အစိုးရ အုပ်ချုပ်ရေး ယန္တရားတွင် အခြေခံ ကျဆုံးသော ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများကို ပြည်သူများက
စိတ်တိုင်းကျ မဲပေးရွေးချယ်၍ ခန့်အပ်ခံရသော အုပ်ချုပ်ရေးမှူးများသည် လစာ ကျပ် ၇ သောင်း ရရှိမည်ဖြစ်ကြောင်း သတင်းရရှိသည်။
လွှတ်တော် အစည်းအဝေးများတွင် ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူး ဥပဒေကို တရားဝင် ပြဋ္ဌာန်းပြီး ဖြစ်သော်လည်း ပြင်ဆင်မှုများ ဆောင်ရွက်နေခြင်းကြောင့် အချိန်ယူနေရသော်လည်း လာမည့်လ အနည်းငယ်အတွင်း ပြည်သူများ၏ ဆန္ဒမဲများအပေါ် အခြေခံသော ရွေးကောက်ပွဲများ ပြုလုပ်ခန့်အပ်ကာ လစာ ၇ သောင်း ပေးမည်ဖြစ်ကြောင်း နေပြည်တော်၊ ပြည်ထဲရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး တဦးက ပြောသည်။
“လွှတ်တော်မှာလည်း ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ ဘယ်တော့ ပြောင်းမလဲဆိုတာကို ကိုယ်စားလှယ်တွေက ခဏခဏ မေးနေကြတယ်။ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို ပြည်သူ့ဆန္ဒနဲ့အညီ ပြောင်းလဲဖို့ ပြည်ထဲရေး ဝန်ကြီးဌာနကနေ စီမံချက်ချပြီး လုပ်နေပြီ။ ပြင်ဆင်စရာရှိတာ တွေပြင်ဆင်နေပါတယ်။ နှစ်မကုန်ခင်တော့ ပြည်သူ့ဆန္ဒကို အခြေခံ ရွေးကောက်ထားတဲ့ သူတွေ ပေါ်လာမှာပါ” ဟု ၎င်းက ဆိုသည်။
ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများကိုသာမက ရုံးအဖွဲ့ဝင်များ၊ စာရေးများကိုလည်း နိုင်ငံတော်က ထိုက်သင့်သော စရိတ်များ ထောက်ပံ့သွားမည် ဖြစ်ကြောင်း၊ ထိုသို့ စရိတ်များ ထောက်ပံ့ပြီးပါက အဆိုပါ အုပ်ချုပ်ရေး ရုံးများသည် ပြည်သူများထံမှ အခကြေးငွေ ကောက်ခံမှု လုံး၀ ရပ်ဆိုင်းရမည်ဖြစ်ကြောင်း သိရှိရသည်။
ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပြုပြင်ပြောင်းလဲ ခန့်အပ်မှုနှင့်အတူ မြို့နယ်၊ ခရိုင် အုပ်ချုပ်ရေးမှူးများ ကိုလည်း အပြောင်းအလဲ ပြုလုပ်မည်ဖြစ်ကြောင်း၊ သို့ရာတွင် မြို့နယ်၊ ခရိုင် အုပ်ချုပ်ရေးမှူးများကိုမူ သက်ဆိုင်ရာ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန (ထွေအုပ်) က တိုက်ရိုက် ခန့်အပ်မည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူက ပြောသည်။
“မြို့နယ်၊ ခရိုင် အုပ်ချုပ်ရေးမှူး တွေကတော့ သက်ဆိုင်ရာ ထွေအုပ် ဌာနက စီမံခန့်ခွဲမှာပါ။ ဖွဲ့စည်းပုံ ပြုပြင် ပြောင်းလဲမှုတွေလည်း လုပ်ထားတယ်” ဟု သူက ဆိုသည်။
ပြည်ထဲရေး ဝန်ကြီးဌာန၏ ပြောင်းလဲလိုက်သော ဖွဲ့စည်းပုံ ဥပဒေသစ်အရ မြို့နယ် အုပ်ချုပ်ရေးမှူးများသည် လက်ထောက် ညွှန်ကြားရေးမှူး အဆင့် ရာထူးရရှိမည်ဖြစ်ပြီး ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူးများသည် ဦးစီးအရာရှိ အဆင့် ရာထူးအဖြစ် သတ်မှတ် တာဝန်ပေးမည် ဖြစ်ကြောင်း သိရှိရသည်။
“အရင်က မြို့နယ်အုပ်ချုပ်ရေးမှူး ဆိုတာ ဌာနမှာ ရာထူးအဆင့် သတ်မှတ် ထားတာမျိုး မရှိဘူး။ အခု ဖွဲ့စည်းပုံက
တရားဝင် ရာထူးအဆင့် သတ်မှတ်ပေး လိုက်တာ။ ဥပမာ-လသာမြို့နယ် အုပ်ချုပ်ရေးမှူး၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးဘယ်သူပေါ့။ အဲဒီလိုမျိုး ပြောင်းလဲ လိုက်တာပါ” ဟု ပြည်ထဲရေးဝန်ကြီးဌာနတာဝန်ရှိသူက ဆိုသည်။
လက်ထောက် ညွှန်ကြားရေးမှူး အဆင့် သတ်မှတ် လိုက်သည့်အတွက် လက်ထောက် ညွှန်ကြားရေးမှူး လစာ၊ အဆောင် အယောင်များ ခံစားခွင့်ရမည် ဖြစ်ကြောင်း၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ရုံးအဖွဲ့ များက အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၏ လက်အောက်တွင် တရားဝင် တည်ရှိမည့် အုပ်ချုပ်ရေး အဖွဲ့အစည်းများအဖြစ် ဖွဲ့စည်းမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ယခင် နအဖ အစိုးရ လက်ထက်က မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူး များကို ဥပဒေနှင့်အညီ မဟုတ်ဘဲ စစ် ထောက်လှမ်းရေးနှင့် နီးစပ်သူများကို လက်သင့်ရာ ခန့်အပ်ခဲ့ကြပြီး နိုင်ငံရေးနှင့် ဒီမိုကရေစီအရေး လှုပ်ရှားသူများကို ရှာဖွေဖမ်းဆီး အရေးယူနိုင်ရေး တာဝန်များ အဓိက ဦးစားပေး ထမ်းဆောင်ခဲ့ ကြရသည်။