သတင်း

ကလေး အလုပ်သမားများ ဆန္ဒပြမှု အောင်မြင်

This article has been converted from Zawgyi One to Unicode

မန္တလေးစက်မှုဇုန်ရှိVe Ve အချိုရည် စက်ရုံတွင်အလုပ်လုပ်နေသောကလေးအလုပ်သမားများ အပါအဝင် အလုပ်သမား ၁၀၀ ကျော်သည် လုပ်ခ လစာနှင့် အခွင့်အရေးများ အပြည့်အ၀ မရရှိသည့်အတွက်ယမန်နေ့က ထိုင် သပိတ်မှောက်ပြီး ဆန္ဒပြ တောင်းဆိုမှုများပြုလုပ်ခဲ့ရာ အောင်မြင်ခဲ့ကြောင်းသိရသည်။

ယင်းစက်ရုံတွင် အခြေခံ လုပ်ခလစာကိုကျပ် ၁ သောင်းခွဲခန့်သာပေးပြီး ဒဏ်ကြေးနှင့် လစဉ် ဖြတ်တောက်ကြေးများပြင်းထန် သည့်အတွက် အချက် ၁၃ ချက်ကို ဆန္ဒပြ တောင်းဆိုကြခြင်းဖြစ်သည်။

VeVe အချိုရည် စက်ရုံတွင်အသက်၁၂ နှစ်မှအသက်၁၈ နှစ်အတွင်းအသက်မပြည့်သေးသည့်ကလေးအလုပ်သမား ၃၀ ကျော် ရှိကြောင်း စုံစမ်းသိရှိရသည်။ယင်း ကလေး အလုပ်သမား များသည်စားဝတ်နေရေးအဆင်မပြေသည့်အတွက်ကျောင်းမှထွက်ကာ အလုပ်ဝင်နေရခြင်း ဖြစ်သည်။ကျန် ဆန္ဒပြအလုပ်သမားများမှာ အသက် ၂၀ ဝန်းကျင်ခန့်သာ ရှိကြောင်း သိရသည်။

‘‘၁၁ နှစ်သာသာ အရွယ်ကလေးတွေနဲ့တွေ့ဆုံပြီးစကားပြောရတယ်။အဲဒီကလေးတွေကထုပ်ပိုးမှုတွေလုပ်ရတယ်လို့သိရတယ်။အလုပ် ပိတ်ရက်လည်းလုံးဝမရှိဘူး။ပိုက်ဆံရှင်းတဲ့ အခါမှာလည်းဖြတ်တောက်တာတွေများတယ်လို့ပြောတယ်။ အလုပ်သမား ဝန်ကြီးဌာနကသတ်မှတ်ပေးထားတဲ့ဥပဒေ ဘောင်အတွင်းရသင့်ရထိုက်တဲ့အခွင့်ရေးတွေကိုသူတို့တတွေရသင့်တယ်လို့ကျနော် မြင်တယ်”ဟုMTC ကုန်ဈေးနှုန်း ကျဆင်းရေးအင်အားစုမန္တလေး တာဝန်ခံကိုစောလှအောင်ကပြောသည်။

နိုင်ငံတကာ အလုပ်သမားအဖွဲ့ (ILO) ၏ အဓိပ္ပာယ် သတ်မှတ်ချက်တွင် အသက် ၁၈ နှစ်အောက် အရွယ် အလုပ်လုပ်လျှင် ကလေး အလုပ်သမား အဖြစ် သတ်မှတ်ပြီး ယင်း ကလေး အလုပ်သမားများသည် မိဘ၏ ခွင့်ပြုချက်ရရှိပြီး ၎င်းတို့၏ ကျောင်းချိန်ပြင်ပတွင် ပညာရေးကို မထိခိုက်စေဘဲ မိသားစုအတွက် အထောက်အပံ့ ရ၍သော်လည်းကောင်း၊ ကလေးအတွက် မုန့်ဖိုး ရှာသည့် အနေဖြင့် သော်လည်းကောင်း အလုပ်လုပ်နိုင်ကြောင်း၊ သို့ရာတွင် ၎င်းတို့ အလုပ်လုပ်သည့် ပတ်ဝန်းကျင်သည် ကလေးများအတွက် ကျန်းမာရေး ထိခိုက်သည့်နေရာ၊ ကလေးအရွယ်နှင့် မတန်တရာ ခိုင်းစေသည့် နေရာ မဖြစ်သင့်ကြောင်း၊ ထို့အပြင် ကြီးပြင်းလာသည့် အချိန်တွင် ပတ်ဝန်းကျင် အတွက် အကျိုးကျေးဇူး ဖြစ်ထွန်းစေမည့် စိတ်ဓာတ် ပျက်ပြားသော အလုပ်မျိုး ကလေးအလုပ်သမား များအား မခိုင်းစေသင့်ကြောင်း ဖော်ပြပါရှိသည်။

ယမန်နေ့ထုတ် ကြေးမုံသတင်းစာတွင်မူ မြန်မာနိုင်ငံ အလုပ်သမား ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်၏ ပြောကြားချက်ကို ကိုးကားကာ အသက် ၁၅ နှစ်အောက် ကလေး အလုပ်သမားများကို တနေ့ ၄ နာရီထက် ပို၍ အလုပ်မခိုင်းသင့်ကြောင်း ရေးသားထားသည်။

အလုပ်သမားဝန်ကြီးဌာနက စက်ရုံဝန်ထမ်းများကို အခြေခံ လစာကျပ် ၅၆၇၀၀ ဟုသတ်မှတ် ပေးထားသော်လည်းVe Ve အချိုရည် စက်ရုံတွင်တာဝန်ထမ်းဆောင်နေသည့်အလုပ်သမားများမှာလစာကျပ်အပြင် အချိန်ပိုကြေးနှင့် ပေါင်းမှ တလ ကျပ် ၅၀၀၀၀ ခန့်သာ ရရှိကြသည်။

ရက်မှန်ကြေး ၁၃၀၀၀ သတ်မှတ်ပေးထား သော်လည်းတလအတွင်းတနင်္ဂနွေ တရက်ပျက်လျှင်ကျပ် ၈၀၀၀ ဖြတ်တောက်ကြောင်း၊ကြားရက် တရက်ပျက်လျှင် တပြားမှ မရရှိတော့ကြောင်း ဆန္ဒပြ အလုပ်သမားများကပြောသည်။

အဆိုပါစက်ရုံရှိအလုပ်သမား များသည်တရက်လျှင်၁၂ နာရီအလုပ်လုပ်ရပြီးတနင်္ဂနွေနေ့တိုင်း၂၄ နာရီအလုပ်လုပ် ကြရကြောင်း၊အချိန်ပို ဆင်းရသည့်တွက်တခြားခံစားခွင့်မရှိဘဲတလလျှင်အချိန်ပိုကြေးကျပ်ငါးထောင်ခန့်ပင်မရကြောင်း ဆန္ဒပြသည့်အလုပ်သမားများထံမှသိရသည်။

‘‘အချိုရည်ဗူးတွေတညလုံးကားပေါ်တင်ပေးရတယ်။အချိုရည်ပါကင်တွေ ငါးဆင့်တန်း ငါးဆင့်တန်းကား တင်ပေးရတာ။ ဒီစက်ရုံမှာက ကလေးတွေပဲရှိတယ်။ ကျနော်တို့လူကြီးတွေတောင် မနည်းသယ်ရတာ။သူတို့က ကလေးတွေဆိုတော့ပိုဆိုးတာပေါ့” ဟုယင်းစက်ရုံရှိ ထုပ်ပိုးကဏ္ဍတွင်လုပ်ကိုင်နေသည့်အသက် ၂၀ အရွယ်အလုပ်သမား တဦးကပြောသည်။

စက်ရုံတွင်အချိုရည်ဗူးများကိုထုပ်ပိုးရင်း မတော်တဆ အချိုရည်တဗူး ပေါက်သွားပါကကျပ် ၅ ထောင်ဒဏ်ရိုက် ကြောင်းလည်းဝန်ထမ်းများက ဆိုသည်။

‘‘ပြီးခဲ့တဲ့ အာဇာနည်နေ့ကလည်းအလုပ်ကိုပိတ်မပေးဘူး။သင်္ကြန်ရက်တွေ ဆိုလည်း ၂ ရက်ပဲအလုပ်ပိတ်ပေးတယ်။အဲဒီ အတွက်လည်းပိုက်ဆံပိုရတာတွေမရှိဘူး။အလုပ်ဆင်းတဲ့ အခါမှာလည်းနေ့ရော၊ညရောဆင်းပေးရတာပါ”ဟုအသက် ၁၈ နှစ် အရွယ်ရှိမဆွေဆွေဝင်းကပြောသည်။

Ve Ve အချိုရည်စက်ရုံမှအလုပ်သမားတာဝန်ခံက အလုပ်သမား ကလေးများကိုရိုင်းပြစွာဆဲဆို၍အုပ်ချုပ်ကြောင်း၊ ထမင်းကိုလည်းအချိန်မှန်မစားရဘဲအလုပ်လုပ်ကြရကြောင်းသိရသည်။

ယမန်နေ့က အလုပ်သမားများ ဆန္ဒပြမှုနှင့် ပတ်သက်၍မြို့နယ်အလုပ်သမားဦးစီးဌာန၊အလုပ်ရှင်နှင့်အလုပ်သမား ခေါင်းဆောင်၁၀ ဦးတို့ ညှိနှိုင်း ဆွေးနွေးခဲ့ရာတောင်းဆိုမှု အားလုံးရရှိခဲ့သည်။

‘‘ကျနော်တို့ မနက်၇ နာရီကဆန္ဒစပြတာညနေ၄ နာရီခွဲမှာအားလုံး အဆင်ပြေသွားပါတယ်။ကျနော်တို့တောင်းဆိုဆန္ဒပြတဲ့ အချက်တွေကိုအလုပ်ရှင်ကအားလုံးလိုက်လျောပေးတယ်။ အခုဆိုအချိန်ပြည့်အလုပ်လုပ်စရာ မလိုတော့ပါဘူး”ဟုဆန္ဒပြအလုပ်သမားခေါင်းဆောင်ကိုဇေယျာဦးကပြောသည်။

တောင်းဆိုသည့် အချက် ၁၃ ချက်တွင်ပါရှိသော နိုင်ငံတကာ စံချိန်စံနှုန်းအတိုင်း တရက် ၈ နာရီသာ အလုပ်ဆင်းရေး၊ အခြေခံ လုပ်ခလစာ အပြည့်အဝရရှိရေး၊ အလုပ်သမားများအား ကျန်းမာရေး စောင့်ရှောက်မှုပေးရေး စသည့်အချက်များ အပါအဝင် အချက်အားလုံး ရရှိပြီဖြစ်ကြောင်း၊ အချိန်ပိုကြေး အပါအဝင် တလ ကျပ် ၁ သိန်းခန့် လစာ ရရှိမည်ဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့ပြည်ကြီးတံခွန်မြို့နယ်စက်မှုဇုန်တွင်စက်ရုံ ၁၀၀၀ ကျော် ရှိသည့်အနက်အလုပ်သမား ဆန္ဒပြသည့်စက်ရုံ ၄ ရုံရှိပြီဖြစ်သည်။ယင်းစက်ရုံများမှာအောင်စိန် ချည်မျှင်နှင့် အထည်စက်ရုံ၊နေတံဆိပ်ဓာတ်ခဲစက်ရုံ၊ရသာကောင်း ချိုချဉ်စက်ရုံနှင့်VeVe အချိုရည် စက်ရုံတို့ဖြစ်သည်။

 

Loading