သတင်း

အစိုးရအဖွဲ့တွင်း အပြောင်းအလဲ စတင်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ဒုတိယ သမ္မတအဖြစ် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေကို သမ္မတ အရည်အချင်းစစ် ကော်မတီက အတည်ပြုပေး တော့မယ်လို့  နေပြည်တော်နဲ့ နီးစပ်တဲ့ သတင်းရပ်ကွက်တွေ အဆိုအရ သိရပါတယ်။

ခေတ်နောက်ပြန်ဆွဲလိုသူများကို ချန်ထားခဲ့မည်ဟု သမ္မတ ဦးသိန်းစိန် က မေလ ၁၁ ရက်နေ့ အစိုးရအဖွဲ့ အစည်းအဝေးတွင် ပြောဆိုခဲ့သည် (ဓာတ်ပုံ – သမ္မတရုံး ဝက်ဘ်ဆိုဒ်)
ခေတ်နောက်ပြန်ဆွဲလိုသူများကို ချန်ထားခဲ့မည်ဟု သမ္မတ ဦးသိန်းစိန် က မေလ ၁၁ ရက်နေ့ အစိုးရအဖွဲ့ အစည်းအဝေးတွင် ပြောဆိုခဲ့သည် (ဓာတ်ပုံ – သမ္မတရုံး ဝက်ဘ်ဆိုဒ်)

တချိန်တည်းမှာပဲ အစိုးရ ပြည်ထောင်စုဝန်ကြီး ၈ ဦးခန့်လည်း ရာထူး အပြောင်း အလဲ ဖြစ်ဖို့ရှိပြီး ပြောင်းလဲမယ့် ဝန်ကြီးတွေ ထဲမှာ ခေါင်းမာ ဂိုဏ်းသားတွေလို့ ပြောကြတဲ့ လက်ရှိ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးလှထွန်း တို့လည်း ပါဝင်မယ်လို့ ဆိုပါတယ်။

ပြည်တွင်းထုတ် The Voice Weekly ဂျာနယ်မှာလည်း ဝန်ကြီး ဦးလှထွန်းကို ဗဟိုဘဏ်ဥက္ကဋ္ဌ၊ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးမှုဝန်ကြီး ဦးတင်နိုင်သိန်းကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး၊ အားကစား ဝန်ကြီးဌာန ဒု ဝန်ကြီး ဦးအေးမြင့်ကြူကို ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးများ အဖြစ် ပြောင်းလဲခန့်အပ် မယ်လို့ ဖော်ပြထားပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာန နဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာန နှစ်ဌာနဝန်ကြီး ဦးကျော်ဆန်းကတော့ ယဉ်ကျေးမှုဝန်ကြီးဌာနကိုပဲ တာဝန် ယူရမှာဖြစ်ပါတယ်။

ဒီလို ဝန်ကြီးရာထူး အပြောင်းအလဲတွေဟာ ပြီးခဲ့တဲ့ မေလအတွင်းက သမ္မတ ဦးသိန်းစိန် ပြောကြားခဲ့တဲ့ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရာမှာ ရှေးရိုးစွဲ၊ ခေတ်နောက်ပြန်ဆွဲတဲ့ အမြင်ရှိသူများကို ချန်ထားခဲ့မယ်ဆိုတဲ့ အစီအစဉ်ကို နောက်ဆုံးပိတ် အကောင်အထည်ဖော်ခြင်း ဖြစ်တယ်လို့ အစိုးရနဲ့ နီးစပ်သူတွေက သုံးသပ်ကြတယ်။

ပထမအဆင့်အနေနဲ့ ခေါင်းမာဂိုဏ်သားလို့ သတ်မှတ်ကြသူ တောင်သာမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးအောင်သောင်းကို ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုအဖွဲ့ကနေ ဖယ်ရှားပြီး သမ္မတ ဦးသိန်းစိန် ယုံကြည်ရတဲ့ မီးရထားဝန်ကြီး ဦးအောင်မင်းကို ခန့်အပ်ခဲ့ပါတယ်။

ယခုအခါ ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းကို သမ္မတရုံး ဝန်ကြီး (၁) အဖြစ် တာဝန်ပေးထားပြီး ဦးသိန်းစိန် အားကိုးရတဲ့ စက်မှုဝန်ကြီး ဦးစိုးသိမ်းကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို ကိုင်တွယ်ရတဲ့ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးအဖြစ် ပြောင်းလဲခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၉ ရက်နေ့က သမ္မတရုံး ဝန်ကြီးဌာန (၁)၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး၊ ပို့ဆောင်ရေး ဝန်ကြီး၊ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန ၆ ခု ရှိ ဒုတိယ ဝန်ကြီးတွေကို အပြောင်းအလဲ ပြုလုပ်ခဲ့ပါသေးတယ်။
မကြာသေးမီက ပြည်တွင်း၊ ပြည်ပ ဆက်ဆံရေးနဲ့ ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန်ရဲ့ လုပ်ဆောင်မှုတွေကို ထောက်ခံချီးကျူးမှုတွေ ရရှိခဲ့ပါတယ်။ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရဲရဲဝံ့ဝံ့ ခေါ်ယူတွေ့ဆုံခဲ့ခြင်း၊ တိုင်းရင်းသား ခေါင်းဆောင်များနဲ့ တွေ့ဆုံခြင်းတို့အပြင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေနဲ့လည်း မကြာမီ တွေ့ဆုံဖို့ ရှိတယ်လို့ သိရပါတယ်။

ပြည်ပနိုင်ငံများနဲ့ ဆက်ဆံရာမှာလည်း မျက်နှာကောင်းရရှိခဲ့ပြီး အမေရိကန်အပါအဝင် အနောက်နိုင်ငံများက ပိတ်ဆို့ အရေးယူ မှုတွေကို လျှော့ပေါ့ပေးတဲ့အပြင် အမေရိကန်နိုင်ငံက သံအမတ်ကြီးအဆင့် ပြန်လည်ထားရှိဖို့ သဘောတူခဲ့ပါတယ်။ ဂျပန်နိုင်ငံကလည်း အကူညီပေးမှုတွေအပြင် ကြွေးမြီတွေကိုလည်း လျော့ပေါ့ပေးခဲ့ပါတယ်။

တပ်မတော်အနေနဲ့လည်း သမ္မတ ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းကို အားဖြည့်ဖို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ဦးမြင့်ဆွေကို ဒုသမ္မတအဖြစ် တင်မြှောက်ရေး ကျားကန်ပေးတယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။

ကာကွယ်ရေးဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး လှမင်းကလည်း  စင်ကာပူနိုင်ငံမှာ ကျင်းပတဲ့ အာရှဒေသ လုံခြုံရေးဆိုင်ရာ ညီလာခံ (Shangri-la Dialogue) မှာ သင့်လျော်တဲ့ ကာလတခုရောက်လျှင် တပ်မတော်အနေဖြင့် နိုင်ငံရေးတွင် ပါဝင်မှု အခန်းကဏ္ဍကို လျှော့ချသွားမှာဖြစ်ပြီး သမ္မတ ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ချက်များကို တပ်မတော်အနေနဲ့ ရာနှုန်းပြည့် ထောက်ခံ၍ အရပ်သားအစိုးရ၏ ညွှန်ကြားမှုများကို လိုက်နာသွားမည်ဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါသေးတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို မလိုလားတဲ့ ခေါင်းမာဂိုဏ်သားတွေကတော့ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့ နာမည်ကိုသုံးပြီး ဟန့်တားဖို့ ကြိုးစားနေတယ်လို့ နေပြည်တော်သတင်းရပ်ကွက်က ဆိုပါတယ်။

ဒါပေမယ်လည်း ဦးသန်းရွှေကတော့ နိုင်ငံရေးလောကထဲကို ပြန်လာတော့မှာ မဟုတ်ဘဲ လက်ရှိ အခြေအနေ အတိုင်း အေးချမ်းလုံခြုံစွာ နေထိုင်တော့မယ်လို့ ပြောဆိုကြပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading