ထိုင်နိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့ရှိ ဝပ်ဆိုင်းမွန်း မြန်မာဘုန်းကြီးကျောင်းတွင် မြန်မာ ကျောင်းထိုင်ဆရာတော်ကို ဆက်လက်ထား ရှိရန် ထိုင်းအာဏာပိုင်များက သဘောတူခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
ဝပ်ဆိုင်းမွန်း ကျောင်း၌ မြန်မာ ဆရာတော်များ ဆက်လက် ကျောင်းထိုင်ခွင့် ရရှိသည့် အကြောင်း ယမန်နေ့က ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးမှ ကောင်စစ်ဝန် ဦးနိုင်ထွန်းက တယ်လီဖုန်းဖြင့် အကြောင်းကြားလာသည်ဟု ချင်းမိုင်မြို့ ဗုဒ္ဓဘာသာ အသင်းမှ အထွေထွေ အတွင်းရေးမှူး ဒေါ်မီးမီးက ဧရာဝတီသို့ ပြောသည်။
မြန်မာသံရုံးမှ ကောင်စစ်ဝန်က အသေးစိတ် အကြောင်းအရာများကို မရှင်းပြနိုင်သော်လည်း မြန်မာပြည်သူပြည်သားများ သိရှိရန် အတွက် အသိပေးခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“မြန်မာ ဆရာတော် ပြန်ပြီးတော့ နေထိုင်ခွင့် ရှိတယ်၊ ပြီးတော့ မြန်မာရဲ့ အမွေ အနှစ်ကို ထိန်းသိမ်းနိုင်ခဲ့တာကို ကျမတို့ အနေနဲ့တော့ အင်မတန်မှ ပြောမပြနိုင်လောက်အောင် ဝမ်းသာတယ်”ဟု ဒေါ်မီးမီးက ဆက်ပြောသည်။
ဝပ်ဆိုင်းမွန်း ကျောင်းတွင် ထိုင်မည့်ဆရာတော်ကို လတ်တလော ခန့်အပ်ထားခြင်း မရှိသေးသော်လည်း မြန်မာအစိုးရ၏ လမ်းညွန်မှု နှင့် ပူးပေါင်း၍ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
မကြာသေးခင် ရက်ပိုင်းကလည်း မြန်မာ ကျောင်းထိုင်ဆရာတော် ဆက်လက် ထားခွင့်ရရှိရန် သမ္မတ ဦးသိန်းစိန်၏ ထိုင်းနိုင်ငံ ခရီးစဉ် မတိုင်မီ နိုင်ငံတာဝန်ရှိသူများနှင့် ဆွေးနွေးနိုင်ရန် တင်ပြပေးမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ ဆိုင်ရာ သံအမတ်ကြီး ဦးတင်ဝင်းက ဝပ်ဆိုင်းမွန်း ကျောင်းရှိ ဂေါပက အဖွဲ့ဝင်များကို တွေ့ဆုံဆွေးနွေးရာတွင် ပြောကြားခဲ့သည်။
ဝပ်ဆိုင်းမွန်း ဘုန်းတော်ကြီးကျောင်းသည် ချင်းမိုင်မြို့ရှိ မြန်မာနိုင်ငံသား အများစု ကိုးကွယ်သည့် ကျောင်းဖြစ်ပြီး မြန်မာ့ယဉ်ကျေးမှု ထုံတမ်းစဉ်လာအရ ရိုးရာပွဲလမ်း အခမ်းအနားများ ပြုလုပ်ရန် အားထားရသော ကျောင်းတကျောင်းဖြစ်သည်။
၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ပျံလွန်တော်မှုသွားသည့် နောက်ဆုံး ကျောင်းထိုင်ဆရာတော် ဦးအာသဘ (သက်တော် ၉၁ နှစ်၊ ဝါတော် ၇၀) ၏ နေရာတွင် ထိုင်း ဥပဒေအရ ထိုင်းသံဃာတော် တပါးကို အစားထို ခန့်အပ်ရန် ယခုလဆန်းပိုင်း အတွင်း ထိုင်း သာသနာရေး ဦးစီးဌာနနှင့် ထိုင်း သံဃာတော်များက စီစဉ်ခဲ့ခြင်း ဖြစ်သည်။
ထိုင်း ဥပဒေအရ ထိုင်းနိုင်ငံရှိ ဘုန်းကြီးကျောင်းများတွင် သီတင်းသုံး နေထိုင်လျက်ရှိသော မြန်မာ ကျောင်းထိုင် ဆရာတော်များ ပျံလွန်တော်မူသွားပါက ထိုင်း သံဃာတော်များ ကျောင်းထိုင်ခွင့်ရှိသည်ဟု ပြဌာန်းထားကြောင်း၊ ထိုင်းနိုင်ငံ မြောက်ပိုင်း လန်ပန်းမြို့ ရှိ မြန်မာဘုန်းကြီးကျောင်း တကျောင်းကိုသာ ထိုင်းအစိုးရက မြန်မာဘုန်းကြီးကျောင်း အဖြစ် တရားဝင် သတ်မှတ်ထားကြောင်းလည်း သိရှိရသည်။
ပျံလွန်တော်မူသွားသည့် ဆရာတော်ကြီး ဦးအာသဘသည် ၁၃၀၈ ခုနှစ်မှ စတင်၍ ၆၅ နှစ်ခန့် ဝပ်ဆိုင်းမွန်း ကျောင်းတွင် သတင်းသုံး နေထိုင်ခဲ့ကြောင်း ဆရာတော်၏ ထေရုပ္ပတ္တိတွင် ဖော်ပြပါရှိသည်။
ဝပ် ဆိုင်းမွန်း ကျောင်း၌ ဆရာတော် ဦးဝရ ဓမ္မသည် ပထမဆုံး ကျောင်းထိုင်၍ ဦးဂန္ဓမာလာ၊ ဦးဘောဂ ဓမ္မ၊ ဦးဇိန၊ ဦးသာဒရ၊ ဦးတေဇောသိရီ၊ ဦးအာစိဏ္ဏ၊ ဦးပညာသာရ၊ ဦးဝဇီရိန္ဒနှင့် ယမန်နှစ်က ပျံလွန်တော်မူခဲ့သော ဦးအာသဘ အပါအဝင် ကျောင်းထိုင် ဆရာတော် ၁၀ ဆက် သီတင်းသုံးခဲ့ကြကြောင်း ကျောင်းမှတ်တမ်း၌ ဖော်ပြထားသည်။