စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းရှိ ဂရိတ်ဝေါလ် သကြားစက်ရုံကို ဒေသခံ ပြည်သူများက ဆန္ဒပြမည် ဆိုသောကြောင့် တကောင်းဒေသရှိ အာဏာပိုင်များက တုတ်၊ ဓား၊ ဒိုင်းများနှင့် သေနတ်များ ကိုင်ဆောင်ကာ လုံခြုံရေးတင်းကျပ်စွာ ချထားကြောင်း သိရသည်။
ဂရိတ်ဝေါလ် သကြားစက်မှ ရေဆိုးများ ဖောက်ချမှုကြောင့် အနံ့အသက် ဆိုးရွားသည့် အပြင် တခြား သဘာဝ ပတ်ဝန်းဆိုင်ရာ ဒဏ်များကို အနီးအနားရှိ ဒေသခံ ကျေးရွာများ ခံစားနေရသည့်အတွက် ယင်းကိစ္စကို ဆောင်ရွက်ပေးရန် တာဝန်ရှိသူများကို ပြောကြားသော်လည်း မည်သို့မျှ ထူးခြားမလာသောကြောင့် ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ရန် စိတ်အားထက်သန်နေခြင်း ဖြစ်ကြောင်း သပိတ်ကျင်းမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဒု ဥက္ကဋ္ဌ ဦးခင်မောင်သန်းက ပြောသည်။
‘‘ဗန်းမော်-မန္တလေးသွား ကားလမ်းပေါ်မှာ ရဲကားသုံးစီးနဲ့ ကင်းလှည့်တယ်။ နောက်ပြီး ဂရိတ်ဝေါလ် စက်ရုံရှေ့မှာလည်း ရဲတွေအများကြီးပဲ။ လက်ထဲမှာ တုတ်တွေ၊ ဒိုင်းတွေ ကိုင်ထားတာ။ အင်အား ၂၀၀ နီးပါးလောက် ရှိတယ်’’ ဟု ၎င်းက ဆိုသည်။
မောင်းကုန်း ဒေသခံပြည်သူများမှာ ဇူလိုင်လ ၁၆ ရက်နေ့က ဆန္ဒပြရန် စီစဉ်ထားသော်လည်း ရဲများက အကြမ်းဖက် နည်းများ အသုံးပြုမည်ကို စိုးရိမ်သောကြောင့် ဆန္ဒပြမည့်ကိစ္စကို ခေတ္တ ဆိုင်းငံ့လိုက်ကြောင်း သိရသည်။
“ကျနော်တို့ကို ဦးဆောင်မယ့် ဦးစိန်လှ အဲဒီနေ့က မလာဖြစ်ဘူး။ နောက်ပြီး ရဲတွေကလည်း သေနတ်တွေနဲ့ဆိုတော့ တချို့ လူတွေက ကြောက်နေကြတယ်။ ဒါ့ကြောင့် အဲဒီနေ့က ဆန္ဒပြမယ့်ကိစ္စ မလုပ်ဖြစ်သေးဘူး။ ကျနော်တို့ကို ဦးဆောင်မယ့် လူရှိရင် ကျနော်တို့တွေက ဆန္ဒထပ်ပြဦးမှာပါ” ဟု မောင်းကုန်း ဒေသခံ ပြည်သူတဦးက ပြောသည်။
သကြားစက်မှ ရေဆိုးများ လျှံကျမှုကြောင့် ဇူလိုင်လ ၄ ရက်နေ့က စက်ရုံအနီးဝန်းကျင်ရှိ မလိုင်ခြုံကျေးရွာမှ ခိုင်းနွားတကောင် သေဆုံးခဲ့ရပြီး ဒေသခံ တဦး ရေထဲဆင်းမိရာ ခန္ဓာကိုယ်အနှံ့ အနာဆိုးများ ပေါက်လျှက် ရှိကြောင်း သိရသည်။
ထိုသို့ ဖြစ်ပေါ်နေမှုသည် ရေဆိုးမြောင်းအတွင်း အက်စစ်ဓါတ်များနှင့် အဆိပ်များ ပါဝင်မှု ရှိနေကြောင်း ဆေးပညာနားလည်သူများက ခန့်မှန်းတွက်ဆကြသည်။
ရေတက်ချိန်ချောင်းရိုးမှ တက်လာသော ရေများသည် အနီရောင်ရှိပြီး အနံ့အသက်လည်း ဆိုးရွားသည့်အတွက် ဒေသခံများ အသက်ရှုကြပ်သည့်အထိ မခံမရပ်နိုင်အောင် ဖြစ်ကြောင်း သိရသည်။
ဂရိတ်ဝေါလ် သကြားစက်ရုံမှ ထွက်ရှိသော ရေဆိုး အညစ်အကြေးနှင့် အနံ့အသက် ဆိုးများကို အများဆုံး ခံစားနေရသော ကျေးရွာများမှာ မောင်းကုန်းရွာ၊ မလိုင်ခြုံရွာ၊ ဥစ္စုံရွာ၊ ကင်ပွန်းကြီးရွာ၊ ကင်ပွန်းလေးရွာ၊ ဘူးကြီးကန်းရွာ၊ တောရရွာ၊ သပြေကုန်းရွာနှင့် မြတောင်ကျေးရွာတို့ ဖြစ်သည်။