ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်းတွင် ကုသနေသည့် လူနာများ တလလျှင် ၂၀ ခန့် သေဆုံးပြီး အလောင်းများကို မီးသင်္ဂြိုဟ်ရန် အခက်အခဲ ကြုံတွေ့နေရသည်။
မယ်တော်ဆေးခန်းမှ သေဆုံးသည့် လူနာများ သင်္ဂြိုဟ်နေသည့် သုဿာန် အနီးအနားရှိ ထိုင်းဒေသခံနှင့် ကျောင်းသူကျောင်းသားများက ကန့်ကွက်မှုများကြောင့် အခက်အခဲ ကြုံတွေ့ရခြင်းဖြစ်ကြောင်း မယ်တော်ဆေးခန်းမှ စောကလိုထူးက ဧရာဝတီသို့ ပြောသည်။
သုဿာန်အနီးတွင် နေထိုင်ကြသည့် ထိုင်းဒေသခံများက မီးသင်္ဂြိုဟ်ရာမှ ထွက်လာသော အနံ့အသက်များသည် ကျန်းမာရေးနှင့် မညီညွတ်ဟုဆိုကာ ဇူလိုင်လ ဒုတိယ အပတ်မှ စတင်၍ ကန့်ကွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ မဲဆောက်ဆေးရုံကြီး အနေနှင့်လည်း ၎င်းတို့၏ဆေးရုံ၌ သေဆုံးသည့် လူနာများကိုသာ တာဝန်ယူ သင်္ဂြိုဟ်ပေးလေ့ရှိကြောင်း စောကလိုထူးက ဆက်ပြောသည်။
လတ်တလော သေဆုံးသည့် လူနာများအတွက် ထိုင်းအာဏာပိုင်များနှင့် နာလည်မှုယူ၍ တခြား အဆင်ပြေမည့် သုဿာန်များတွင် မီးသင်္ဂြိုဟ်သွားမည် ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် တပတ် စနေနေ့က မဲဆောက်မြို့တော်ဝန်ရုံးတွင် ထိုင်းတာဝန်ရှိသူများနှင့် ဒေါက်တာ စင်သီယာမောင်တို့သည် မယ်တော်ဆေးခန်းတွင် သေဆုံးသည့် လူနာများကို မီးသင်္ဂြိုဟ်ခွင့် ရရှိရေးကို အဓိကထား၍ တွေ့ဆုံဆွေးနွေးခဲ့သည်။
အစည်းအဝေး တက်ရောက်သူများ၏ အဆိုအရ သေဆုံးသည့်လူနာများ သင်္ဂြိုဟ်ခွင့်ရရန် ကိစ္စကို ထိုင်း အာဏာပိုင်များအနေနှင့် ကူညီဖြေရှင်းပေးမည်ဟု သိရသည်။
လတ်တလောတွင် မယ်တော်ဆေးခန်း၌ အပြင်လူနာ တနေ့လျှင် လူဦးရေ ၃၀၀ နှင့် အတွင်းလူနာ ၂၀၀ ခန့် ဆေးကုသနေပြီး အများစုမှာ ကင်ဆာရောဂါများဖြင့် သေဆုံးသူများကြောင်း သိရှိရသည်။
ထိုင်း အာဏာပိုင်များ၏ သတ်မှတ်ချက်အရ သေဆုံးသူများအား မီးသင်္ဂြိုဟ်ပါက ရပ်ကွက် အာဏာပိုင်များနှင့် ရဲစခန်းသို့ အကြောင်းကြားရပြီး ထောက်ခံချက် စာရွက်စာတမ်းများ ပြုလုပ်ရသည်။
မယ်တော်ဆေးခန်းကို ဒေါက်တာ စင်သီယာမောင်က ၁၉၈၉ ခုနှစ် အတွင်း စတင်တည်ထောင်ခဲ့ပြီး မြန်မာပြည်တွင်းနှင့် ထိုင်းနိုင်ငံရှိ မြန်မာပြည်သားများကို အခမဲ့ ဆေးကုသပေးနေရာ နှစ်စဉ် လူနာ ၁ သိန်း ၃ သောင်းခန့် လာရောက် ကုသကြောင်း သိရသည်။
အဆိုပါ ဆေးခန်းကို ထိုင်း-မြန်မာနယ်စပ် တလျှောက်ရှိ ရွှေ့ပြောင်း အလုပ်သမားများသာမက ဘားအံ၊ လှိုင်းဘွဲ့၊ သင်္ကန်းညီနောင်၊ ကော့ကရိတ်၊ မော်လမြိုင်၊ သထုံ၊ ပေါင်၊ မုတ္တမ၊ ဘီးလင်း၊ မြိတ်၊ ထားဝယ်၊ တောင်ငူ၊ ပုသိမ်၊ ရွှေဘို စသည့် ဒေသများမှ လူနာများ မယ်တော်ဆေးခန်းသို့ လာရောက် ကုသမှု ခံယူကြသည်။
အလားတူပင် မဲဆောက်မြို့တွင် ပြည်သူ့ စေတနာ့ဝန်ထမ်း (PVA ) ပါဝင်ဖွဲ့စည်းထားသော နာရေးကူညီမှု အသင်း အနေနှင့် သေဆုံးသည့် မြန်မာပြည်သားများကို မဲဆောက်ရှိ တောရကျောင်း မြန်မာ ဘုန်းတော်ကြီးကျောင်းမှ တဆင့် နီးစပ်ရာ သုဿာန်များသို့ မီးသင်္ဂြိုဟ်ပေးလေ့ရှိပြီး ပြဿနာဖြစ်ပွားခြင်း မရှိကြောင်း သိရသည်။
ပြီးခဲ့သည့်လကလည်း မယ်တော်ဆေးခန်းနှင့် ပတ်သက်၍ ထောက်ပံ့ရေး အကူအညီများ ဖြတ်တောက်ခံရမှု များကြောင့် ဆေးခန်းမှ စောင့်ရှောက်ထားသည့် ကလေးငယ် ၃၀၀၀ အတွက် အရေးပေါ် အကူအညီများ လိုအပ်ကြောင်း ထုတ်ပြန်ခဲ့သည်။ ယင်းကလေးငယ်များသည် မဲဆောက်မြို့နယ် အနီးဝန်းကျင်တွင် အိုးအိမ် အတည်တကျ မရှိသော ရွှေ့ပြောင်း အလုပ်သမားများ၏ ကလေးငယ်များ ဖြစ်သည်။