ကချင်ပြည်နယ် ဗန်းမော်-ကသာ ပြေးဆွဲသော မြမင်းအောင် အမည်ရှိ ရှပ်ပြေးရေယာဉ် နစ်မြုပ်မှုကြောင့် ပျောက်ဆုံးခဲ့သူများထဲမှ ရုပ်အလောင်း ၈ လောင်း ရှာဖွေတွေ့ရှိခဲ့ကြောင်း ဗန်းမော်မြို့နယ် ရဲစခန်း က ပြောသည်။
မြမင်းအောင် ရှပ်ပြေးရေယာဉ် ဇူလိုင်၂၀ ရက်နေ့က ဗန်းမော် ဆိပ်ကမ်း အထွက် ရေစီးနှင့်မျောပါ နစ်မြုပ်ချိန်တွင်ပင် ခရီးသည် ၇၀ ကျော်ကို ကယ်တင်နိုင်ခဲ့ပြီး ယမန်နေ့ ညနေပိုင်းအထိ သေဆုံးသူ ၈ ဦး၏ ရုပ်အလောင်းများကို ရှာဖွေဆယ်ယူနိုင်ခဲ့ကြောင်း ရဲ အရာရှိ တဦးက ပြောသည်။
“အခုထိတော့ ၈ ဦးပဲ ဆယ်လို့ရသေးတယ်။ ကလေးတွေတော့မပါဘူး။ အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၆ ဦး၊ ကျနော်တို့အနေနဲ့ ရှာဖွေမှုတွေ ဆက်တိုက်လုပ်နေတယ်၊ ရှပ်ပြေးကတော့ ရေအောက်မှာပဲ ရှိနေသေးတယ်၊ မဆယ်ရသေးဘူး”ဟု သူက ဧရာဝတီသို့ ပြော သည်။
ရေယာဉ်နစ်မြုပ်မှုကြောင့် ပျောက်ဆုံးနေသူများ၏ မိသားစုဝင်များကလည်း ပျောက်ဆုံးသူ ၂၇ ဦး၏စာရင်းကို လာပေးထားကြောင်း သူက ဆက်ပြောသည်။
ရေယာဉ်ပေါ်တွင် လိုက်ပါသူ အတိကျမသိရသေးသော်လည်း ကယ်ဆယ်ရရှိသူနှင့် ပျောက်ဆုံးသူများ စာရင်းကို တွက်ချက် ကာ ၁၀၀ ဝန်းကျင်ခန့် ရှိနိုင်ကြောင်း ရဲက ခန့်မှန်းသည်။
ရှပ်ပြေးရေယာဉ် နစ်မြုပ်မှုတွင် ရှာဖွေရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းများကို မြို့နယ် ရဲတပ်ဖွဲ့များ အပါအဝင် ဒေသဆိုင်ရာ အာ ဏာပိုင် အဖွ့ဲများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ မီးသတ်နှင့် ကြက်ခြေနီ အဖွဲ့များက ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
“ရှပ်ပြေးက ဒီမြို့မ ဆိပ်ကမ်းက ထွက်ထွက်ခြင်းပဲ ဂီယာမဝင်ဘဲနဲ့ ဘေးက ရပ်ထားတဲ့ ရေယာဉ်တွေကို ဝင်တိုက်တယ်၊ ရေစီး က လည်း သန်နေတော့ တိမ်းမှောက်သွားတာ၊ အခု ပျောက်ဆုံးစာရင်း လာပေးထားတာလည်း လူ ၂၀ ကျော်ရှိနေတယ်”ဟု အထက် ပါ ရဲ အရာရှိက ပြောသည်။
ပြီးခဲ့သည့် ဇူလိုင် ၂၁ ရက်နေ့ ထုတ် အစိုးရ မြန်မာ့အလင်း သတင်းစာ၌မူ အဆိုပါရေယာဉ်ပေါ်တွင် ခရီးသည် ၈၀ ကျော် ပါဝင်ကာ ၇၃ ဦးကို ကယ်တင်နိုင်ခဲ့ပြီး တဦး သေဆုံးသွားကြောင်း ၁၀ ဦးထက်မနည်း ပျောက်ဆုံးနေကြောင်း ဖော်ပြထားသည်။
ထို့အတူ ရေယာဉ်တိမ်းမှောက်မှုထဲ၌ မြစ်ကြီးနားမြို့ ကချင်ပြည်နယ် တက္ကသိုလ် ဇုန် ဘောလုံးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ဗန်းမော် တက္ကသိုလ် အမျိုးသား ဘောလုံးအသင်းမှ နည်းပြတဦးနှင့် ဘောလုံးသမား ၅ ဦးတို့သည်လည်း ပျောက်ဆုံးနေသူများ စာရင်းတွင် ပါဝင်နေကြောင်း ထည့်သွင်း ဖော်ပြထားသည်။
မြမင်းအောင် ရှပ်ပြေးရေယာဉ်၏ သံကိုယ်ထည်မှာ အလျား ၉၅ ပေ၊ အနံ ၅ ပေခွဲ ရှိကြောင်း မြန်မာ့အလင်း သတင်းစာ၌ ပါရှိသည်။
ယခုနှစ် မတ်လပိုင်းကလည်း ဧရာဝတီတိုင်း ပုသိမ်မြို့နှင့် ငပုတောမြို့နယ် သရက်တော ကျေးရွာသို့ ခရီးသည် ၁၀၀ ကျော်နှင့် ကုန် ပစ္စည်းများ တင်ဆောင်ထားသော ပုသိမ်သူ အမှတ်(၁၁) ရှပ်ပြေးရေယာဉ် တစီး ပုသိမ်မှ အပြန် ငပုတော ရေယာဉ်ဆိပ် အနီး အရှိန် မထိန်းနိုင်ဘဲ နစ်မြုပ်မှုဖြစ်ပွားခဲ့သည်။
ထိနစ်မြုပ်မှုတွင် သေဆုံး၊ ပျောက်ဆုံးသူပေါင်း ၂၀ ကျော်ရှိပြီး ၇၅ ဦး အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက သတင်းထုတ်ပြန်ခဲ့သည်။