မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသနှင့် ရခိုင်ဒေသတွင်း လုံခြုံရေးအတွက် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး၊ ပြည်သူ့စစ် ဖွဲ့စည်းရေး ကိစ္စများအတွက် ရခိုင်ခေါင်းဆောင်များက ကြိုးပမ်းဆောင်ရွက်သွားမည်ဟု သိရသည်။
ရခိုင်ပြည်နယ်၌ မကြာသေးခင်က ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကြောင့် ဒေသခံတိုင်းရင်းသား လူမျိုးများ၏ အသက် အိုးအိမ်စည်းစိမ်များ ဆုံးရှှုံးခဲ့ရကြောင်း၊ ထိုပြဿနာသည် လတ်တလော အခြေအနေတွင် တည်ငြိမ်နေသည့်တိုင် ရေရှည်တွင် စိတ်မချရကြောင်း၊ ထို့ကြောင့် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးနှင့် ပြည်သူ့စစ် ဖွဲ့စည်းပေးသင့်ကြောင်း သမ္မတ ဦးသိန်းစိန်ထံ တင်ပြခဲ့သည်ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ၏ အထွေထွေ အတွင်းရေးမှူး ဦးလှစောက ဧရာဝတီသို့ ပြောသည်။
ဘူးသီးတောင်၊ မောင်တော မြို့နယ်များ၌ ရခိုင်လူမျိုးများနှင့် တခြားသော တိုင်းရင်းသားတို့သည် လူနည်းစုများ ဖြစ်နေကြောင်း၊ ၎င်းတို့အား ကာကွယ်စောင့်ရှောက်ရန် ရခိုင်အမျိုးသားများ ကိုယ်စားပြုသည့် တပ်ဖွဲ့များကသာ အပြည့်အ၀ တာဝန်ယူ ကာကွယ်ပေး နိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းက ဆက်ပြောသည်။
“တပ်ဖွဲ့စည်းရေးကိစ္စ သမ္မတကို တင်ပြတော့ သမ္မတကတော့ ဘာမှတ်ချက်မှ မပေးသေးဘူး။ ဒီကိစ္စဟာ သမ္မတရဲ့ လုပ်ပိုင်ခွင့်လား၊ ကာချုပ်ရဲ့ လုပ်ပိုင်ခွင့်လားဆိုတာ မသိပါဘူး။ ကျနော်တို့က လိုအပ်ချက်အရ တင်ပြတဲ့ သဘောပဲရှိတယ်” ဟု ဦးလှစောက ဆိုသည်။
၎င်းက “ဥပဒေတွေ စည်းကမ်းတွေ ရှိတာမှန်ပေမယ့် ဒီကိစ္စဟာ ပြည်ထောင်စုအတွက် လုံး၀ လက်ခံသင့်တယ်လို့ ကျနော်မြင်တယ်။ သမ္မတကြီးကိုလည်း ပြောခဲ့တယ်။ ကျနော်တို့ဟာ အနောက်ဘက် တံခါးကြီးကို လုံခြုံအောင် ကာကွယ်ပေးနိုင်တယ် ဆိုတာကိုပါ” ဟု ဆိုသည်။
ရခိုင်အမျိုးသားတပ် သို့မဟုတ် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကိစ္စသည် အစိုးရ၊ တပ်မတော်၏ ခေါင်းဆောင်ပိုင်းများနှင့် စနစ်တကျ ဆွေးနွေးရမည် ဖြစ်ကြောင်း၊ ထိုကိစ္စသည် နက်နဲသိမ်မွေ့သည့် ကိစ္စဖြစ်သည့်အပြင် အပြန်အလှန် ယုံကြည် လက်ခံနိုင်မှုလည်း လိုအပ်ကြောင်း၊ မောင်တော၊ ဘူးသီးတောင် မြို့နယ်များရှိ ဒေသခံ တိုင်းရင်းသားများ၏ ကျေးရွာတခုချင်းစီအား တပ်မတော်အနေဖြင့် လုံခြုံရေး တာဝန်ယူပေးရန် ခက်ခဲမည်ဖြစ်ကြောင်း ရခိုင်ခေါင်းဆောင်များက ပြောသည်။
ရခိုင်ပြည်သူများ၏ လတ်တလော လုံခြုံရေးနှင့် အနာဂတ်အတွက် ရခိုင်ပြည်သူများအား ကိုယ်စားပြုထားသည့် ကာကွယ်ရေး တပ်တခုကို ရခိုင်ပြည်သူ တရပ်လုံးက လိုလားနေကြကြောင်း၊ သက်ဆိုင်ရာ အာဏာပိုင်များနှင့် ဆွေးနွေးညှိနှှိုင်းပြီး ဥပဒေဘောင်အတွင်းက လုပ်ဆောင်နိုင်ရန် ဆောင်ရွက်သွားမည် ဟု RNDP ပါတီ ဥက္ကဋ္ဌနှင့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်က ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် နိုင်ငံတော်၌ လက်နက်ကိုင် တပ်ဖွဲ့သည် တပ်မတော် တခုတည်းသာ ရှိရမည်ဟု ပါရှိသည်။ တခုတည်းသော တပ်မတော်၏ လက်အောက်၌ မိမိတို့တိုင်းရင်းသား ကိုယ်စားပြုထားသည့် နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ်များ ဖွဲ့စည်းပိုင်ခွင့် ရှိသည်။
ရခိုင်လူမျိုးများ၏ လက်နက်ကိုင် အင်အားစုတခုအဖြစ် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တခုသာ ရှိကြောင်း၊ ALP သည် အစိုးရနှင့် ငြိမ်းချမ်းရေး သဘောတူညီမှု ပဏာမအဆင့် ဆောင်ရွက်ပြီး ဖြစ်၍ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး၊ ပြည်သူ့စစ် စနစ် တည်ဆောက်ရေးကိစ္စတို့ကို အစိုးရအာဏာပိုင်များနှင့် ALP တို့က ဦးဆောင်၍ လုပ်ဆောင်နိုင်မည် ဟုလည်း ဒေါက်တာ အေးမောင်က ဆိုသည်။
“မောင်တော၊ ဘူးသီးတောင်မှာ တပ်က မရှိမဖြစ် လိုအပ်နေတဲ့သဘောပါ။ ပြည်သူ့စစ် စနစ်ဆိုတာတော့ ရှမ်းပြည်နယ်မှာ ဖွဲ့စည်းထားသလိုပဲ ရခိုင်တပြည်လုံးက ရွာတွေမှာ ထားပေးဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေ၊ အဖွဲ့အစည်းတွေကို တိုက်တွန်းသွားမှာပါ” ဟု လည်း ၎င်းက ပြောသည်။
ALP ပါတီ ဒု ဥက္ကဋ္ဌ ဦးခိုင်စိုးနိုင်အောင်က ပြောဆိုရာတွင် ၎င်းတို့သည် တပ်မတော်တခုအနေဖြင့်သာ ရပ်တည်နေသေး၍
နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး ကိစ္စအပေါ် သဘောထား မပေးလိုကြောင်း၊ ရခိုင်ပြည်သူများက တောင်းဆိုလာပါက ပါတီ အစည်းအဝေးများ လုပ်ဆောင်၍ နည်းလမ်းတခုဖြင့် ဆောင်ရွက်နိုင်ဖွယ် ရှိကြောင်း ဆိုသည်။
ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) ပါတီ ဥက္ကဋ္ဌ ဦးအေးသာအောင်ကလည်း နယ်ခြားစောင့် တပ်ဖွဲ့စည်းရေး၊ ပြည်သူ့စစ် စနစ်ဖွဲ့ စည်းရေးကိစ္စ အကောင်အထည်ဖော်နိုင်ရေး တိုက်တွန်းသွားမည်ဖြစ်ကြောင်း၊ ဘူးသီးတောင်၊ မောင်တောဒေသအား ကြို တင်ကာကွယ်မှု မရှိပါက တိုင်းတပါး လက်အောက်ကျ ရောက်သွားနိုင်ကြောင်း ပြောသည်။
ယခင် အစိုးရ အဆက်ဆက်သည် ၎င်းတို့၏ ကိုယ်ကျိုးအတွက် လာဘ်ပေး၊ လာဘ်ယူပြု၍ တရားမဝင် လူခိုးသွင်းခြင်း၊ ဖဆပလ အစိုးရသည်လည်း ၎င်းပါတီအနိုင်ရရေးအတွက် တဘက်နိုင်ငံမှ တရားမဝင် လာရောက်သူများကို နိုင်ငံသားကတ် ထုတ်ပေးပြီး မဲပေးခိုင်းခြင်း စသည့် သာဓကများစွာ ရှိကြောင်း၊ ထိုကိစ္စများကို အခွင့်ကောင်း ယူ၍ မောင်တော၊ ဘူးသီးတောင် ဒေသကို မေယုပြည်နယ် သတ်မှတ်ပေးရန် ဘင်္ဂါလီများက တောင်းဆိုခဲ့သည့် သမိုင်းကြောင်းများ ရှိကြောင်း ဦးအေးသာအောင်က ဆိုသည်။
“ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ချင်းပြည်နယ် ဝန်းကျင်ပဲ ရှိပေမယ့် လူဦးရေက သန်းရာကျော်ရှိနေတယ်။ လူဦးရေ ပေါက်ကွဲမှု ဖြစ်နေတယ်။ ဒီတော့ မြန်မာနိင်ငံကိုရော၊ အိန္ဒိယကိုပါ ခိုးဝင်မှု တအားများတယ်။ ဒါကို ကာကွယ်ဖို့ဆိုရင် အမျိုးသားရေးစိတ်ရှိတဲ့ သူတွေကပဲ ကာကွယ် တာဝန်ယူနိုင်မှာပါ” ဟု ၎င်းက ဆိုသည်။
မောင်တောမှ စတင်ဖြစ်ပွားခဲ့သသည့် အကြမ်းဖက်မှုများကြောင့် မောင်တော၊ ဘူးသီးတောင်၊ စစ်တွေ ဒေသတို့၌ ကျေးရွာ အများအပြား မီးလောင်ကျွမ်းခဲ့ပြီး၊ လူဦးရေ သောင်းချီ၍ အိုးမဲ့အိမ်မဲ ဖြစ်ခဲ့ရသည်။ ထို ပဋိပက္ခများကြောင်း လူ ၇၀ ကျော် သေဆုံးခဲ့ပြီး ရာဂဏန်း ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း သိရသည်။