သတင်း

ပြည်တော်ပြန် ဥပဒေ ပြဌာန်းရန် မလိုဟုဆို

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

အကြောင်း အမျိုးမျိုးကြောင့် ပြည်ပနိုင်ငံ အသီးသီးသို့ ရောက်ရှိနေကြသော မြန်မာများ ပြည်တော် ပြန်လာနိုင်ရေး ဥပဒေတရပ် ပြဌာန်းရန် မလိုကြောင်း ပြည်ထဲရေး ဒု ဝန်ကြီးက ပြောဆိုလိုက်သည်။

“ပြည်ပနိုင်ငံ များရောက် မြန်မာနိုင်ငံသားများ ပြန်လာရေး အတွက် တိကျသည့် ပြဌာန်းချက်တရပ် သို့မဟုတ် ဥပဒေ တရပ် ရေးဆွဲပြဌာန်းသွားရန် အစီအစဉ် ရှိ၊ မရှိ” ဟူသော မေးခွန်းကို ယမန်နေ့က အမျိုးသားလွှတ်တော် အစည်း အဝေးတွင် ကချင်ပြည်နယ် မဲဆန္ဒနယ်မြေ အမှတ် ၁၁ မှ ဦးစံထွန်းက မေးမြန်းရာ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က အထက်ပါအတိုင်း ပြန်လည် ဖြေကြားခြင်းဖြစ်သည်။

နိုင်ငံတော် သမ္မတ၏ ဖိတ်ခေါ်ချက်နှင့် အညီ အကြောင်း အမျိုးမျိုးကြောင့် ပြည်ပသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသား ဟောင်းများ ပြန်လာရေးအတွက် နှောင့်နှေးကြန့်ကြာမှုများ မရှိစေရန် တိကျခိုင်မာသည့် အခြေခံ မူများ ချမှတ် ဆောင်ရွက်လျှက် ရှိသည့်အတွက် ဥပဒေတရပ် ရေးဆွဲပြဌာန်းရန် လိုအပ်မည် မဟုတ်ပါကြောင်း၊ ကာယကံရှင် မြန်မာ နိုင်ငံသားများ အနေဖြင့် လုပ်ထုံးလုပ်နည်းနှင့် အညီ ဆောင်ရွက်ရန်သာ လိုအပ်ကြောင်း၊ နိုင်ငံတော် သမ္မတ၏ အထူးဖိတ်ခေါ်ချက်အရ ဆောင်ရွက်ပေးသည် ဖြစ်၍ ဥပဒေတရပ် ရေးဆွဲ ပြဌာန်းရန် မလိုအပ် သော်လည်း ပြည်ဝင်ဗီဇာဆိုင်ရာ သတ်မှတ်ထားသည့် စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ မူများ ချမှတ်ကာ စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိကြောင်း ပြည်ထဲရေး ဒု ဝန်ကြီးက ပြန်လည် ဖြေကြား သွားသည်ဟု အစိုးရ သတင်းစာ များတွင် ဖော်ပြထားသည်။

ယခုအခါ သမ္မတ၏ ဖိတ်ကြားမှုဖြင့် ပြည်တော်ပြန်လာလိုသူ ပြည်ပရောက် မြန်မာများ အနေဖြင့် ဗီဇာ လျှောက်ထား ရာတွင် မြန်မာနိုင်ငံကို ခေတ္တ ခဏ အလည်ပြန် လာလိုသူများ၊ အပြီးပြန်လာ လိုသူများ ဟူ၍ နှစ်မျိုး ခွဲခြား ထားကြောင်း သိရသည်။

ဗီဇာ လျှောက်ထားရာတွင်လည်း သက်ဆိုင်ရာ ရောက်ရှိနေကြသည့် နိုင်ငံများရှိ မြန်မာ သံရုံးများတွင် သတ်မှတ် ထားသည့် လျှောက်လွှာပုံစံများ ဖြည့်ကာ နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ လျှောက်လွှာ တင်ရကြောင်း၊ ထို့နောက်ဗီဇာ ထုတ်ပေးရေးအတွက် ပြည်ထဲရေး ဝန်ကြီး၊ နိုင်ငံခြားရေး ဝန်ကြီး၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဌာနတို့ ပူးပေါင်းလုပ်ဆောင်ပေးနေကြောင်း ဒု ဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ဆိုသည်။

၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ကမူ သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းထောင် အသီးသီးမှ ပြန်လွတ် လာပြီး ပထမဆုံး သတင်းစာရှင်းလင်းပွဲမှစ၍ ပြည်ပရောက် မြန်မာများ ပြည်တော်ပြန်ရေးတွင် ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်ရေးစေအတွက် ရှင်းလင်း တိကျသည့် ပြဌာန်းချက် ဥပဒေ အခိုင်အမာ ချမှတ်ပေးသင့်သည်ဟု တိုက်တွန်းခဲ့သည်။

ယခု ပြည်ထဲရေး ဝန်ကြီးဌာနက ဥပဒေ ပြဌာန်းရန် မလိုကြောင်း ပြောသည့် ကိစ္စနှင့်ပတ်သက်၍ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က သမ္မတ အနေဖြင့် ရှင်းလင်းသည့် အမိန့် ဒီဂရီတရပ် ထုတ်ပြန်ခြင်းသည် အကောင်းဆုံး ဖြစ်ကြောင်း ဧရာဝတီကို ပြောသည်။

“ဘာကြောင့်လဲဆိုတော့ ဘယ်လို ပုဂ္ဂိုလ်မျိုးက အကျုံးဝင်တယ်၊ ဘယ်လိုပုဂ္ဂိုလ်မျိုးက အကျုံးမဝင်ဘူး ဆိုတာမျိုး၊ ဘယ်လို ပုဂ္ဂိုလ်မျိုးကို ခြွင်းချက်မရှိ ပြည်ဝင်ခွင့် ပြုတယ်ဆိုတာမျိုးဟာ ရှင်းနေရမှာပေါ့ဗျာ၊ အားလုံးက ကျနော်တို့ရဲ့ နိုင်ငံသားတွေ၊ ဒါတွေ အားလုံးက ကျနော်တို့ရဲ့ ညီအကို မောင်နှမတွေပဲဗျာ။ ကိုယ့်အမေ့အိမ် ကိုယ် ပြန်ချင် ကြတာပေါ့” ဟု သူက ဆိုသည်။

ပြည်တော်ပြန်မည့် ကိစ္စကို သက်ဆိုင်ရာ သံရုံးများတွင် သွားရောက် လျှောက်ထားသည့်အခါ မညီမှျှမှုများ ရှိနေ ကြောင်း၊ မည်သည့်မူနှင့် ဆုံးဖြတ်နေသည်ကို မသိရကြောင်း၊ ခိုင်မာသည့် မူရှိလျှင် အဆိုပါကိစ္စမျိုး မဖြစ်နိုင်ကြောင်း သူက ဆက်ပြောသည်။

“အခုဟာက ရခြင်း မရခြင်းဆိုတာ သက်ဆိုင်ရာ သံရုံးမှာ ရှိတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဆုံးဖြတ်မှုပေါ်မှာ မူတည်နေတယ်။ မူပေါ် မူမတည်ပဲ လူပေါ် မူတည်နေလို့ ကျနော်တို့ ကြိုးစားသမျှ ဘာတခုမှ အရာရောက်တယ်လို့ အသိအမှတ်ပြုလို့ မရနိုင် တော့ဘူး” ဟု ကိုမင်းကိုနိုင်က ဆိုသည်။

၁၉၈၈ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံမှ ထွက်ခွာလာပြီးနောက် ထိုင်း-မြန်မာ အခြေစိုက် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဥက္ကဋ္ဌဟောင်း ဦးထွန်းအောင်ကျော်ကလည်း နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန် တောင်းဆိုစဉ်က ထင်ရှားသည့် နိုင်ငံရေးအကျဉ်းသား တချို့ကို အစိုးရကလွှတ်ပေး သကဲ့သို့ ထင်ရှားသူများကိုသာ လက်သင့်ရာ ရွေးချယ် ခေါ်ယူသည့် ပုံစံ မဖြစ်စေလိုကြောင်း ဧရာဝတီကို ပြောသည်။

ဦးထွန်းအောင်ကျော်သည် ယခုအခါ အမေရိကန် နိုင်ငံသား ဖြစ်နေပြီး မြန်မာနိုင်ငံသို့ ခေတ္တ ပြန်၍ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်များကို လေ့လာရန်အတွက် ပြည်ဝင်ခွင့် ဗီဇာ ရရှိရန် စောင့်ဆိုင်းနေသူ ဖြစ်သည်။

“ပြည်တော်ပြန်ကြည့်ချင်တယ်၊ တိုင်းပြည်အတွက်ကို တတပ်တအား လုပ်ချင်တဲ့သူတွေ၊ ပြည်တော်ပြန်ပြီး ကြည့်ချင် တဲ့ သူတွေရှိတယ်ပေါ့ဗျာ။ ဆိုတော့ ကိုယ့်မိသားစုတွေ တွေ့ချင်လို့ Home sick ဖြစ်နေတဲ့ လူတွေလည်း ရှိနေတဲ့ အထဲမှာ ကိုယ်လက်သင့်ရာ၊ ကိုယ်သဘောကျတဲ့ လူကို ခေါင်းခေါက်ရွေးပြီးတော့ နာမည်ရှိတဲ့ လူတွေလောက်ကိုပဲ ခေါ်ပြီး ကျန်တဲ့လူတွေကျတော့ သွားလျှောက်တဲ့အခါ ဗီဇာ မပေးတာတို့ ဘာတို့ လုပ်တာမျိုးကလည်း နိုင်ငံရေး အကျဉ်းသား လွှတ်သလိုမျိုး ဖြစ်နေတယ်” ဟု သူက ဆိုသည်။

ပြန်လာလိုသည့် မြန်မာနိုင်ငံသားဟောင်းတိုင်း အတွက် ဗီဇာ လျှောက်၍ မရလျှင် တိုက်ရိုက် ဆက်သွယ် အကြောင်း ကြားနိုင်သည့် နေရာတခုဖွင့်ထားစေ လိုကြောင်း၊ သို့မှသာ ကြားထဲက ကြိုးနီစနစ်ဖြင့် ပိတ်ဆိုမှုနှင့် မသမာမှုများ ပျောက်သွားပြီး ပြည်ပရောက်သူများအနေ ဖြင့်လည်း အစိုးရ အပေါ် ယုံကြည်မှု ပိုမို ရရှိလာမည်ဖြစ်ကြောင်း သူက ဆက်ပြောသည်။

နေပြည်တော် နိုင်ငံခြားရေး ဌာနနှင့် နီးစပ်သူ တဦး၏ အဆိုအရ မြန်မာနိုင်ငံသို့ ပြည်တော်ပြန်ရန် ပြည်ပရောက် မြန်မာများ လျှောက်ထားမှုသည် ယခုလက်ရှိ ၅ ထောင် ဝန်းကျင် ရှိနေကြောင်း သိရသည်။ သို့သော် သီးခြား အတည်မပြုနိုင်သေးပေ။

Did you find apk for android? You can find new Free Android Games and apps.
Loading