မြန်မာနိုင်ငံတွင်းရှိ စက်ရုံ အလုပ်ရုံများတွင် အလုပ်သမား သမဂ္ဂများ ဖွဲ့စည်းခွင့်ပေးရေး တောင်းဆိုသည့်
အလုပ်သမား ခေါင်းဆောင်များ အလုပ်မှ ထုတ်ပယ်ခြင်း ခံနေရသည့် ကိစ္စနှင့် ပတ်သက်၍ အလုပ်သမား ဝန်ကြီးဌာန အလုပ်သမားခုံ သမာဓိရုံးနှင့် သက်ဆိုင်ရာဝန်ကြီး ဌာနများသို့ တင်ပြသွားရန်ရှိကြောင်း နိုင်ငံတကာ အလုပ်သမား အဖွဲ့
(ILO) မှ နည်းပညာ ဆိုင်ရာအကြံပေး အရာရှိ ရော့ခ် ဝီလ်စင်က ပြောသည်။

ယင်းသို့ အလုပ်သမား ခေါင်းဆောင်များ အလုပ်မှ ထုတ်ပယ် ခံနေရခြင်းသည် မကြာမီက ထုတ်ပြန်ထားသည့်
အလုပ်သမား အခြေခံဥပဒေ၏ အကျိုးသက်ရောက်မှု အားနည်းနေသောကြောင့် ဖြစ်ကြောင်း၊ ထို့အပြင် လူထု သိရှိမှု နည်းနေပြီး ဥပဒေပါ အချက်အလက်များတွင် အလုပ်သမားများ အပေါ် ကာကွယ် တာဝန်ယူနိုင်သည့် အချက်အလက်များ နည်းပါးနေခြင်းကြောင့် ဖြစ်ကြောင်း၊ အလုပ်သမား ခေါင်းဆောင်များ ထုတ်ပယ် ခံနေရခြင်းကို သက်ဆိုင်ရာ ဌာနများက
စုပေါင်း တားဆီးရန် လိုအပ်ကြောင်း ၎င်းက ယမန်နေ့ ရန်ကုန်တွင် ပထမဆုံးအကြိမ် ကျင်းပသည့် ILO အလုပ်ရုံ ဆွေးနွေးးပွဲတွင် ပြောဆိုလိုက်သည်။
“အလုပ်သမား ခေါင်းဆောင်တွေ အလုပ်ထုတ် ခံနေရတဲ့အပေါ် အလုပ်သမား ဝန်ကြီးဌာနက အလုပ်ရှင်တွေကို သတိပေးတာ၊ သတင်းအချက်အလက် ထုတ်ပြန်တာတွေ လုပ်ပေးသင့်တယ်။ အလုပ်သမား၊ အလုပ်ရှင်နဲ့ သက်ဆိုင်ရာ ဌာနများကလည်း ဥပဒေ ပြဌာန်းချက်တွေကို အတိအကျ လိုက်နာသင့်တယ်” ဟု သူက ဆိုသည်။
အလုပ်သမားအဖွဲ့အစည်းများ၊ အလုပ်ရှင် အဖွဲ့အစည်းများနှင့် ဌာနများမှ ခုံသမာဓိ အဖွဲ့ဝင်များ၊ဥပဒေ ရေးရာ သက်ဆိုင်သူ များကို ILO က တာဝန်ယူကာ အဖွဲ့အစည်း တခုချင်းစီ သော်လည်းကောင်း၊ စုပေါင်း၍သော် လည်းကောင်း ပြီးပြည့်စုံမှု ရှိသည့် အလုပ်သမား၊ အလုပ်ရှင်နှင့် ပတ်သက်သည့် ဥပဒေရေးရာ သင်တန်းများ၊ အလုပ်ရုံ ဆွေးနွေးပွဲများ ပြုလုပ်ပို့ချ သွားရန် ရှိကြောင်း သိရသည်။
ဥပဒေ ပြဌာန်းချက်နှင့် မညီဘဲ အလုပ်သမား ခေါင်းဆောင်များကို အလုပ်မှ ထုတ်ပယ်ခြင်းသည် အလုပ်သမား ဥပဒေနှင့်
အကျုံးမဝင်ကြောင်း၊ ထို့ကြောင့် ဥပဒေ အသက်ဝင်စေရေးအတွက် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အလုပ်သမား ခုံသမာဓိ အဖွဲ့များအနေဖြင့် လုပ်သားရေးရာ ကိစ္စများ ဆုံးဖြတ်ရာတွင် တရားမျှတမှုမရှိဘဲ ဘက်လိုက်မှုများ ရှိနေမည်ကို အလုပ်သမား များက စိုးရိမ်လျက်ရှိသည်ဟု အလုပ်သမား သမဂ္ဂ ခေါင်းဆောင်တဦးဖြစ်သည့် ဦးဇော်ညွန့်က ပြောသည်။
“ဥပဒေပိုင်း ဆိုင်ရာတွေကို ပြန်ညှိဖို့တော့ လိုအပ်နေပြီ။ အလုပ်ရှင်တွေက အလုပ်သမား ခေါင်းဆောင်တွေကို ပြစ်မှု မကျူးလွန်ဘဲ ဖြုတ်ပစ်တာတွေပါ ရှိလာတယ်” ဟု သူက ဆိုသည်။
ဖြစ်ရပ်တခုအနေဖြင့် စံကောင်း ကမ္ဘာကျော် စက်ရုံတွင် အလုပ်သမား အဖွဲ့အစည်း ဖွဲ့စည်းခဲ့ရာ ခေါင်းဆောင်အဖြစ် ပါဝင်ခဲ့သော လုပ်သား ကိုယ်စားလှယ် ၁၂ ဦးအား ပြစ်မှုကျူးလွန်ခြင်း မရှိဘဲ အလုပ်မှ ထုတ်ခဲ့ကြောင်း သိရသည်။
စက်ရုံ အလုပ်ရုံများတွင် အလုပ်သမား ဆန္ဒပြမှုများ ဆက်လက်ရှိနေမည် ဆိုပါက ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက် လာသည့် အခါတွင် အကျိုး သက်ရောက်မှုများ ရှိလာနိုင်ကြောင်း လုပ်ငန်းရှင် အသိုင်းအဝန်းက ဆိုသည်။
လက်ရှိတွင် မြန်မာနိုင်ငံ တဝန်း၌ တရားဝင် မှတ်ပုံတင်ထားသည့် အခြေခံ အလုပ်သမား အဖွဲ့အစည်း စုစုပေါင်း ၁၂၇ ဖွဲ့
ဖွဲ့စည်းထားပြီးဖြစ်ကြောင်း သိရသည်။
ယမန်နေ့က ကျင်းပသည့် ILO ၏ အလုပ်ရုံဆွေးနွေးပွဲသို့ အလုပ်သမားရေးရာ ဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးသက်နိုင်ဦး၊ အလုပ်ရှင် အဖွဲ့အစည်းမှ တာဝန်ရှိသူ အနေဖြင့် ကုန်သည်နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) မှ ဒေါ်ခိုင်ခိုင်နွယ်၊ အလုပ်သမား အဖွဲ့အစည်းများ ဘက်မှ ဦးသန့်ဇင်ဦးနှင့် အလုပ်သမား အင်အား ၃၀၀ ကျော် တက်ရောက် ဆွေးနွေး ခဲ့သည်။