သတင်း

ကျူးကျော် နေထိုင်သည့် ထိုင်းနိုင်ငံသား ၉၂ ဦးကို ထောင်ဒဏ် ချမှတ်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မြန်မာ အစိုးရ စစ်တပ်က တနင်္သာရီတိုင်း ကော့သောင်းမြို့နယ် အတွင်း ဖမ်းဆီးထားသော ထိုင်းနိုင်ငံသား ၉၂ ဦးကို တနင်္လာနေ့က ထောင်ဒဏ် ၃ နှစ်ခွဲစီ ချမှတ်လိုက်ကြောင်း သိရသည်။

အဆိုပါ ထိုင်းနိုင်ငံသားများကို ကော့သောင်း ခရိုင် တရားသူကြီး ဒေါ်သူဇာလှိုင်ချိုက လူဝင်မှု ကြီးကြပ်ရေး(လဝက)နှင့် သစ်တော ဆိုင်ရာ ဥပဒေ ပုဒ်မ တို့ဖြင့် အမိန့်ချမှတ် လိုက်ခြင်း ဖြစ်ကြောင်း ကော့သောင်းမြို့နယ်မှ ရှေ့နေတဦးက ဧရာဝတီသို့ ပြောသည်။

ထောင်ဒဏ်ချမှတ်ခံရသော တရားမဝင် ဝင်ရောက်နေထိုင်သည့် ထိုင်း လူမျိုးတချို့ (ဓာတ်ပုံ – မြဝတီ ဖေ့စ်ဘုတ် မှ)
ထောင်ဒဏ်ချမှတ်ခံရသော တရားမဝင် ဝင်ရောက်နေထိုင်သည့် ထိုင်း လူမျိုးတချို့ (ဓာတ်ပုံ – မြဝတီ ဖေ့စ်ဘုတ် မှ)

“ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို တရားမဝင် ခိုးဝင်တဲ့ အမှုဆိုတော့ လူဝင်မှုကြီးကြပ်ရေး ဥပဒေပုဒ်မ ၁၃/၁၊ အဲဒါက ၃ နှစ် နောက် တရားမဝင် သစ်ခိုးခုတ်တဲ့ သစ်တော ဥပဒေ အရ ၆ လ အမိန့် ချလိုက်တယ်”ဟု ၎င်းက ဆိုသည်။

ထောင်ဒဏ် ချမှတ်ခံထားရသူများထဲတွင် အမျိုးသား ၈၂ ဦးနှင့် အမျိုးသမီး ၁၀ ဦးတို့ ဖြစ်ပြီး လတ်တလော ကော့သောင်းမြို့ရှိ ၉ မိုင် အကျဉ်းထောင်တွင် ထိန်းသိမ်းထားကြောင်း သိရသည်။

“သူတို့ရဲ့ မိသားစုဝင်တွေတော့ လာတယ်၊ ဘယ်သူမှ တွေ့ခွင့်မရဘူး၊ အပြင်မှာပဲ နေရတယ်၊ တရားရုံးတောင် အပြင်လူဝင်ထွက် သွားလာတာ ပိတ်ထားတယ်”ဟု ၎င်းက ဆိုသည်။

ယခု ပြစ်ဒဏ်ချမှတ်ခံရသူများ နှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Thani Thongpakdi က တရားမဝင် ဝင်ရောက် နေထိုင်လုပ်ကိုင်မှုများ အပြင် လက်နက်ကိုင်ဆောင်မှုနှင့် မူးယစ်ဆေးဝါး အမှုများနှင့်လည်း အရေးယူခံရနိုင် ဖွယ်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ ဥပဒေကြောင်းအရ လုပ်ငန်းစဉ်တွင် ထိုင်းနိုင်ငံအနေဖြင့် ကြားဝင်စွက်ဖက်မှု မပြုလုပ်လိုကြောင်း ပြော ကြားသည်ဟု ဇူလိုင်၂၃ ရက်နေ့ ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြထားသည်။

ကော့သောင်းမြို့နယ်ရှိ ရှေ့နေကမူ လက်နက်ကိုင် ဆောင်မှုနှင့် မူးယစ်ဆေးဝါးမှုများနှင့် ပတ်သက်ပြီး အစိုးရက တရားစွဲဆို အရေးယူထားခြင်း ရှိမရှိ မသိရကြောင်း ပြောသည်။

ထိုင်းနိုင်ငံခြားရေး ဝန်ကြီး Mr. Surapong Tovichakchaikulက“သမ္မတ ဦးသိန်းစိန်က ထိုင်းဝန်ကြီးချုပ်နဲ့ တွေ့တဲ့ အချိန်တုန်း က ဥပဒေကြောင်းအရ အဖမ်းခံထားရတဲ့ ထိုင်းနိုင်ငံသားတွေ အားလုံး တရားမျှတမှု ရှိစေရမယ်လို့ ကတိပေးသွားတယ်”ဟု ယနေ့ သတင်း ထောက်များကို ပြောကြားကြောင်း ထိုင်း သတင်းများအရ သိရသည်။

ဦးသိန်းစိန်သည် ဇူလိုင် ၂၂ ရက်က စတင်ပြီး ၃ ရက်ကြာခရီး ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့သည်။

ထိုင်းနိုင်ငံသားများ အမှုနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးမှ တာဝန်ရှိသူတချို့တို့ကို လာမည့် သောကြာနေ့တွင် သွားရောက်ကူညီရန် ပြောထားသည်ဟုလည်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီး Mr. Surapong Tovichakchaikulက ပြောဆိုသည်။

ထောင်ဒဏ်ချမှတ်ခံရသော ထိုင်း လူမျိုးများနေအိမ်နှင့် ၎င်းတို့ အသုံးပြုသည့် မြေတူးစက်များ (ဓာတ်ပုံ – မြဝတီ ဖေ့စ်ဘုတ် မှ)

အတည်မပြုနိုင်သေးသော် သတင်းများအရ ထိုင်းတာဝန်ရှိသူများက သမ္မတ ဦးသိန်းစိန်နှင့် နားလည်မှုယူ၍ နှစ်နိုင်ငံ ချစ်ကြည်ရေး အရ ယင်း ထိုင်းနိုင်ငံသားများကို ပြန်လွှတ်ရန် ရှိကြောင်း သိရသည်။

ဇူလိုင်လ ၄ ရက်နေ့က ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းခရိုင် ကလပ်ဘူရီမြို့နယ်နှင့် မျက်နှာချင်းဆိုင် မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း ကျူးကျော်၍ စီးပွားဖြစ် ရော်ဘာပင် စိုက်ပျိုးရန် လုပ်ကိုင်နေသည့် ထိုထိုင်းနိုင်ငံသားများကို မြန်မာ စစ်တပ်က ဖမ်းဆီးခဲ့ခြင်း ဖြစ် သည်။

ယင်းဒေသတွင် အသုံးပြုနေသည့် မြေထိုးစက် ၃စီး၊ မြေတူးစက် Backhoe ကား ၅ စီး၊ ယာဉ်မျိုးစုံ ၁၇ စီး၊ ရော်ဘာပင် ဧက ၁၅၀၀၊ မော်တော် ဆိုင်ကယ် အစီး ၂၀ ၊ M-16 , AK-47, AR-15 အမျိုးအစား သေနတ်များ နှင့် ကျည်ဆန်များ၊ လက်ပစ်ဗုံး၊ မိုင်း၊ ခြောက် လုံးပြူး၊ လုပ်သေနတ် စသည့် လက်နက် ခဲယမ်းများကို သိမ်းဆည်းရမိ၍ တည်ဆဲဥပဒေများနှင့်အညီ အရေးယူသွားမည် ဖြစ်ကြောင်း၊ သက်ဆိုင်ရာ နိုင်ငံသို့ သံတမန်နည်းအရ အသိပေးထားကြောင်း ဇူလိုင် ၁၀ ရက်ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြ ခဲ့သည်။

ယင်းဒေသတွင် ထိုင်းနိုင်ငံ တောင်ပိုင်း ရနောင်းမြို့အပါအဝင် စူရတ်ဌာနီ၊ နခွန်စီထာမရတ်၊ ချုံဖော်မြို့နယ်များမှ မိသားစုဝင်များ သွားရောက်နေထိုင်ကြပြီး ခန့်မှန်းခြေ လူဦးရေ ၂၀၀ ခန့် ရှိကြောင်း စောစောပိုင်း ဖော်ပြသည့် သတင်းများတွင် ပါရှိသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading