာဝတီသို့ ပြောသည်။
မြန်မာနိုင်ငံဘက်မှ ဝင်ထွက်သွားလာနေသည့် အသက် ၂ နှစ် မှ ၅ နှစ် အရွယ် ကလေးငယ်များကို အဓိကထား၍ စစ်ဆေးမှုများ ပြုလုပ်ကြောင်းလည်း ၎င်းက ဆိုသည်။
ယမန်နေ့ ကလည်း ချစ်ကြည်ရေး တံတားဂိတ်တွင် HFMD ရောဂါ ဖြစ်နေသူဟု ယူဆရသည့် အသက် ၂ နှစ်အရွယ် မြန်မာနိုင်ငံမှ ကလေး တဦးကို ထိုင်းအာဏာပိုင်များက မဲဆောက်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး ရောဂါ အခြေအနေကို စောင့်ကြည့်နေကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။
ယင်း ကလေးငယ်၏ ပါးစပ်နှင့် လက်များတွင် အဖု အပိန့်များ ပေါက်နေသည်ကို တွေ့ရှိ၍ ဆေးရုံသို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ထိုင်းစာဖြင့် ရေးသားထားသည့် မန်နေဂျာအွန်လိုင်း အင်တာနက် စာမျက်နှာတွင် ယမန်နေ့က ဖော်ပြထားသည်။
ယခုလ ၁၃ ရက်နေ့မှ စတင်၍ ၄ ရက်အကြာ ဝင်ထွက်သွားလာနေသည့် ကလေးငယ် ၁၇၀ ကို စစ်ဆေးခဲ့ပြီးနောက် ယင်းကလေးငယ်ကို တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ဒီရောဂါပိုးဟာ ကိုယ်ခံအားနည်းတဲ့ လူတွေကိုပဲ ကူးစက်နိုင်တယ်။ ၁၂ နှစ်အောက် ကလေးငယ်တွေ အတွက်ဆိုရင် ဒီရောဂါ ကူးစက်မှုဟာ သာမန် ဖြစ်ရိုး ဖြစ်စဉ် တခုပါပဲ” ဟု ထိုင်းနိုင်ငံ ပြည်သူ့ ကျန်းမာရေး ဝန်ကြီးဌာန ရောဂါထိန်းချုပ်ရေး ဌာနခွဲ၏ ဒါရိုက်တာ Pornthep Siriwanarangsan က ယနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာကို ပြောကြောင်း ဖော်ပြထားသည်။
မြဝတီ တဘက်ကမ်း မဲဆောက်အပြင် တခြား ထိုင်း-မြန်မာ နယ်စပ် ဒေသ ဖြစ်သည် ရနောင်းနယ်စပ် တွင်လည်း ထိုင်း ကျန်းမာရေး တာဝန်ရှိသူများက မြန်မာနိုင်ငံမှ ဝင်ထွက် သွားလာနေသူများကို စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ထိုင်းသတင်းများအရ သိရသည်။
ထိုင်း ပြည်သူ့ ကျန်းမာရေး ဝန်ကြီး Witthaya Buranasiri ကလည်း HFMD ရောဂါ ကူးဆက်မှုသည် ထိုင်းနိုင်ငံအတွင်းရှိ ခရိုင် အများအပြားသို့ ပြန့်နှံ့မည်ဖြစ်ကြောင်း၊ အဘယ်ကြောင့် ဆိုသော် ယခုအချိန်သည် စာသင်ကျောင်းများ ပြန်လည် ဖွင့်လှစ် ချိန်ဖြစ်ပြီး မိုးရာသီနှင့် တိုက်ဆိုင်နေသောကြောင့် ဖြစ်ကြောင်း ပြောသည်။
ထိုင်းဝန်ကြီးချုပ် မစ္စ ယင့်လပ် ရှင်နာဝပ်က အဆိုပါ ရောဂါ ဖြစ်ပွားမှု လျော့ကျရေး အတွက် ထိုင်းကျန်းမာရေး ဝန်ကြီးဌာန အပါအဝင် ဝန်ကြီး ဌာန သုံးခု ပူးပေါင်း၍ ဆောင်ရွက်သွားရန် ရှိကြောင်း ပြောဆိုသည်ဟု သိရသည်။
အဆိုပါ ရောဂါကို ဝပ်တနာ ခရိုင်အတွင်းမှ မူကြိုကျောင်း တကျောင်းရှိ ကျောင်းသား ၄ ဦးထံမှ စတင် စမ်းသပ်တွေ့ရှိခဲ့ပြီး နောက်ပိုင်း ထိုင်းကျန်းမာရေး ဝန်ကြီးဌာနက ယင်းကဲ့သို့ သတိပေး ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ရောဂါ ဆက်လက် ကူးစက် ပြန့်ပွားလာမည်ကို စိုးရိမ်၍ ဘန်ကောက်မြို့နှင့် တခြား မြို့နယ်များတွင် စာသင်ကျောင်း ၁၀၀ ခန့် ပိတ်ထားကြောင်း ထိုင်း ကျန်းမာရေး ဝန်ကြီး ဌာနက ကြေညာထားသည်။
အဆိုပါ ကူးစက်ရောဂါသည် လွန်ခဲ့သည့် ၂ လခန့်က ကမ္ဘောဒီးယား နိုင်ငံတွင် စတင် ဖြစ်ပွားခဲ့ပြီး ထိုင်းနိုင်ငံသို့ ပျံ့နှံ့ခဲ့ ခြင်းဖြစ်ကြောင်း ထိုင်းကျန်းမာရေး ဝန်ကြီးက ပြောသည်။
လွန်ခဲ့သည့် ၂၀၀၉ ခုနှစ်ကလည်း ထိုင်းနိုင်ငံတွင် A H1N1 ဝက်တုပ်ကွေး ရောဂါ ကူးစက်ခံရမှုကြောင့် သေဆုံးမှုများ ရှိခဲ့ကြောင်း သိရသည်။