မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းဒေသတွင် ဇူလိုင်လ ၁၅ ရက်နေ့မှ စတင်၍ ညမထွက်ရ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် နယ်မြေတွင် ယမန်နေ့ညက သေနတ် ပစ်ဖောက်မှု ဖြစ်ခဲ့ကြောင်း သတင်းရရှိသည်။
“မနေ့ညက ၈ နာရီ ၃၀ မှာ သေနတ် ၃ ချက် ပစ်တယ်ဗျာ။ ကျနော်တို့ ရွာနဲ့ ဂိုက် ၅၀ ပဲ ဝေးတယ်။ ၉ နာရီ မတ်တင်း ( ည ၈း ၄၅ နာရီ) မှာ နောက်ထပ် ၂ ချက်ပစ်တယ်ဗျာ” ဟု ဒေသခံ ကျော်ရွာသား တဦးဖြစ်သည့် ဦးပြုံးချိုက ဧရာဝတီသို့ ပြောသည်။
သို့သော် ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ကြောင်း၊ ရွာအနီး ဖြတ်သန်းသွားလာသူများကို ခြိမ်းခြောက်၍ ပစ်ခတ်ခြင်းဖြစ်နိုင်ကြောင်း၊ သို့သော် ရွာသူ ရွာသားများမှာ ထိပ်လန့်နေကြကြောင်း ၎င်းက ဆက်ပြောသည်။
အဆိုပါ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် ဒေသတွင် ကြေးနီ စီမံကိန်းအတွက် ဒေသအနီးတဝိုက်ရှိ ကျေးရွာ ပေါင်း ၂၆ ရွာကို စီမံကိန်းနယ်မြေအဖြစ် ၂၀၁၀ ပြည့်နှစ်က မတရား သတ်မှတ် သိမ်းပိုက်ခဲ့ကြောင်း၊ စီမံကိန်းနှင့် အနီးဆုံး ကျေးရွာ ၄ ခုကိုလည်း မြေအစား လျှော်ကြေးမပေးခဲ့ဘဲ စိုက်ပျိုးသီးနှံ လျှော်ကြေးသာ ပေးခဲ့ပြီး သိမ်းပိုက်ခဲ့ကြောင်း၊ တချို့ရွာသားများက ပြောင်းရွှေ့မပေးဘဲ နေခဲ့ကြပြီး မြေယာအငြင်းပွားလျက် ရှိနေကြောင်း ဦးပြုံးချိုက ဆိုသည်။
မုံရွာကြေးနီ စီမံကိန်းသည် မြန်မာနိုင်ငံတွင် အကြီးဆုံး ကြေးနီ စီမံကိန်းတခုဖြစ်ပြီး ယခင် မြန်မာအစိုးရ အမှတ် (၁) သတ္ထုတွင်း ဝန်ကြီးဌာနနှင့် ကနေဒါအခြေစိုက် အိုင်ဗင်ဟိုး ကုမ္ပဏီ (Ivanhoe Mines) တို့ ပူးပေါင်းဖွဲ့ စည်းထားသော မြန်မာ အိုင်ဗင်ဟိုး ကြေးနီ ကုမ္ပဏီလီမိတက် (Myanmar Ivanhoe Copper Company Limited – MICCL) က ၂၀၀၉ ခုနှစ် မတိုင်မီက လုပ်ကိုင်ခဲ့သည်။
MICCL ကို အမေရိကန် ပြည်ထောင်စု ဘဏ္ဍာရေး ဝန်ကြီးဌာနက တားမြစ် ကုမ္ပဏီများ စာရင်းတွင် ၂၀၀၉ ခုနှစ်က သတ်မှတ်ခံရသည့်အတွက် အိုင်ဗင်ဟိုး ကုမ္ပဏီမှာ မြန်မာနိုင်ငံမှ ထွက်ခွာသွားခဲ့သည်။
ထိုသို့ ထွက်ခွာသွားပြီးနောက် တရုတ်-မြန်မာ ဖက်စပ် ကုမ္ပဏီတခုဖြစ်သော Myanmar Wan-Bao Mining Copper Ltd နှင့် ဦးပိုင်လိမိတက်တို့က ယခုအခါ ပူးပေါင်း လုပ်ကိုင်နေသည်။
မုံရွာ ကြေးနီ စီမံကိန်းအတွက် ၂၀၁၂ ခုနှစ် မေလ က လယ်ယာမြေ ဧကပေါင်း ၇၈၆၈ ခန့်ကို နိုင်ငံပိုင် မြေဖြစ်သဖြင့် လျော်ကြေးပေး၍ သမ္မတအမိန့်ဖြင့် သိမ်းပိုက်ခြင်းဖြစ်သည်ဟု ကုမ္ပဏီ တာဝန်ခံများနှင့် ဒေသဆိုင်ရာ အာဏာပိုင်များက ရွာသူ ရွာသားများကို ပြောဆိုခဲ့ကြောင်း သိရသည်။
ဒေသခံ တောင်သူများက မကျေနပ်၍ ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့က ၃ ရက်နေ့ထိ ဆန္ဒပြမှု ဖြစ်ပွားခဲ့ပြီးနောက် စီမံကိန်း လုပ်ကိုင်နေသူ တာဝန်ခံများနှင့် ကြားဝင် ညှိနှိုင်းကြရာတွင် နားလည်မှုတခု ရခဲ့ကြောင်း မုံရွာဒေသခံဖြစ်ပြီး ယင်းကိစ္စတွင် ကူညီ အကျိုးဆောင်ပေးနေသူ ကိုမျိုးသန့်က ပြောသည်။
“အဲဒီ နားလည်မှု ရလိုက်တာက လောလောဆယ် ဒီပြဿနာတွေ ဖြေရှင်းမပြီးခင် မြေယာတွေပေါ် စွန့်ပစ်ပစ္စည်းနဲ့ မြေတွေ စုပုံတာတွေကို ရပ်ထားပေးမယ်။ အဆောက်အဦး ဆောက်တာတွေ ရပ်ထားပေးမယ်ဆိုတဲ့ နားလည်မှု ရထားပြီးတော့ အဲဒီဟာကို ဦးပိုင်က စီမံကိန်း တာဝန်ခံ ဦးမြင့်အောင်က ဝန်ခံ ကတိလက်မှတ် ရေးထိုးထားတယ်” ဟု ၎င်းက ဆိုသည်။
ထို့သို့ လက်မှတ်ရေးထိုးပြီး နောက်ပိုင်း တရုတ်ကုမ္ပဏီက လုပ်ငန်းများ လုံး၀ နီးပါးရပ်သွားကြောင်း၊ အတည်မပြုနိုင်သော်လည်း ထွက်ပေါ်နေသော သတင်းများအရ ၆ လ နားမည်ဖြစ်ပြီး အဆိုပါ ကာလအတွင်း ညှိနှိုင်းဆောင်ရွက်မည်ဟု ကြားနေရကြောင်း၊ တရုတ် ကုမ္ပဏီက အလံများပါ ဖြုတ်ပစ်လိုက်ပြီး လုပ်ငန်း ရပ်ဆိုင်းထားကြောင်း၊ သို့သော် ဦးပိုင်လီမိတက်က ဆက်လုပ်လျက် ရှိပြီး ယခု နောက်ဆုံး ဦးပိုင်၏ ဖိအားဖြင့် ဇူလိုင်လ ၁၅ ရက်နေ့က စတင်ပြီး အဆိုပါ ဒေသတဝိုက်ကို ဒေသအာဏာပိုင်တို့က ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ကြောင်း ကိုမျိုးသန့်က ဆက်ရှင်းပြသည်။
ထို့အပြင် မတရား မြေသိမ်းရုံမျှမက အဆိုပါဒေသတွင် ပုဒ်မ ၁၄၄ ပါ ထုတ်ပြန်ခဲ့သည့်အတွက် မကျေမနပ်ဖြစ်နေသူ ဒေသခံ တောင်သူ ၅၀၀ ကျော်တို့ကလည်း ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်ကို သက်ဆိုင်ရာသို့ ယနေ့ တင်ပြလိုက်ကြောင်း သိရသည်။
“မြေယာသိမ်းခံရတဲ့ ဒေသခံ တောင်သူ ၅၀၅ ဦးက ဆန္ဒပြကြမှာပါ။ တကယ်တော့ မြေသိမ်းခံထိတာက ၈၀၀ လောက် ရှိတာဗျ။ တချို့က ဝန်ထမ်းတွေပါတော့ အကုန်လုံး မပါနိုင်တော့ဘူး။ ဆန္ဒပြမှာက ဇူလိုင်လ ၃၀ ရက်ကနေ သြဂုတ်လ ၁ ရက် ဗုဒ္ဓဟူးနေ့အထိ ၃ ရက်ပြမှာပါ” ဟု မုံရွာ ဒေသခံ တဦးဖြစ်သူ ကိုမျိုးသန့်က ပြောသည်။
ဆန္ဒပြရန်အတွက် ၅ ရက် ကြိုတင်၍ ယနေ့ နေ့လယ်ပိုင်းက ဒေသခံ ရွာသားများက သက်ဆိုင်ရာသို့ တရားဝင် ဆန္ဒပြခွင့်ကို ဆန္ဒပြမည့် လမ်းကြောင်း၊ ဆန္ဒပြမည့် လူဦးရေ၊ ဆိုင်းဘုတ်များစသဖြင့် အသေးစိတ်ဖြင့် တင်ပြခဲ့ကြောင်း သူက ဆက်ပြောသည်။
ကြွေးကြော်သံများမှာ ပုဒ်မ ၁၄၄ ရုပ်သိမ်းရေး၊ မြေယာအငြင်းပွားမှု ဖြေရှင်းမပြီးသရွေ့ စီမံကိန်း ရပ်ထားရေး၊ (၃) ဝက်မင်းဘုန်းကြီးကျောင်း ပြန်ဖွင့်ရေး၊ (၄) တောင်သူလယ်သမား အခွင့်အရေး အပြည့်ရရှိရေး၊ (၅) ကျေးရွာ ၄ ရွာ မပြောင်းရွှေ့ရေး၊ (၆) ယာမြေများ လွတ်လပ်စွာ လုပ်ခွင့်ရရေးတို့ ဖြစ်ကြောင်း သိရသည်။