ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့နယ်မှာရှိတဲ့ ရွာ ၉ ရွာက လယ်ဧက သောင်းချီ အသိမ်းခံထားရတဲ့ လယ်သမား တထောင်ကျော် ထဲက လယ်သမား ၃၀၀ နီးပါးဟာ သူတို့လယ်ယာမြေ ပြန်လည်ရရှိရေး၊ လယ်သမားအခွင့်အရေး ရရှိရေးတို့အတွက် လယ်မြေသိမ်းယူ ထားတဲ့ ကုမ္ပဏီ ၁၆ ခုထဲက တခုဖြစ်တဲ့ ပင်လယ်ကိုးသွယ်ကုမ္ပဏီရုံးရှေ့မှာ ဒီနေ့ စုရုံး ဆန္ဒပြခဲ့ပါတယ်။
ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်အမတ် ဦးအောင်သန်းဦး ပိုင်ဆိုင်တဲ့ ပင်လယ်ကိုးသွယ် ကုမ္ပဏီဟာ လယ်သမားတွေ အပေါ် အဆိုးဝါးဆုံး ဆက်ဆံတာ ဖြစ်တဲ့အတွက် ဒီကုမ္ပဏီရှေ့မှာ ဆန္ဒပြရတာဖြစ်တယ်လို့ လယ်သမားတွေက ပြောပါတယ်။
ဒဂုံဆိပ်ကမ်း မြို့နယ် သဲပင်ချောင်ကျေးရွာက တောင်သူ ဦးမောင်ညိုက လယ်တွေကို ကုမ္ပဏီတွေက အဆမတန် ဈေးနှိမ်ဝယ်ယူတဲ့အပြင် သိမ်းယူသွားတဲ့ ကုမ္ပဏီတွေကပဲ စပါးစိုက်ပျိုးတဲ့ အတွက် လယ်သမားတွေ အလုပ်လက်မဲ့ ဖြစ်ရတယ်လို့ ဧရာဝတီကို ပြောပါတယ်။ ဦးမောင်ညိုရဲ့ လယ် လယ် ၇. ၃၃ ဧကကို အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီက ၂၀၀၈ ခုနှစ်မှာ သိမ်းယူခဲ့တာပါ။
“ဒီ ကုမ္ပဏီတွေက ကျနော်တို့ပေါ်မှာ ရက်စက်လွန်းတယ်။ လယ်သမားဆီက သိမ်းယူပြီး လယ်သမားက လယ်မလုပ်ရဘူး။ မတရားဘူး။ အမှတ် ၇ အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီက ၁၀ ဧက သီးစားနဲ့ ပေးမယ်ဆိုပြီး ကျနော် လုပ်ဖို့ သွားပြောတော့ မပေးဘူး။ အခုနောက်ပိုင်း လယ်သမားကိုတောင် မခိုင်းတော့ဘဲ ဝန်ထမ်းလစာနဲ့ အလုပ်သမားအဖြစ်ပဲ တနေ့ကို ၂၀၀၀ ကျပ်နှုန်းနဲ့ ခေါ်ခိုင်းတယ်။ လယ်သမားတွေက သူတို့လယ်မှာ အလုပ်သမားအဖြစ် မဝရေစာနဲ့ လုပ်ကိုင်စား ကြရတယ်” လို့ သူကပြောပါတယ်။
၂၀၀၈ ခုနှစ်က လယ်မြေသိမ်းယူသွားတဲ့ ကုမ္ပဏီ ၁၆ ခုကတော့ ပင်လယ်ကိုးသွယ်၊ ရွှေနဂါးမင်း၊ အမျိုးသား ကြီးပွား တိုးတက်ရေး၊ ဂွတ်ဘရားသား၊ ဂရန်း အေးရှား၊ မိုးယံခ၊ ဒဂုံအင်တာနေရှင်နယ်၊ ဧဒင်၊ စင်းရွှေလီ၊ ယုဇန၊ မြင့်ဇေယျာ၊ ရွှေတောင်၊ မက်စ် မြန်မာ၊ ရွှေဟိန်းထက်နဲ့ မြတ်ရွှေဝါ ကုမ္ပဏီတို့ ဖြစ်တယ်လို့ သိရပါတယ်။
ဒဂုံမြို့နယ်အတွင်းမှာရှိတဲ့ သရက်ပင်ချောင်၊ ညောင်ပင်၊ ကျည်စု အရှေ့၊ ကျည်စုအနောက်၊ သစ်ပင်၊ ထောင်တလုတ်၊ ရွာသာကြီး၊ သုံးခွ စတဲ့ရွာတွေက လယ်ယာမြေတွေကို နိုင်ငံတော်အမိန့်ဆိုပြီး စာနဲ့ ထုတ်ပြန်တာမျိုး မဟုတ်ဘဲ နှုတ်မိန့်နဲ့ သိမ်းယူသွားခဲ့တာ ဖြစ်တယ်လို့ ဦးမောင်ညိုက ပြောပါတယ်။
“ကုမ္ပဏီ တခုက ဧက ၅၀၀ ကျော်စီ သိမ်းတယ်။ နောက် လျော်ကြေးပေးတဲ့ အခါကျတော့ အမှတ် ၂ ရွှေနဂါးမင်းက တဧက ကျပ် ၅ သောင်းနှုန်းပဲ ပေးတယ်။ အမှတ် ၉ က တဧကကို ၄ သောင်းနှုန်း၊ အမှတ် ၇ က တဧကကို ၃ သောင်းပေးတယ်။ အဲဒီအချိန်က လယ်တဧက ကျပ် ၅ သိန်း ပေါက်တယ်” လို့ သူက ဆိုပါတယ်။
လယ်သမားတွေ ဆန္ဒပြဖို့အတွက် ပြီးခဲ့တဲ့ အင်္ဂါနေ့က မြို့နယ်ရဲတပ်ဖွဲ့မှူးက ခွင့်ပြုပေးလိုက်တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဆန္ဒပြခွင့် လျှောက်ထားခဲ့တဲ့ လူဦးရေအတိုင်း ပါဝင်ခွင့်မရခဲ့ဘူးလို့ လယ်သမားတွေရဲ့ ဥပဒေ အတိုင်ပင်ခံ ရှေ့နေ ကိုဖိုးဖြူက ဧရာဝတီကို ပြောပါတယ်။
“လယ်သမား ၉၀၀ ဆန္ဒပြဖို့ လိုင်စင်လျှောက်ပေမယ့် ၃၀၀ ပဲ ဆန္ဒပြခွင့်ရတယ်။ ၁၇ ရက်နေ့က ရတယ်။ ဒီနေ့ ၁၁ နာရီကနေ ၁ နာရီအထိ ပြတယ်။ လယ်သမား ၁၀၈၅ ဦး နစ်နာနေတဲ့ ကိစ္စ၊ ကုမ္ပဏီ ၁၆ ခုက အကျိုးတူ အကြောင်းပြပြီး လယ်ယာမြေ သိမ်းယူတာကြောင့် ဆန္ဒပြပွဲ ပြုလုပ်ပြီး လွှတ်တော်ကနေ လယ်ယာမြေ ပြန်လည် ခွဲဝေပေးရေးဆိုင်ရာ ဥပဒေနဲ့ ဆုံးဖြတ်ချက် တွေ ချမှတ်ဖို့ အရေးဆိုဖို့ ဖြစ်ပါတယ်” လို့ ကိုဖိုးဖြူက ဆိုပါတယ်။
ဒီနေ့ ဆန္ဒပြပွဲဟာ ဒီလ အစောပိုင်းက ပြဌာန်းလိုက်တဲ့ လွတ်လပ်စွာ စုဝေးခွင့်နဲ့ ဆန္ဒပြခွင့် ဥပဒေတွေ ထွက်လာပြီး နောက်ပိုင်း ဒုတိယမြောက် လုပ်ခွင့်ရတာဖြစ်ပါတယ်။ ပထမဦးဆုံး ဆန္ဒပြပွဲကတော့ ပြီးခဲ့တဲ့တပတ်က မင်္ဂလာဒုံမြို့နယ်မှာရှိတဲ့ လယ်သမားတွေ ဆန္ဒဖော်ထုတ် နိုင်ခဲ့တာ ဖြစ်ပါတယ်။
လယ်သမားတွေရဲ့ လယ်ယာမြေ လက်ဝယ်ပြန်လည် ပိုင်ဆိုင်ရေးအတွက် လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ အရေးတယူ အလျင်အမြန် လုပ်ဆောင်သင့်ကြောင်း ကိုလည်း ကိုဖိုးဖြူက ထောက်ပြပါတယ်။
“လွှတ်တော် ကိုယ်စားလှယ်တွေက တောင်သူလယ်သမား တွေရဲ့ နစ်နာမှုနဲ့ ပတ်သက်ပြီး မေးခွန်းမေးမြန်းတာ၊ အဆိုပြုလွှာ တင်တာတွေလောက်ပဲ လုပ်တတ်တယ်။ အဲဒါတွေ လုပ်ကြတယ်။ ဒါပေမယ့် ဆောင်ရွက်ဖို့ ကိစ္စက တရားလက်လွတ်၊ ဥပဒေမဲ့ လယ်ဆုံးရှုံးသွားတဲ့ တနိုင်ငံလုံးက လယ်သမားတွေ အတွက် လယ်ယာမြေ ပြန်လည် ခွဲဝေပေးရေး ဆိုင်ရာ ဥပဒေ၊ မူတွေနဲ့ စီမံခန့်ခွဲရေး ဆိုင်ရာ ဆုံးဖြတ်ချက်တွေ ချမှတ်ပေးဖို့ လိုအပ်နေပါတယ်။ ဒါတွေကို လွှတ်တော်မှာ မေးခွန်းမေးတာလောက်တင် မဟုတ်ဘဲနဲ့ လွှတ်တော်တရပ်လုံးက ဆွေးနွေး ဆုံးဖြတ်တာမျိုးလုပ်ပြီး ဥပဒေပြဌာန်းပေးမှသာလျှင် ပြည်သူတွေအတွက် ပြေလည်နိုင်မယ့် နည်းလမ်း ရရှိမယ်လို့ ထင်ပါတယ်” လို ကိုဖိုးဖြူက ရှင်းပြပါတယ်။
မနှစ်က အောက်တိုဘာလတုန်းကလည်း လယ်သမားတွေ နစ်နာဆုံးရှုံး ရတာတွေအတွက် အိုးအိမ် ဦးစီးဌာန ရုံးရှေ့မှာ ဆန္ဒ ပြခဲ့ကြပါတယ်။ အဲဒီအတွက် လယ်သမားတွေ အရေးယူခံခဲ့ရပြီး ဒီနေ့ ဒီအချိန်အထိ ဗိုလ်တထောင်မြို့နယ် တရားရုံးမှာ အမှု ရင်ဆိုင်နေရဆဲ ဖြစ်တယ်လို့ ကိုဖိုးဖြူက ပြောပါတယ်။