သတင်း

NLD စည်းရုံးရေးမှူးတဦး အသတ်ခံရ

This article has been converted from Zawgyi One to Unicode

မကွေးတိုင်း ပွင့်ဖြူမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) စည်းရုံးရေးမှူး ဦးရဲဝင်းကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (ပြည်ခိုင်ဖြိုး) ပါတီမှ ဦးဝင်းမော် ဦးဆောင်သော လူတစုက ဓားဖြင့် ဝိုင်းဝန်း ခုတ်သတ်သည့် ဖြစ်စဉ်တရပ် ယမန်နေ့ နံနက်ပိုင်းက ဖြစ်ပွားကြောင်း သတင်းရရှိသည်။

မကွေးတိုင်း ဒေသကြီး ပွင့်ဖြူမြို့နယ် သမန်ရင်းကျေးရွာမှ NLD စည်းရုံးရေးမှူးနှင့် အဖွဲ့ဝင် တဦးဖြစ်သူ အသက် ၅၀ ကျော်အရွယ်ရှိ ဦးရဲဝင်းသည် ဇူလိုင် ၂၅ ရက်နေ့နံနက်က သမန်းရင်းကျေးရွာ ရွာဦးကျောင်းမှ ပြန်လာစဉ် အဆိုပါရွာ ပြည်ခိုင်ဖြိုး ပါတီဝင် ဦးဝင်းမော်နှင့် အပေါင်းအပါများက ရွာထိပ်တွင် ဓားဖြင့် ဝိုင်းဝန်း ခုတ်သတ်ခဲ့ခြင်း ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် NLD ဥက္ကဋ္ဌ ဦးအောင်ဝင်းက ဧရာဝတီသို့ ပြောသည်။

“ဦးဝင်းမော် ဆိုတာက အရင် သမန်းရင်း ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း၊ ပြည်ခိုင်ဖြိုး ပါတီဝင်ပါ။ ဦးရဲဝင်းနဲ့ ဦးဝင်းမော်က မတည့်ဘူး။ ကြားဖြတ် ရွေးကောက်ပွဲ ကာလမှာ ဦးရဲဝင်းက NLD ပါတီအတွက် စည်းရုံးရေး လုပ်ငန်းတွေကို အင်တိုက် အားတိုက် လုပ်တယ်။ အဲဒီမှာ ဦးဝင်းမော်နဲ့ ပြည်ခိုင်ဖြိုး ပါတီဝင်တချို့က လေးခွနဲ့ ပစ်တာ၊ မဲဆွယ် စည်းရုံးမှုတွေကို အမျိုးမျိုး နှောင့်ယှက်တာတွေ လုပ်တယ်” ဟု သူက ဆိုသည်။

ထို့အပြင် ဦးဝင်းမော် ကျေးရွာ အုပ်ချုပ်ရေးမှူး အဖြစ် တာဝန်ယူခဲ့စဉ်က တအိမ်ကို ကျပ် ၄ သိန်းနှင့် လျှပ်စစ်မီတာ သွယ်ရန် ငွေကောက်ခံဖူးသော်လည်း ဦးဝင်းမော်က စာရင်းမရှင်းခဲ့ကြောင်း၊ ထို့ကြောင့် ဦးရဲဝင်းနှင့် ရွာသားများက နေပြည်တော်ရှိ တာဝန်ရှိသူများကို စာရေးတိုင်ကြားခဲ့ သဖြင့် တာဝန်ရှိသူများက လာရောက် စစ်ဆေးမှုများ ရှိခဲ့ကြောင်း သိရသည်။

“အဲဒီလို အကြောင်းတွေ ရှိတော့ ဦးဝင်းမော်က ဦးရဲဝင်းအပေါ် အငြိုးထားခဲ့တယ်။ အဲဒါတွေက ဦးရဲဝင်းကို ဦးဝင်းမော်တို့ လူစုက ဝိုင်းပြီး ဓားနဲ့ ခုတ်တဲ့အကြောင်းရင်း တွေပါ။ ဒါတွေက ရွာလုံးကျွတ် သိတဲ့ ကိစ္စပါ” ဟု ဦးအောင်ဝင်းက ဆိုသည်။

ဦးရဲဝင်းကို ဦးဝင်းမော်အပါအဝင် အပေါင်းအပါများက သတ်မည်ဟု လူသိရှင်ကြား ကြုံးဝါးခဲ့ပြီးနောက် ဇူလိုင် ၂၅ ရက်နေ့ နံနက်ပိုင်း သမန်ရင်း ကျေးရွာရွာထိပ်တွင် ဦးရဲဝင်းကို ဓားဖြင့်ဝိုင်းခုတ် ခဲ့ကြကြောင်း၊ ဦးရဲဝင်း အတိုက်ခိုက် ခံနေရသည်ကို
ရွာသားများ တွေ့ရှိပြီး ဝိုင်းဝန်းလာရောက်စဉ် ဦးဝင်းမော်နှင့် အပေါင်းအပါများက ထွက်ပြေးသွားကြကြောင်း၊ ဦးရဲဝင်းမှာ ဓားဒဏ်ရာ အပြင်းအထန် ရရှိခဲ့သည့်အတွက် ပွင့်ဖြူမြို့နယ်ဆေးရုံသို့ တင်ပို့စဉ် လမ်းခုလတ်၌ သေဆုံးသွားခဲ့ကြောင်း
သိရသည်။

“ဦးရဲဝင်းက သူ့ကို ဘယ်သူတွေက ဝိုင်းခုတ်တယ် ဆိုတာကို ပြောသွားနိုင်တယ်။ ဆေးရုံတော့ မရောက်လိုက်ဘူး။ လမ်းမှာပဲ ဆုံးသွားတယ်” ဟု ဦးအောင်ဝင်းက ရှင်းပြသည်။

ဦးရဲဝင်း အသတ်ခံရမှုနှင့် ပတ်သက်ပြီး ပွင့်ဖြူမြို့နယ် ရဲစခန်းသို့ ဧရာဝတီက ဆက်သွယ်မေးမြန်းရာ လူသတ်မှု ဖြစ်ပွားသည် မှာ အမှန်တကယ်ဖြစ်ပြီး တရားခံဟု ယူဆရသူ ဦးဝင်းမော်နှင့် အပေါင်းအပါများကို ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း၊ လတ်တလော တရားခံဟု ယူဆရသူများကို လူသတ်မှုပုဒ်မ ၃၀၂ အပါအဝင် ပုဒ်မများဖြင့် အမှုဖွင့်ထားပြီး အမြန်ဆုံး ဖမ်းဆီး ရရှိနိုင်ရေး ကြိုးပမ်းလျက် ရှိကြောင်း တာဝန်ကျ ရဲအရာရှိတဦးက ဖြေကြားသည်။

“အခုထက်ထိတော့ တရားခံလို့ ယူဆရတဲ့ သူတွေ မမိသေးပါဘူး။ ပွင့်ဖြူမြို့နယ် စခန်းမှူးကိုယ်တိုင် အမှုစစ် အရာရှိအဖြစ် ဆောင်ရွက်ပြီး စစ်ဆေးနေပါတယ်။ ဒီအမှုနဲ့ ပတ်သက်လို့ အသေးစိတ်တော့ ပြောလို့ မရသေးပါဘူး” ဟု တာဝန်ကျ ရဲအရာရှိ က ရှင်းပြသည်။

အသတ်ခံခဲ့ရသည့် ပွင့်ဖြူမြို့နယ် သမန်းရင်းကျေးရွာ NLD စည်းရုံးရေးမှူး ဦးရဲဝင်း၏ ဈာပနကို ဇူလိုင် ၂၇ ရက် နေ့တွင်
ကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။

ပွင့်ဖြူမြို့နယ်သည် ကြားဖြတ် ရွေးကောက်ပွဲ ကာလတွင် လစ်လပ် မဲဆန္ဒနယ် ဖြစ်ခဲ့ပြီး ကြားဖြတ် ရွေးကောက်ပွဲတွင် NLD
လွှတ်တော်အမတ် ဒေါက်အောင်မိုးညိုက မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သည့် မဲဆန္ဒနယ်လည်း ဖြစ်သည်။

Loading