ရွှေဆိုင်ဓားပြဆိုသူကို ထိုင်းရဲ လက်လွှဲ
This article has been converted from Zawgyi One to Unicode
ကရင်ပြည်နယ် မြဝတီမြို့ ဘုရင့်နောင်ဈေးနှင့် မျက်နှာချင်းဆိုင်တွင် ဖွင့်လှစ်ထားသော အင်ပါယာ ရွှေဆိုင်ကို ပြီးခဲ့သည့် လ ၂၄ ရက်နေ့က ဓားပြဝင်တိုက်ခဲ့သည်ဟု ယူဆရသူတဦးကို ထိုင်းရဲက ဖမ်းဆီးပြီး ယမန်နေ့က မဲဆောက် နယ်စပ် နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားမှ တဆင့် မြန်မာ အာဏာပိုင်များကို လွှဲပြောင်းပေးလိုက်ကြောင်း သိရသည်။ အခင်းဖြစ်ပွားခဲ့သည့်နေ့က ဓားပြတိုက်သူများက လက်နက်များ ကိုင်ဆောင်၍ ရွှေဆိုင်ရှေ့ကို ကားဖြင့်ရောက်ရှိလာပြီး ရွှေဆိုင်မှ ရွှေ ၂ ပိဿာ ခန့် အပါအဝင် ဘတ်ငွေ နှစ်သိန်းနှင့် မြန်မာကျပ်ငွေ တချို့တို့ကို ယူသွားခြင်း ဖြစ်သည်။ တရားခံများကို ဖမ်းမိနိုင်ရန် ထိုင်းနှင့်မြန်မာ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်ခဲ့ရာ ဓားပြတိုက်ခဲ့သူ ၃ ဦးထဲမှ တဦးကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ထိုင်းရဲများက ဖမ်းဆီးခဲ့ကြောင်း သိရသည်။