ယခုအချိန်ထိ ကချင်စစ်ပြေး ဒုက္ခသည်စခန်းတချို့တွင် နေထိုင်သည့် ကလေးငယ်အများစုမှာ စာသင်ခွင့် မရသေးကြောင်း သိရသည်။
ကချင် လွတ်လပ်ရေး တပ်မတော် (KIA) နှင့် မြန်မာအစိုးရတပ်တို့ အကြား စစ်ပွဲ တနှစ်ကျော် ကြာမြင့်သည်အထိ ဖြစ်ပွားနေရာ စစ်ဘေးမှ ရှောင်ပြေးနေရသည့် ကလေးငယ် အများစုသည် ပညာရေးအတွက် စာသင်ခွင့် မရသေးဘဲ စာသင်ရန်အတွက် အခက်အခဲဖြစ်နေသေးကြောင်း တရုတ်နယ်စပ် အနီးရှိ မိုင်တိုင် ၈ ဒုက္ခသည် စခန်းမှ စခန်း တာဝန်ရှိသူ တဦးက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
“ဒီစခန်းက ကလေးတွေ အတွက် စာသင်ကျောင်းဆောင် ဆောက်လုပ် မပြီးသေးတာနဲ့ ကလေးငယ်တွေ အတွက် ဖတ်စာအုပ်၊ ရေးတဲ့ စာအုပ် စုနေရတာကြောင့် စာသင်တာ နောက်ကျနေတာပါ။ နောက်လထဲမှာတော့ သင်နိုင်ဖို့ ကြိုးစားနေပါတယ်” ဟု သူက ဆိုသည်။
ပုံမှန်အားဖြင့် မြန်မာပြည်တွင်းရှိ ကျောင်းများကို ဇွန် ၁ ရက်နေ့တွင် ဖွင့်လေ့ရှိရာ စစ်ပြေး ဒုက္ခသည် ကလေးအများစုသည် ၂ လနီးပါးခန့် သင်္ခန်းစာများ နောက်ကျနေပြီဖြစ်သည်။ ထို့အပြင် စခန်း အတွင်း နေထိုင်သည့် ကလေးငယ်များသည် ယမန်နှစ်က စစ်ဘေးဒဏ်ကြောင့် စာမေးပွဲ မဖြေဆိုခဲ့ရဘဲ စာသင်နှစ် တနှစ် နားလိုက်ရကြောင်း၊ ကိုယ်တွေ ရင်ဆိုင်ခဲ့ရသော စစ်ပွဲများအား ထိတ်လန့် နေကြကြောင်း သိရသည်။
အဆိုပါ စခန်းတွင် နေထိုင်သည့် အသက် ၁၀ နှစ်ခန့်အရွယ် ကလေးတဦးက “စာသင်ချင်တယ်။ အရင်တုန်းက ဆိုရင် အခုလို အချိန်ဆို စာသင်နေရပြီ။ အခု စာမသင်ရသေးတော့ အိမ်မှာပဲ နေနေရတယ်။ ပြီးတော့ ကိုယ့်အိမ်လည်း မဟုတ်ဘူး။ရွာကို လည်း ပြန်ချင်တယ်။ စစ်တိုက်တာကိုတော့ ကြောက်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
အလားတူ မိုင်တိုင် ၆ စခန်းတွင် နေထိုင်သည့် ကလေးငယ်များ သည်လည်း ယခုလက်ရှိ အချိန်ထိ စာသင်ကြားခွင့် မရသေးကြောင်း ကြားသိရသည်။ အဆိုပါ မိုင်တိုင် ၆ စခန်းသည် မြန်မာနှင့် တရုတ်နယ်စပ် အနီးတွင် တည်ရှိပြီး စခန်းကို အကူအညီပေးလိုသူများ သွားရောက်ရန် ခက်ခဲနေသည့် နေရာတွင် တည်ရှိကာ စားဝတ်နေရေး အတွက်ပါ ခက်ခဲနေသည့်
စခန်း တခုဖြစ်သည်။
ကချင်ဒေသ စစ်ပွဲများကြောင့် ကျေးရွာများမှ လိုင်ဇာမြို့ပေါ်သို့ ရှောင်ပြေးလာသည့် စစ်ပြေး ဒုက္ခသည် များပြားလှသဖြင့် လိုင်ဇာမြို့ပေါ်ရှိ စာသင်ကျောင်းများသည်လည်း ကျောင်းသားနှင့် စာသင်ခုံ မလောက်ငှမှုများ ကြုံတွေ့နေရပြီး ကျောင်းသား များကို အချိန်ခွဲကာ စာသင်ကြား နေရကြောင်း သိရသည်။
“ဒီကျောင်းက အရင်ကထက် ကလေးတွေများလာတော့ စာသင်ချိန်တွေ ခွဲထားရတယ်။ မူလတန်းဆိုရင် မနက်ပိုင်း၊ အလယ်တန်းနဲ့ အထက်တန်းက ညနေပိုင်းမှာ သင်ရတယ်။ အဓိကကတော့ ထိုင်ခုံတွေလောက်တယ် အခုတော့ ထိုင်ခုံတွေမလောက်ငှဘူး။ ပြီးတော့ ဒီကျောင်းက ကလေးတွေကို မြန်မာအစိုးရ ပြဌာန်းထားတဲ့ စာအပြင် ကချင်စာလည်း သင်ကြားပေးပါတယ်” ဟု လိုင်ဇာရှိ ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ (KIO) က ထူထောင်ပေးထားသည့် ကျောင်းတွင် စာသင်ကြားနေသည့် ဆရာမတဦးက ဧရာဝတီသို့ ပြောသည်။
စစ်ကြောင့် ထွက်ပြေးလာရသည့် မိဘပျောက်ဆုံးနေသော ကလေးငယ် တချို့ကို ဒုက္ခသည်စခန်းများက စောင့်ရှောက် ထားရပြီး ပြည့်ဝသည့်အာဟာရ မရရှိသည့် အပြင် မိဘများနှင့် ကွဲကွာနေသည့် အတွက် စိတ်ဒဏ်ရာရရှိကာ ပညာရေး ကဏ္ဍတွင်လည်း စိတ်ပါဝင်စားမှု အားနည်းနေသည်ကို တွေ့ရသည်။
၂၀၁၁ ခုနှစ် ဇွန်လက အစိုးရတပ်များနှင့် KIA တို့အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သောကြောင့် တနှစ်တာ ကာလအတွင်း ဒုက္ခသည် သောင်းချီ၍ အိုးအိမ် စွန့်ခွာ ထွက်ပြေးခဲ့ကြရပြီး နယ်မြေ တည်ငြိမ်မှု မရရှိသေးသဖြင့်
နေရပ်ရင်းသို့ မပြန်နိုင် ကြသေးချေ။
လက်ရှိအခြေအနေအရ ၎င်းဒုက္ခသည်များသည် တရုတ် – မြန်မာနယ်စပ် တရုတ်ပြည်ဘက်ခြမ်းရှိ ဒုက္ခသည် စခန်း ၂ ခု အပါအဝင် KIO စောင့်ရှောက်ထားသည့် ဒုက္ခသည် စခန်းများတွင် နေထိုင်လျှက် ရှိသည်။
KIO နှင့် အစိုးရသည် အပစ်ရပ်ရန်အတွက် တရားဝင်နှင့် အလွတ်သဘော ဆွေးနွေးမှုများ ရှိနေသည့် အချိန်ကာလ အတွင်း၌ပင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်။ ယခု လဆန်းပိုင်းက ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း ဆွေးနွေးကြမည့် နေရာကို နှစ်ဘက် ညှိနှိုင်း၍ မရသေးသောကြောင့် ယခုအချိန်တိုင်အောင် ဆွေးနွေးပွဲ မကျင်းပနိုင်သေးပေ။