လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ Documentary စတင် ရိုက်ကူးနေပြီ ဖြစ်တဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝသက်တမ်း တလျှောက်မှာ သူ့ရဲ့ နှလုံးသား၊ ခံစားချက်နဲ့ သက်ဆိုင်တာတွေကို အဓိကထားပြီး ရိုက်ကူးမှာလို့ ဧရာဝတီကို ပြောပါတယ်။
“အထူးသဖြင့် နိုင်ငံခြားသားတွေ ပေါ့လေ။ သူတို့ ချဉ်းကပ်မယ့် point of view တခုရှိလိမ့်မယ်။ အဲဒါက ဒေါ်အောင်ဆန်းစုကြည် နိုင်ငံအတွက် ဘယ်လိုလုပ်ခဲ့တယ်၊ အောင်မြင်ခဲ့တယ်၊ ထင်ရှားခဲ့တယ်၊ ဘယ်လို စွန့်လွှတ် အနစ်နာခံခဲ့တယ် ဆိုတာတွေ ဖြစ်လိမ့်မယ်။ ကျနော့်ရဲ့ Documentary မှာတော့ အဲဒါတွေထက် သူ့ရဲ့နှလုံးသား? သူရဲ့ခံစားမှုတွေကို တတ်နိုင်သလောက် တူးဆွ ကြည့်ပြီးတော့ ဖန်တီးဖြစ်လိမ့်မယ်” လို့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ဆိုပါတယ်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ Documentary ကို မြန်မာနိုင်ငံက ဒါရိုက်တာတယောက် အနေနဲ့ မင်းထင်ကိုကိုကြီးက ပထမဆုံး ဖန်တီးခဲ့တာပါ။
ဒီ Documentary ဟာ Feature Length Documentary ဖြစ်တဲ့အတွက် ၁ နာရီခွဲစာ ကြာမြင့်မှာဖြစ်ပြီး အပိုင်း ၉ ပိုင်းခွဲ တင်ပြမယ်လို့ သိရပါတယ်။
ဒါရိုက်တာ မင်းထင်ကိုကိုကြီးက သူ့အနေနဲ့ ဒီ Documentary ဟာ တော်တော်လေး တာဝန်ကြီးတယ်၊ ဒီ Documentary ပြီးသွားရင် မြန်မာနိုင်ငံက လူတွေသာမဘဲ နိုင်ငံတကာကလည်း ကြည့်ချင် ကြည့်လိမ့်မယ် လို့ ဆိုပါတယ်။
“တကယ်တမ်းကျတော့ ဒီအလုပ်ကတော်တော် တာဝန်ကြီးပါတယ်။ ဒီ Documentary ပြီးသွားရင် မြန်မာနိုင်ငံက
လည်း ကြည့်လိမ့်မယ်၊ နောက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ Documentary ဖြစ်နေတဲ့အတွက် နိုင်ငံတကာက
လည်း ကြည့်ကောင်း ကြည့်ကြလိမ့်မယ်။ အဲဒီအခါမှာ မြန်မာနိုင်ငံမှာလည်း Documentary ဘာလဲဆိုတာ သိတဲ့သူရှိ
လိမ့်မယ်။ မြန်မာနိုင်ငံရဲ့ အနေအထားအရ Documentary ဘာလဲဆိုတာ သိတဲ့သူက တော်တော်နည်းတာကိုး။ ဒါပေမယ့် နိုင်ငံတကာမှာတော့ Documentary ဆိုတာကို သိတဲ့သူတွေ၊ အတတ်ပညာရှင်တွေက များတယ်။ အဲဒီလူတွေရဲ့
မျက်စိထဲမှာ ကျနော်က သင့်တင့် လျောက်ပတ်မှုရှိတဲ့ Documentary လေးတခု Minimum Level လေး တခုပေါ့၊
နိုင်ငံတကာ အဆင့်အတန်းနဲ့ ကြည့်လိုက်မယ်ဆိုရင် ဒီ အဆင့်လောက်လေးပေါ့၊ ဒါဟာ အောင်မြင်ခြင်း၊ မအောင်မြင်ခြင်း
မဟုတ်သေးဘူး။ ဒီအဆင့်လေးတခု ရဖို့အတွက်တောင် တော်တော်လုပ်ရမှာ။ ဒါလေးကို အကောင်းဆုံးဖြစ်အောင် လုပ်မယ်ဆိုတဲ့ စိတ်ကူးလေးပဲရှိပါတယ်” လို့ သူက ပြောပါတယ်။
ဒီမှတ်တမ်း ရုပ်ရှင်ကို ဇူလိုင် ၂၁ က ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ စတင်ရိုက်ကူးနေတာဖြစ်ပြီး နောက်ထပ် ၂
နှစ်နီးပါးလောက်နေမှ အပြီးအစီး ထွက်ရှိလာမှာဖြစ်တယ်လို့ သိရပါတယ်။
ဒီမှတ်တမ်းကို ဘာဆက်လုပ်ဖြစ်မယ်ဆိုတာ ကြိုတင်ပြီး ပြောမထားလိုသေးကြောင်းလည်း ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ထင်ပေါ်ကျော်ကြားတဲ့ ခေါင်းဆောင်ကြီးတွေရဲ့ အတ္ထုပတ္တိတွေကို ရိုက်ကူးပုံဖော်ဖို့ ကြိုးပမ်းနေကြကာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဘဝဇာတ်ကြောင်းကိုလည်း ရိုက်ကူးပုံဖော်ဖို့ ပြင်ဆင်နေကြတာပါ။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝဇာတ်ကြောင်းဖြစ်တဲ့ The Lady ရုပ်ရှင်ဇာတ်ကားကို ပြင်သစ် ဒါ
ရိုက်တာ Luc Besson က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဟောလီးဝုဒ်မင်းသမီး မီရှဲလ်ယိုးနဲ့ ရိုက်ကူးခဲ့ဖူးပါတယ်။
ဒီဇာတ်ကားကို ၂၀၁၂ ခု နှစ်ဆန်းပိုင်းလောက်က နိုင်ငံတကာမှာ ရုံတင်ပြသခဲ့ပေမယ့် မြန်မာနိုင်ငံမှာတော့ ဒီကနေ့ အချိန်အထိ ရုံတင်ပြသခြင်း မပြုသေးပါဘူး။
အရိုင်းပြပွဲ
မြန်မာ့ ကာတွန်းလောကရဲ့ ဒုတိယမျိုးဆက်ဖြစ်တဲ့ ကာတွန်းဆရာကြီး သော်က (အရိုင်း) ရဲ့ အမှတ်တရ ပြပွဲကို ဇူလိုင်လ ၂၇ ရက်နေ့က ၃၁ ရက်နေ့အထိ ရန်ကုန်မြို့ ယောမင်းကြီးလမ်းမှာရှိတဲ့ Gallery 65 မှာ ဝင်ကြေးအခမဲ့ ကျင်းပ ပြုလုပ်မှာပါ။
“ဆရာကြီးကွယ်လွန်ပြီးတော့ သူ့ သားသမီးတွေရဲ့ လက်ထဲမှာ ဆရာကြီးရဲ့အရင် လက်ရာဟောင်းတွေ မူရင်းလက်ရာ
တချို့ ကျန်ခဲ့တော့ အဲဒါလေးတွေကို ဆရာကြီးကို မီခဲ့တဲ့ သူတွေလည်း သိမ်းထားချင်တာ ရှိမယ်။ အဲဒီလို သိမ်းလိုတဲ့ သူတွေလည်း ဝယ်ချင်ရင် ဝယ်လို့ရအောင်၊ အဲဒီလို ဝယ်သွားလို့ သူများလက်ထဲ ရောက်သွားရင်လည်း တစုတစည်းတည်း ပြလို့ မရနိုင်တော့ဘူးဆိုတော့ အခု တခါတည်း ပြပွဲသဘောမျိုးလေး ပြလိုက်တာပါ” လို့ ဒီပွဲ ဖြစ်မြောက်ရေး အတွက် ဝိုင်းဝန်း ကူညီပေးတဲ့ ကာတွန်း အော်ပီကျယ်က ဧရာဝတီကို ပြောပါတယ်။
ဆရာကြီး သော်ကဟာ ၁၉၅၇ ခုနှစ် လောက်ကတည်းက ကာတွန်းလောကကို ရောက်ရှိလာခဲ့ပြီး သူ့ရဲ့ အောင်မြင် ကျော်ကြားခဲ့တဲ့ အရိုင်း ကာတွန်းဇာတ်ကောင်ကိုတော့ ၁၉၇၀ ဝန်းကျင်မှာ မွေးဖွားခဲ့တာပါ။ အရိုင်း ဇာတ်ကောင်ရဲ့ “အမေ” စာအုပ် အပါအဝင် တခြား ကာတွန်းစာအုပ်ပေါင်း ၁၀၀ နီးပါး ဖန်တီးခဲ့ပြီး လူကြိုက်များခဲ့ပါတယ်။ ဆရာကြီး သော်ကဟာ ပေါ်ပြူလာ၊ မော်ဒန်၊ ကာတွန်းညွှန့်ပေါင်း စတဲ့ ကာတွန်းဂျာနယ်တွေ မှာလည်း ရေးဆွဲခဲ့ပြီး၊ ပေဖူးလွှာ၊ ရှုမဝစတဲ့ မဂ္ဂဇင်းတွေမှာလည်း အခန်းဆက် ကာတွန်းတွေ ရေးဆွဲခဲ့ပါတယ်။
“နောက်ပိုင်း လူငယ်တွေအနေနဲ့ ဆရာကြီး ဘယ်လိုဆွဲခဲ့တယ် ဆိုတာကို လာရောက် လေ့လာသင့်ပါတယ်။ အထူးသဖြင့်
တိရစ္ဆာန်ပုံတွေ၊ ရေ၊မြေ၊ တောတောင် ရှုခင်း၊ သူကိုယ်တိုင်ကလည်း ဧရာဝတီ မြစ်ဝကျွန်းပေါ်က လာတဲ့သူဆိုတော့ သူ့ရဲ့ အရိုင်း ဇာတ်ကောင် ကျင်လည်တဲ့ ပတ်ဝန်းကျင်ကိုက အဲဒီ မြစ်ဝကျွန်းပေါ် ပဲလေ။ အဲဒီတော့ လမုပင်တွေ၊ ဗေဒါပင်တွေ၊ မိကျောင်း အမျိုးမျိုး၊ လှေ ဆိုရင်လည်း ကားတင်တဲ့လှေ၊ သဲတင်တဲ့လှေ၊ စပါးတင်တဲ့လှေ၊ အကုန်လုံးကို ခွဲ ဆွဲခဲ့တာပါ” လို့ ကာတွန်း အော်ပီကျယ်က ပြောပါတယ်။
ကာတွန်းဆရာကြီး သော်ကဟာ ၂၀၀၅ ခုနှစ်မှာ ကွယ်လွန်ခဲ့ပြီးနောက်ပိုင်း သူ့ရဲ့ အမှတ်ရပြပွဲအဖြစ် ကျင်းပတာ ဒါ ပထမဆုံး
အကြိမ်ပါ။
ဒီပြပွဲမှာ ကာတွန်းသော်ကရဲ့ ရေဆေးကာတွန်း မူရင်းလက်ရာတွေ၊ လူကြိုက်များခဲ့တဲ့ အရိုင်း ကာတွန်းစာအုပ် မူရင်း လက်ရာတွေ၊ ပုံကြမ်း အဆင့်ဆင့် ရေးဆွဲခဲ့တဲ့ လက်ရာတွေ၊ မဂ္ဂဇင်း ကာတွန်းတွေမှာ လစဉ် အခန်းဆက် ရေးဆွဲခဲ့တဲ့ ချက်ကြီးနဲ့ အက်စ်အီး၊ ဆားပုလင်း ကင်းကောင်၊ ချစ်သွေးနီ အပါအဝင် မူရင်းလက်ရာတွေ၊ နာမည်ကြီး ကြော်ငြာ မူရင်း လက်ရာတွေ၊သူ့ရဲ့ ထုတ်ဝေပြီးခဲ့တဲ့ စာအုပ်တွေ ကို ပြသထားမှာ ဖြစ်ပါတယ်။
ကာတွန်းသော်ကဟာ ဆိုရှယ်လစ်ခေတ်မှာ မြန်မာပြည်ရဲ့ ကာတွန်းရုပ်ရှင်ကို ပထမဆုံး ဖန်တီးဖို့ ကြိုးစားခဲ့သူလည်း ဖြစ်ပါတယ်။
ကာတွန်း ဆရာကြီး သော်က (အရိုင်း) ရဲ့ ကာတွန်းတွေဟာ အဓိကအားဖြင့် မျိုးချစ်စိတ်ကို ပြသ ပုံဖော်တာလို့ ကာတွန်း
အော်ပီကျယ်က ဆိုပါတယ်။
“မျိုးချစ်စိတ်ကို သူက အတုံးလိုက်အတစ်လိုက် မပေးဘဲနဲ့ အမျိုးကိုချစ်ဖို့နဲ့ အမှန်တရားတွေကို အဓိက ဇောင်းပေး သွားတာပါ။ သူ့ကာတွန်း စာအုပ်တွေကို ဖတ်ရင် သိနိုင်ပါတယ်။ နောက် မိဘမေတ္တာပေါ့၊ အဲဒီ သုံးခုကို အဓိကထားပါတယ်။ သူဟာ အမျိုးသားရေးကို အသွေးထဲအသားထဲကကို ရှိတဲ့သူပါ” လို့ သူက ဆက်ပြောပါတယ်။