လွှတ်တော်အတွင်း ရောက်ရှိနေသော ကချင်ပြည်နယ်မှ လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် ကချင်ပြည်နယ်တွင်း တိုက်ပွဲများနှင့်ပတ်သက်၍ ခေါင်းစဉ်တခု တင်သွင်းကာ ဆွေးနွေးသင့်ကြောင်း ကချင်လွတ်လပ်ရေး တပ်မတော် (KIA) မှ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်က ပြောသည်။
ဆက်လက်၍ ၎င်းက ကချင်ပြည်နယ် မတည်ငြိမ်သည့် ကိစ္စနှင့်ပတ်သက်၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လူသိရှင်ကြား ထုတ်ဖော် ပြောဆိုမှု နည်းပါးနေသည် ဆိုသည့် ဝေဖန်မှုများ ရှိနေကြောင်း၊ သို့သော် သူ့အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို မေးခွန်းထုတ်ခြင်းထက် လက်ရှိ လွှတ်တော်တွင်း ရောက်ရှိ နေသော ကချင်ပြည်နယ်မှ လွှတ်တော် ကိုယ်စားလှယ်များကိုသာ ကချင်ကိစ္စ ဆွေးနွေးမှု ရှိ၊ မရှိ မေးခွန်း ထုတ်လိုကြောင်း ပြောသည်။
“ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဘာကြောင့် ကချင်အရေးကို လူသိရှင်ကြား ထုတ်မပြောဘူးလဲ ဆိုတဲ့ မေးခွန်းမျိုး ကျနော် တို့ဆီမှာ မရှိပါဘူး။ တနိုင်ငံလုံး အရေးကို စဉ်းစားတဲ့အခါ တခါတလေ သူ့အနေနဲ့ Timing စောင့်နေ တယ်လို့ ထင်တယ်။ သူဟာ တနိုင်ငံလုံးရဲ့ စီမံကိန်းတွေကို အစီအစဉ်တကျ ပြင်ဆင်နေမယ်လို့ ကျနော်တို့ ယုံကြည်ထားတယ်” ဟု သူက ဆိုသည်။
သို့သော် Peace talk creation group မှ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလမိုင်ဂွမ်ဂျာက ကမူ ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော်တွင်း ရောက်ရှိနေပြီ ဖြစ်သော်လည်း ကချင်ဒေသ အရေးနှင့် ပတ်သက်၍ ထုတ်ဖော် ပြောဆိုခြင်း မရှိသေးကြောင်း ပြောသည်။
“အစိုးရက အကူအညီ တောင်းခံလာမယ် ဆိုရင်တော့ ဒီငြိမ်းချမ်းရေး လုပ်ငန်းမှာ ပါမယ်လို့ ပြောဖူးတယ်။ ဒါပေမယ့် အစိုးရက သူ့ကို တိုက်တွန်းတာမျိုး မလုပ်လို့ မပါသေးတာလည်း ဖြစ်နိုင်ပါတယ်” ဟု သူက ဆိုသည်။
ကချင်ပြည်နယ်မှ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ကချင်ပြည်နယ် ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး တိုင်းရင်းသား ရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီမှ တဆင့် ပြည်သူ့လွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော်သို့ အဆို တင်သွင်းရန်ရှိကြောင်း ရှင်းပြသည်။
“အပစ်အခတ် မရပ်နိုင်တာ တိုင်းရင်းသား အခွင့်အရေးတွေ မရလို့၊ ဒါတွေကို တိတိကျကျ ဥပဒေပြဌာန်းပေးဖို့ လိုတယ် ဆိုတဲ့အကြောင်းကို တင်ပြသွားမှာ ဖြစ်ပါတယ်” ဟု သူက ပြောသည်။
ပြီးခဲ့သည့် ဇွန်လက London School of Economic (LSE) တွင် ကျင်းပသည့် အင်္ဂလန်ရောက် မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံပွဲ၌ အစိုးရ တပ်မတော်က ကချင်ပြည်နယ်တွင်း ထိုးစစ်များ ဆက်တိုက် ဆင်နေမှုနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် နှုတ်ဆိတ် နေမူအပေါ် ကချင် ဥပဒေကျောင်းသား ကိုခွန်နောင်က မေးခွန်းမေးရာ ဒေါ်အောင်ဆန်းစုကြည်က လေသံပြင်းပြင်းနှင့် တုံ့ပြန်ခဲ့သည် ဆိုသည့် ဝေဖန်မှုများ ရှိခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲ၌ ဒေါ်အောင်ဆန်းစုကြည်က စစ်ဖြစ်ရခြင်း အကြောင်းရင်းနှင့် ပတ်သက်၍ နှစ်ဘက်စလုံးတွင် တာဝန်ရှိကြောင်း၊ နှစ်ဘက် စလုံးကို ရှုတ်ချကြောင်း၊ ကချင်ဒေသတွင် ဖြစ်ပေါ်နေသော လူ့အခွင့်အရေး ချိုးဖောက်မှု များနှင့် ပတ်သက်၍လည်း အစိုးရနှင့် KIA နှစ်ဘက်စလုံးကို စောင့်ကြည့်ရန် လွတ်လပ်သည့် စောင့်ကြည့် လေ့လာသူများ ရှိရမည် ဖြစ်ကြောင်း ကိုခွန်နောင်၏ မေးခွန်းကို ပြန်လည် ဖြေကြားခဲ့သည်။
ကိုခွန်နောင်က ဒေါ်အောင်ဆန်းစုကြည်၏ အမြင်တချို့ကို လက်ခံသော်လည်း ကချင်ပြည်နယ်တွင် ဖြစ်ပေါ်နေသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍ နှစ်ဘက်စလုံးကို စောင့်ကြည့်ရန် လိုအပ်သည် ဆိုသည့် စကားကို ဒေါ်အောင်ဆန်းစုကြည် အနေနှင့် မပြောသင့်ဟု ဆိုသည်။
“ကချင်တွေကို စော်ကား သလိုဖြစ်တဲ့ အကြောင်းတွေနဲ့ ပတ်သတ်ပြီး ပိုမို ရှင်းရှင်းလင်းလင်း သိဖို့လိုတယ်၊ နှစ်ဘက်စလုံးကို စောင့်ကြည့်သင့်တယ် ဆိုပြီး သူက ပြောတယ်။ ဒီမိုကရေစီ အရေး လှုပ်ရှားသူ၊ လူ့အခွင့်အရေး တိုက်ပွဲဝင်နေတဲ့ သူ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် မပြောသင့်ဘူးလို့ ကျနော် ထင်တယ်” ဟု ကိုခွန်နောင်က ပြောသည်။
ဗိုလ်မှူးချုပ် ဂွမ်မော်ကမူ စစ်ပွဲဖြစ်ပါက နှစ်ဘက်တပ်များ ကျူးလွန်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ရှောင်လွှဲမရနိုင်ကြောင်း၊ တဘက်နှင့် တဘက် လူ့အခွင့်အရေး ချိုးဖောက်ခဲ့သည့် ကိစ္စများကြောင့် အပစ်အခတ် ရပ်စဲသည့်တိုင် ခံစားချက်များ ကျန်ရှိနေနိုင်ကြောင်း ပြောဆိုသည်။
“ဒီ ခံစားချက်တွေက တဆင့် အမုန်းပွားမှုတွေ မဖြစ်ဖို့အတွက် အရပ်ဘက် လူ့အဖွဲ့အစည်းတွေနဲ့ လှုပ်ရှား တက်ကြွသူတွေက ဆောင်ရွက်နိုင်တယ် ဆိုတာကို သဘောပေါက်ပါတယ်” ဟု သူက ပြောသည်။
ကချင်ပြည်နယ် အတွင်း ဖြစ်ပွားနေသော စစ်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒုက္ခသည်များအတွက် မြန်မာပြည်တွင်းရှိ တိုင်းရင်းသားပေါင်းစုံ အပါအဝင် အလွှာအသီးသီး၊ ကဏ္ဍအသီးသီးက ဝိုင်းဝန်းစောင့်ရှောက် လှူဒါန်းမှုများ ပြုလုပ်နေသည်ဟု ဒေါ်အောင်ဆန်းစုကြည်က LSE ဆွေးနွေးပွဲတွင် ပြောဆိုခဲ့သည်။
၂၀၁၁ ခုနှစ် ဇွန်လပိုင်းက အစိုးရတပ်များနှင့် KIA တို့အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သောကြောင့် တနှစ်တာ ကာလအတွင်း ဒုက္ခသည် သောင်းချီ၍ အိုးအိမ် စွန့်ခွာ ထွက်ပြေးခဲ့ကြရပြီး နယ်မြေ တည်ငြိမ်မှု မရရှိသေးသဖြင့် နေရပ်ရင်းသို့ မပြန်နိုင် ကြသေးချေ။
လက်ရှိအခြေအနေအရ ၎င်းဒုက္ခသည်များသည် တရုတ် – မြန်မာနယ်စပ် တရုတ်ပြည်ဘက်ခြမ်းရှိ ဒုက္ခသည် စခန်း ၂ ခု အပါအဝင် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (KIO) စောင့်ရှောက်ထားသည့် ဒုက္ခသည် စခန်းများတွင် နေထိုင်လျှက် ရှိသည်။
KIO နှင့် အစိုးရသည် အပစ်ရပ်ရန်အတွက် တရားဝင်နှင့် အလွတ်သဘော ဆွေးနွေးမှုများ ရှိနေသည့် အချိန်ကာလ အတွင်း၌ပင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်။ ယခု လဆန်းပိုင်းက ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း ဆွေးနွေးကြမည့် နေရာကို နှစ်ဘက် ညှိနှိုင်း၍ မရသေးသောကြောင့် ယခုအချိန်တိုင်အောင် ဆွေးနွေးပွဲ မကျင်းပနိုင်သေးပေ။