သတင်း

လယ်သမားအကျိုးဆောင်ကို တရားစွဲဖို့ ဇေကမ္ဘာ ပြင်ဆင်

This article has been converted from Zawgyi One to Unicode

ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာမှ လယ်သိမ်းခံ လယ်သမားများအရေး ကူညီပေးနေသူ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေကို ဇေကမ္ဘာကုမ္ပဏီက အသရေဖျက်မှုဖြင့် တရားစွဲဆိုရန် ပြင်ဆင်နေကြောင်း သတင်းရရှိသည်။

ဇေကမ္ဘာကုမ္ပဏီ၏ မန်နေဂျာ ဦးမြင့်ဇော်က အသရေဖျက်မှုနှင့် တရားစွဲရန် မင်္ဂလာဒုံမြို့နယ် တရားရုံးသို့ ဦးတိုက်လျှောက်ထားမှုကြောင့် အသရေဖျက်မှု မြောက်မမြောက် စစ်ဆေးရန် မြို့နယ်ရဲစခန်းမှ ကျင့်ထုံးဥပဒေ ၂၀၂ (၁) အရ ဦးနေမျိုးဝေကို ယနေ့နံနက်က ခေါ်ယူမေးမြန်းခဲ့သည်ဟု ဆိုသည်။

“ရွှေနံသာက လယ်တွေက စက်မှုဇုန် ဇုန် (၄) လန ၃၉ ကျပြီးသားလို့ ဇေကမ္ဘာက ပြောတယ်။ ဒါဟာ လန ၃၉ မကျသေးဘူး၊ စက်မှုဇုန်အဖြစ် မသတ်မှတ်ရသေးဘူးလို့ တုံ့ပြန်လို့ သူတို့ရဲ့ ဂုဏ်သိက္ခာကို ကျစေတယ်၊ ညိုးနွမ်းစေတယ်၊ အသရေဖျက်တယ် ဆိုပြီး ဖြစ်တာ” ဟု ဦးနေမျိုးဝေက ပြောသည်။

တရားရုံး၏ ညွှန်ကြားချက်အရ စစ်ဆေးမှုများကို ပြုလုပ်ပြီးမှ ရရှိသည့် အချက်အလက်များအပေါ် အခြေခံ၍ တရားစွဲရန် အမှုမြောက် မမြောက်ကို တရားရုံးမှ ဆုံးဖြတ်မည်ဖြစ်သည်ဟု ဆိုသည်။

ရွှေနံ့သာကျေးရွာ အပါအဝင် အပေါင်၊ ပေါင်းကူးစသည့် ကျေးရွာများမှ လယ်သမား ၈၀ ကျော်ပိုင် လယ်မြေဧက ၈၅၀ ကျော်ကို ၂၀၁၀ ပြည့်နှစ်အတွင်းက ဇေကမ္ဘာကုမဏီက သိမ်းယူခဲ့သည်။ အဆိုပါ လယ်ယာမြေများ ပြန်လည် ရရှိရေးအတွက် လယ်ပိုင်ရှင်များ၏ ကြိုးပမ်းနေမှုကို ဦးနေမျိုးဝေက ကူညီဆောင်ရွက်ပေးနေခြင်းဖြစ်သည်။

“ကျနော်တို့က မြေသိမ်းတဲ့ကိစ္စတွေကို အပြတ် ဆန့်ကျင်နေတာလည်း မဟုတ်ဘူး။ နိုင်ငံဖွံ့ဖြိုးမှုအတွက် လိုအပ်လို့ရှိရင် ပုဂ္ဂလိက ပိုင်ခွင့်အပြည့်အဝရှိတဲ့ အမေရိကန်လိုမှာမျိုးတောင် သိမ်းနေတာဗျာ။ ဒါပေမယ့် လူသားဆန်စွာ ဘယ်လို သိမ်းတယ်၊ ဘယ်လို လုပ်တယ်ဆိုတာကို ထောက်ပြတာ။ ကျနော်တို့နိုင်ငံမှာရှိတဲ့ လုပ်ငန်းရှင်ကြီးတွေ သူဌေး သူကြွယ်ကြီးတွေကလည်း ကျနော်တို့ ထုတ်ခဲ့တဲ့စာတွေကို သေချာဖတ်စေချင်ပါတယ်။ အခုက မိတ်ဆွေလို မဖြစ်တော့ဘဲ ရန်သူလို တရားတဘောင်တွေ ဘာတွေဖြစ်ရတော့ ကျနော် ဝမ်းနည်းတယ်ဗျာ” ဟု ဦးနေမျိုးဝေက ပြောသည်။

ဇေကမ္ဘာကုမဏီက အဆိုပါ လယ်မြေများကို အိုးအိမ်ဦးစီးဌာနက သိမ်းယူခြင်းသာဖြစ်ပြီး ၎င်းတို့အနေဖြင့် ထိုမြေပေါ်တွင် ဖွံ့ဖြိုးရေးလုပ်ငန်းသာ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့၍ ပုဒ် ၄၁၇ လိမ်လည်မှု၊ နိုင်ငံတော်အာဏာ အလွဲသုံးစားမှုတို့ဖြင့် ဇေကမ္ဘာကုမဏီပိုင်ရှင် ဦးခင်ရွှေကို လယ်သမားများက တရားစွဲဆိုထားသေးသည်။

Loading