ကချင် လွပ်လပ်ရေး အဖွဲ့ (KIO) ၏ ဝန်ထမ်းနှင့် ဖောက်ခွဲရေးသမားဟု စွပ်စွဲ ဖမ်းဆီးထားသော ဦးလထော် ဘရန်ရှောင်မှာ ဖမ်းဆီးခံထားရစဉ် စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ) ၏ နှိပ်စက်သည့် ဒဏ်ရာများကြောင့် စိတ်မူမမှန်သည့် အခြေအနေ တွေ့ရှိရကြောင်း မျက်မြင်များက ပြောသည်။
စရဖ က တရားလိုအဖြစ် တရားစွဲဆိုထားသည့် ဦးဘရန်ရှောင်ကို မြစ်ကြီးနားမြို့နယ် တရားရုံးတွင် တတိယမြောက် ရုံးချိန်း ခေါ်ထုတ်လာခဲ့ပြီး ယမန်နေ့က ရုံးထုတ်ခဲ့ရာတွင် သူ၏ အပြုအမူနှင့် လှုပ်ရှားမှုများကို တွေ့မြင်ခဲ့ရသူများက ယခုကဲ့သို့ ပြောဆို ကြခြင်းဖြစ်သည်။
“သူ့ပုံစံ အရင်ကနဲ့ မတူတော့ဘူး။ စိတ်ကျန်းမာရေး ထိခိုက် နေပုံရတယ်။ အရမ်းကြောက်ရွံ့ပြီး မတည်မငြိမ်နဲ့ ခြောက်ခြား နေတဲ့ ပုံစံဖြစ်နေတယ်” ဟု ဦးဘရန်ရှောင်၏ ရှေ့နေ ဦးဂျီမာခါးက ဧရာဝတီသို့ပြောသည်။
ဦးခေါင်း၊ မျက်နှာ၊ ပေါင်တွင် ဓားဖြင့် ထိုးမွှေ ထားသောကြောင့် ခန္ဓာကိုယ် အနံှ့ ဒဏ်ရာများ ရရှိထားသော ဦးဘရန်ရှောင်ကို ဆေးကုသခွင့်ပေးရန် ယခုလ ၁၁ ရက်နေ့ ပထမဆုံး ရုံးချိန်းတွင် သူ၏ ရှေ့နေ ဦးဂျီမာခါးက တောင်းဆိုခဲ့ခြင်းကို တရားရုံးက ပယ်ချခဲ့သည်။ ထို့အတူ အနှိပ်စက်ခံ ဒဏ်ရာများကို ဓာတ်ပုံ မှတ်တမ်းယူခွင့် တောင်းဆိုသည် ကိုလည်း ပိတ်ပင်ခဲ့သည်။
ယနေ့ တရားရုံးထုတ်ရာတွင် တွေ့ရှိခွင့်ရခဲ့သူများက ဦးဘရန်ရှောင်၏ ဒဏ်ရာများ သက်သာလာသည်ကို တွေ့မြင်ရ သော်လည်း အမာရွတ်များ ကျန်နေသေးကြောင်း၊ ထို့အပြင် ဦးဘရန်ရှောင်မှာ တဦးတည်း ဆောက်တည်ရာမရသော အမူအရာများ ဖြစ်နေသည်ကို တွေ့မြင်ခဲ့ရကြောင်း ပြောသည်။
“တခါတလေ သူ ဝမ်းနည်းတယ်ထင်တယ်၊ ငိုတယ်ဗျ၊ တခါတလေ သူ့တယောက်တည်း ပြုံးလိုက်၊ ရယ်လိုက်နဲ့ ဂဏှာမငြိမ်ဘူး ဖြစ်နေတယ်” ဟု တရားရုံးသို့ သွားရောက်ကြည့်ရှုခဲ့သူ ဂျန်မိုင်ကောင် ဒုက္ခသည်စခန်း တာဝန်ခံ ဦးအောင်မြတ်က ဆိုသည်။
ယနေ့ရုံးချိန်းတွင် ဦးဘရန်ရှောင်အား ဖောက်ခွဲရေးသမားဟု အမည်တပ်၍ ဂျန်မိုင်ကောင်ဒုက္ခသည် စခန်းတွင် ဝင်ရောက် ဖမ်းဆီးခဲ့သူ မြစ်ကြီးနားခရိုင် ဒုစရိုက် နှိမ်နှင်းရေး တပ်ဖွဲ့မှ ဒုရဲအုပ် ကျော်မျိုးနိုင်က တရားလိုပြ သက်သေအဖြစ် ထွက်ဆိုခဲ့သည်။ ၎င်းအနေဖြင့် ဦးဘရန်ရှောင်သည် ဗုံးဖောက်ခွဲမှုတွင် ပါဝင်သူ တဦးဖြစ်ကြောင်း စရဖ၏ သတင်းပေးချက်အရ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး နှိပ်စက် မေးမြန်းမှုတွင် မပါဝင်ဟု ထွက်ဆိုခဲ့ကြောင်း သိရသည်။
“ကျနော် ကိုဘရန်ရှောင်နဲ့ စကားပြောကြည့်တော့ သူ့ကို အမြန်ဆုံးလွတ်အောင် လုပ်ပေးပါ၊ သူဟိုထဲမှာ နေရတာ သူ့ကို ဘယ်လို ထပ်လုပ်မယ်ဆိုတာ မသိဘူး၊ သူကြောက်တယ်ပေါ့ အဲဒီလိုပြောတယ်၊ သူလည်း စိတ်မငြိမ်ဘူး ဖြစ်နေတယ်” ဟု ဦးဂျီမာခါး က ပြောသည်။
ဦးဘရန်ရှောင်၏ စတုတ္ထမြောက် ရုံးချိန်းအဖြစ် ယခုလ ၂၆ ရက်နေ့တွင် တရားရုံးက ရက်ချိန်းပေးထားပြီး တရားလိုဘက်မှ တရားလိုပြ သက်သေအဖြစ် ထွက်ဆိုဦးမည် ဖြစ်သည်။
ယခုလဆန်းပိုင်းက ဦးဘရန်ရှောင်ကို ထောင်ကြီးချုပ်တွင် သွားရောက် တွေ့ဆုံခွင့် ရခဲ့သော ဇနီးဖြစ်သူ ဒေါ်ညွယ်ဇယ်၏ အဆိုအရ စရဖ အဖွဲ့ဝင်များသည် ဦးဘရန်ရှောင်အား KIA အရာရှိ ဖြစ်သည်ဟု အဓမ္မ ဝန်ခံခိုင်းကြောင်း၊ ညှဉ်းပန်း နှိပ်စက်မှုများကို မခံနိုင်တော့၍ စရဖ အဖွဲ့များ အလိုအတိုင်း ပြောဆိုခဲ့ရကြောင်း ဦးဘရန်ရှောင်က ၎င်းကို ပြောခဲ့သည်ဟု သိရသည်။
ဒုတိယမြောက် ရုံးချိန်းနေ့တွင် နှစ်ဘက်ရှေ့နေ၊ တရားလို၊ တရားခံမှအပ တရားရုံးအတွင်း ကြားနာခွင့် မပြုကြောင်း မြစ်ကြီးနား မြို့နယ် တရားရုံးက အမိန့်ထုတ်ပြန်ထားသဖြင့် ယမန်နေ့ရုံးချိန်းတွင် ဇနီးဖြစ်သူနှင့် ဒေသခံများ ဝင်ရောက်ကြားနာခွင့် မရခဲ့ပေ။
ဦးဘရန်ရှောင်ကို ဖမ်းဆီးခဲ့ပြီးနောက် ဂျန်မိုင်ကောင် ဒုက္ခသည်စခန်းထဲရှိ ဒုက္ခသည်များမှာလည်း ၎င်းတို့ လုံခြုံရေး အတွက် စိုးရိမ် ထိတ်လန့် နေကြပြီး လုံခြုံနိုင်မည့် နေရပ်ကို ရှာဖွေလိုနေကြသဖြင့် စခန်းတာဝန်ရှိသူများက ဖျောင်းဖျ ပြောဆို နေရကြောင်း ဂျန်မိုင်ကောင် ဒုက္ခသည်စခန်း တာဝန်ခံ ဦးအောင်မြတ်က ဧရာဝတီသို့ ပြောသည်။
“သူတို့မျက်စိအောက်မှာ ရိုးရိုးသားသားနဲ့ နေလာခဲ့တဲ့သူ ဒီလိုအဖြစ်မျိုး ကြုံနေတော့ တခြားလူတွေလည်း ကြောက်ကုန်တာပေါ့။ သူတို့ကိုလည်း အဲဒီလို လာပြီး စစ်ဆေးမေးမြန်းမှာကို ကြောက်နေကြတာ” ဟု ဦးအောင်မြတ်က ဆိုသည်။
အလားတူ အစိုးရထိန်းချုပ်မှုအောက်ရှိ မြစ်ကြီးနားမြို့နယ် ကျွန်းပြင်သာ ဒုက္ခသည်စခန်းမှ မိသားစု ၄ စုသည် KIO ထိန်းချုပ် သော လိုင်ဇာမြို့အနီး ဂျဲယန်ဒုက္ခသည် စခန်းသို့ ၄ ရက်ကြာ လမ်းလျောက်ပြီး ထွက်ပြေးလာကြောင်း စစ်ပြေးဒုက္ခသည် ကယ်ဆယ်ရေးကော်မတီ ဥက္ကဌ ဦးဒွဲပီဆာ့ က ဧရာဝတီသို့ပြောဆိုသည်။
နိုင်ငံတော်၏ အရိပ်အာဝါသအောက်တွင် မီတင်းနေထိုင်ကြသော ဒုက္ခသည်များကို ကြောက်ရွံ့မှုများ ဖုံးလွှမ်း နေခြင်းကို ကာကွယ်ပေးရန်၊ KIA အရာရှိအဖြစ်နှင့် ဖောက်ခွဲမှုတို့ဖြင့် စွပ်စွဲ ဖမ်းဆီးကာ တရားစွဲဆိုခံထားရသော ဦးဘရန်ရှောင် ကိစ္စကိုလည်း အမှန်တရားဘက်မှ ရပ်တည်၍ ကင်းလွတ်ခွင့်ပေးရန် သမ္မတ ဦးသိန်းစိန်ထံ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် က ယခုလ ၁၂ ရက်နေ့တွင် စာဖြင့် တင်ပြတောင်းဆိုထားသည်။
ဦးဘရန်ရှောင် လွတ်မြောက်ရေးအတွက် ၎င်းနေထိုင်ခဲ့သော ဂျန်မိုင်ကောင် ဒုက္ခသည်စခန်းမှ ဒုက္ခသည် ၅၀၀ ကျော် အပါအဝင် ခရစ်ယာန် ဘာသာရေး အသင်း အဖွဲ့များနှင့် မြို့ခံလူထု ၁၅၀၀ ကျော်က မြို့တွင်း လမ်းမကြီးများပေါ်နှင့် စရဖ ရုံး၊ ရဲစခန်း နှင့် တရားရုံး ရှေ့များတွင် ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်ခဲ့သေးသည်။