မန္တလေးတိုင်း မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ် အိုးပြွန်ရွာမှ ထွန်တုံးတိုက်ပွဲဝင်နေသော လယ်သိမ်းခံ လယ်သမားများ၏ မြေများတွင် ကောင်းကင် ကုမ္ပဏီက ယမန်နေ့တွင် ခြံစည်းရိုးခတ်ခြင်း၊ ထွန်စက်များဖြင့် လယ်ထွန်ခြင်းများကို ဆန့်ကျင်သည့်အနေဖြင့် ထွန်စက်များရှေ့တွင် တားဆီးဆန္ဒပြမှု လယ်ပိုင်ရှင်များက ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
“ကိုကျော်ဝင်းရဲ့ အကွက်ကို ထွန်စက်တွေက စ လာထွန်တာ။ ကိုကျော်ဝင်း၊ ကိုသိန်းအောင်နဲ့ ဦးတုတ်ကြီးတို့က ထွန်စက်ရှေ့ လှဲအိပ်လိုက်တယ်။ ထွန်ချင်ရင် ကျနော်တို့ပေါ် နင်းသွား၊ ဖြတ်သွားပြီးမှ ထွန်ဆိုပြီးတော့။ အဲ့ဒီအခါမှာ ကောင်းကင်ကုမ္ပဏီ အစောင့်တဲက ကလေးက သူတို့ရုံးကို ဖုန်းလှမ်းဆက်တော့ သူတို့ရဲ့ တာဝန်ခံက ကိုဌေးလွင်က မောင်းသာဆက်မောင်းလို့ ပြောတာ။ ကားမောင်းတဲ့ ကလေးကတော့ စက်ကို ရပ်လိုက်ပြီးတော့ ကားကနေ သော့ဖြုတ်ပြီး ပြန်သွားတယ်” ဟု လယ်ပိုင်ရှင်တဦးက ပြောသည်။
သိမ်းဆည်းခံ လယ်မြေများအရေး လယ်သမားများနှင့် ကောင်းကင်ကုမ္ပဏီအကြား သက်ဆိုင်ရာခရိုင်ရုံး တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်နေစဉ် အတောအတွင်း ကုမ္ပဏီဘက်မှ ယခုကဲ့သို့ လုပ်ဆောင်သည့်အပေါ် မကျေနပ်ကြောင်း၊ မိမိပိုင်လယ်မြေများကို ပြန်ရရေးအတွက် ယခုကဲ့သို့ လုပ်ရခြင်းဖြစ်ကြောင်း လယ်ပိုင်ရှင်များက ဆိုသည်။
လယ်မြေများ ပြန်လည်ရရှိရေးအတွက် ထွန်တုံးတိုက်ပွဲများ ပြုလုပ်နေစဉ်က ကောင်းကင်ကုမ္ပဏီမှ အဆိုပါ လယ်မြေအားလုံးနီးပါးကို စွန့်လွှတ်ကြောင်း ပြောဆိုခဲ့သော်လည်း နောက်ပိုင်းတွင် အဆိုပါ ပြောဆိုချက်အတိုင်း ကတိမတည်ဘဲ သက်ဆိုင်ရာမှ ညှိနှိုင်းဖြေရှင်းပေးမှုကိုလည်း စောင့်ဆိုင်းခြင်းမပြုကြောင်း လယ်ပိုင်ရှင်များက ပြောသည်။
“ညှိနှိုင်းပေးမယ်၊ ဒီလို လယ်တွေ ဝင်ထွန်တာတွေ မလုပ်ပါနဲ့ပြောလို့ လယ်သမားတွေဘက်က ဘာမှ မလုပ်ဘဲ ညှိနှိုင်းပေးတာကို စောင့်နေတာ။ ကုမ္ပဏီက ဒီလိုလုပ်တော့ မခံနိုင်လို့ သူတို့ထွက်သွားတော့ လယ်တွေဝင်ထွန်ပြီးတော့ ဝါတို့၊ နှမ်းတို့၊ နေကြာတို့ ကြဲခဲ့တယ်” ဟု လယ်ပိုင်ရှင်တဦးဖြစ်သူ ဒေါ်ဌေးဌေးမြင့်က ပြောသည်။
သူကဆက်၍ “ကျမတို့မှာ ဒီမြေတွေပေါ် ဓားမဦးချလုပ်လာတာ။ လယ်သမားအလုပ်ပဲ လုပ်တတ်တာ။ လယ်သမား လယ်ပိုင်မရှိတော့ ဘယ်လိုလုပ်ရမလဲ။ လယ်သမား လယ်မရှိတော့ စားဝတ်နေရေး ကြပ်တည်းနေရတယ်။ လယ်သမား လယ်ပိုင်ရှိမှ ဖြစ်မှာမို့ လယ်သမားတွေကို ကူညီပါလို့ သမ္မတကြီးကို ပြောချင်ပါတယ်” ဟု ဆိုသည်။
လယ်သိမ်းခံ လယ်သမားများအရေး ဖြေရှင်းမှုများတွင် လယ်သမားများ၏ နစ်နာမှုများအတွက် အာဏာပိုင်များနှင့် ကုမ္ပဏီများဘက်မှ ဥပဒေအရ ညှိနှိုင်းဆောင်ရွက်မှုများ မရှိသည့်အတွက် ယခုကဲ့သို့ အဖြစ်အပျက်များ ကြုံတွေ့ရခြင်းဖြစ်ကြောင်း လယ်သမားများအရေး ကူညီပေးနေသူများကဆိုသည်။
“အာဏာပိုင်တွေရော ကုမ္ပဏီ ပိုင်ရှင်တွေကပါ လယ်သိမ်းခံ လယ်သမားတွေရဲ့ နစ်နာမှုအတွက် မလုပ်ခဲ့ကြဘူး။ ဥပဒေကြောင်းအရရော လူမှုရေးအရရော ညှိနှိုင်းဆောင်ရွက်တာ မရှိဘူး။ ဒီလိုဖြစ်တာက မြန်မာနိုင်ငံ တနံတလျားက လယ်သမားတွေ အားလုံးကြုံတွေ့နေရတဲ့ ပြဿနာပဲ။ လယ်သမားအရေးဆိုတာ အရေးကြီးပါတယ်။ ဒီလို ဖြေရှင်းနည်းတွေနဲ့ကတော့ အကျိုးမရှိပါဘူး။ တိုင်းပြည်နစ်နာတာပဲ ရှိပါတယ်” ဟု မိတ္ထီလာမြို့ ပြည်သူ့အကျိုးဆောင် ကွန်ရက်မှ ဒေါ်မြင့်မြင့်အေးက ပြောသည်။
သိမ်းဆည်းခံ လယ်မြေများ ပြန်ရရေး ထွန်တုံးတိုက်ပွဲဖြင့် ကြိုးပမ်းနေသော လယ်သမားများအနက်မှ မိတ္ထီလာခရိုင်မှ လယ်သမား ၁၉ ဦး၊ ပဲခူးတိုင်း ပြည်ခရိုင်မှ လယ်သမား ၆ ဦးတို့ကို သက်ဆိုင်ရာမှ ပိုင်နက်ကျူးကျော်မှုဖြင့် တရားစွဲဆိုထားသေးသည်။
လယ်မြေများကို နိုင်ငံပိုင်မြေအဖြစ် ဥပဒေပြဌာန်းခဲ့သည့် ၁၉၆၂ ခုနှစ် နောက်ပိုင်းမှစ၍ စီမံကိန်းများအတွက် လယ်မြေများ သိမ်းယူခြင်း၊ လက်ဝါးကြီးအုပ် မြေရှင်စနစ် ကြီးစိုးလာခြင်း၊ မြို့ပြချဲ့ထွင်မှု၊ စက်မှုဇုန်များ ထူထောင်မှု၊ တပ်မြေတိုးချဲ့မှု၊ နိုင်ငံပိုင် စက်ရုံအလုပ်ရုံများနှင့် စိုက်ပျိုးမွေးမြူရေး ပုဂ္ဂလိက ချထားပေးခြင်း ဆောင်ရွက်မှုများတွင် မြေသိမ်းဆည်းမှုများ ဖြစ်ပွားပြီး လယ်ယာမြေ ပိုင်ရှင်များမှာ ထိခိုက်နစ်နာမှုများ ကြုံတွေ့ခဲ့ကြရသည်။