ဒေသခံပြည်သူများ အတွက် အကျိုးမရှိသည့် အပြင် နှစ်စဉ် ရေနစ်မြုပ်မှု ခံစားနေရသောကြောင့် မန္တလေးတိုင်း ကျောက်ဆည်ခရိုင် မြစ်သားမြို့ရှိ စမာရေလွှဲဆည်ကို ဖျက်သိမ်းပေးရန် ဒေသခံများ ယမန်နေ့က လမ်းလျှောက် ချီတက်ဆန္ဒပြ ခဲ့သည်။
၁၉၉၇-၁၉၉၈ ခုနှစ်က စတင် တည်ဆောက်ခဲ့သောသော စမာ ရေလွှဲဆည်သည် ပန်းလောင်မြစ်ပေါ်တွင် ဆောက်ထားသည့် ကျီးမည်း ရေလွှဲဆည်မှ ရေကို အောက်မှ တဆင့် ထိန်းသိမ်းရန်အတွက် ဆောက်ခဲ့ခြင်း ဖြစ်သည်။
စမာ ရေလွှဲဆည်သည် မြစ်သားနှင့် ကျောက်ဆည်ဒေသရှိ လယ်မြေ ဧက ၂၅၀၀၀ နီးပါးအတွက် စိုက်ပျိုးရေ ပေးဝေလျှက် ရှိကြောင်း သိရသည်။
‘‘ဆည်ကနေ ဧက ဘယ်လောက်အတွက် ပေးတယ် ဘာညာနဲ့ ပြောနေတာတွေတော့ ရှိတယ်။ အဲဒါက စာထဲမှာပဲ အကျိုး သက်ရောက်မှု ရှိတာပါ။ လယ်သမားတွေက ဒီဆည်ကြီး ဆောက်ပြီးကတည်းက ရေ လုံလုံလောက်လောက် မရတော့ဘူး။ ဒါကြောင့် စိုက်ပျိုးဖို့ ရေကို မူလ ဆည်မြောင်းကနေ ပေးဖို့နဲ့ ဒီ အကျိုးသက်ရောက်မှု မရှိတဲ့ စမာ ဆည်ကြီး ဖျက်သိမ်းပေးဖို့ တောင်းဆို ဆန္ဒပြကြတာပါ” ဟု ဆန္ဒပြသည့်အထဲတွင် ပါဝင်သည့် ဒေသခံတဦးက ပြောသည်။
လူအင်အား ၁၀၀ ကျော်ပါသည့် ဒေသခံ ပြည်သူများသည် အချက် ၂၅ ချက်ပါဝင်သည့် ဆိုင်းဘုတ်များကို ကိုင်ဆောင် ကာ မြစ်သားမြို့မဈေးအတွင်းမှ စတင်၍ ယမန်နေ့ နံနက် ၉ နာရီခန့်တွင် စမာဆည်သို့ လမ်းလျှောက် ချီတက် ခဲ့ကြသည်။
လမ်းလျှောက် ချီတက်ရန်အတွက် တာဝန်ရှိသူများကို အဆင့်ဆင့် တင်ပြခဲ့ရပြီး ၎င်းတို့ ခွင့်ပြုမိန့်ဖြင့် အချိန် ၁ နာရီသာ လမ်းလျှောက်ဆန္ဒပြခွင့် ရခဲ့ကြောင်း သိရသည်။
‘‘ဆန္ဒပြဖို့အတွက် လူအင်အား ၅၀၀ ကျော် တင်တာ။ အထက်က လူ ၁၀၀ ကျော်ပဲ ချပေးပါတယ်။ အခုတော့ ဆန္ဒပြတဲ့အထဲ အမျိုးသား ၇၀ နဲ့ အမျိုးသမီး ၃၀ ပါတယ်” ဟု ဦးဆောင်ဆန္ဒပြသူ ဦးရဲညွန့်က ပြောသည်။
စမာ ဆည် တည်ဆောက်ထားမှုကြောင့် မြစ်သားမြို့သည် နှစ်စဉ် ရေလွှမ်းမိုးခြင်းနှင့် ကြုံတွေ့ခံစား နေရကြောင်း ဒေသခံ ပြည်သူများက ဆိုသည်။
‘‘ပန်းလောင်မြစ်ကြီးမှာ မဆလ ခေတ်က ကင်းတာဆည် ဆောက်တဲ့ အချိန်မှာ ရေက မကြီးသေးဘူး။ ၁၉၉၇ ခုနှစ်မှာ ဒီ စမာဆည်ကြီး ဆောက်ပြီးကတည်းက တနှစ်တည်းမှာ ရေ နှစ်ခါ၊ သုံးခါ ကြီးတယ်။ ဆည်ကြီးက မြို့ရဲ့ ရေထွက်ပေါက် တောင်နဲ့ မြောက်ကို ပိတ်ထားတဲ့တွက် မိုးလေး နည်းနည်း ရွာတာနဲ့ ရေကြီးနေတာပါ” ဟု မြစ်သား မြို့ခံ တဦးက ပြောသည်။
စမာရေလွှဲဆည်၏ ရေဝပ်ဧရိယာမှာ ပန်းလောင်မြစ် တလျှောက် နှစ်မိုင်ကျော်တွင် ရှိပြီး မြို့တွင်း ဧရိယာတွင် ရှိနေ သောကြောင့် မြို့ထဲသို့ရေများ ကျော်ကျလာခြင်း အပြင် မိုးရွာသည့်အချိန်၌ မြို့ကို ရေထဲတွင် နှစ်ထားသည့်အလား ကြုံတွေ့နေရကြောင်း သိရသည်။
‘‘ကျနော်တို့ ဖြစ်စေချင်တာက ပန်းလောင်မြစ်ကို သဘာဝအတိုင်း ပြန်ပြီး စီးစေချင်တယ်။ သူ့ကို သဘာဝအတိုင်း စီးဆင်းအောင် မလုပ်ဘဲ စမာရေလွှဲ ဆည်ဆောက်ထားတော့ ရေကြီးတဲ့ ပြဿနာတွေ နှစ်တိုင်းပေါ်တယ်။ တခါ တခါ ရေကြီးပြီ ဆိုရင် မြို့လယ်ခေါင်အထိ ရေမြုပ်ပြီး ကလေးတွေနဲ့ အသက်ကြီးတဲ့ သူတွေ သေဆုံးရတာ မနည်းတော့ဘူး။ ဒါ့ကြောင့် ဒီနှစ်မှာ ဒီဆည်ကို ဖျက်ပေးဖို့ အခုလို လမ်းလျှောက် ဆန္ဒပြရတာပါ” ဟု ဆန္ဒပြသူ တဦးက ဧရာဝတီကို ပြောသည်။
မန္တလေးတိုင်း ဒေသကြီး လယ်/ ဆည် ညွှန်ကြားရေးမှူး ဦးစိုးညွန့်ကမူ စမာဆည်နှင့် ပတ်သက်၍ ဆန္ဒမစောကြ စေလိုကြောင်း ပြောသည်။
သူက “သဲထုတ် ရေတံခါးက တကယ်ပဲ ဒေသခံတွေအတွက် အသုံးမဝင်ဘူးဆိုရင် ကျနော်တို့ ဖျက်သိမ်းပေးပါ့မယ်။ ဒီတနှစ်တော့ စောင့်ကြည့်ပေးပါ။ ဒီနှစ် မြို့ထဲ ရေမဝင်စေရဘူးလို့ ကျနော် အာမခံပါတယ်” ဟု ဆန္ဒပြသူများအား ကတိပေးခဲ့သည်။
စမာဆည်ကြောင့် ရေကြီးမှုဒုက္ခကို ညောင်ဝန်းကျေးရွာ၊ ကြံတောကျေးရွာ၊ ရွှေပေါ်ကျွန်း၊ ရွှေပေါ်ကုန်း၊ ဥသျှစ်ကုန်း၊ လက်ပံဆိပ်၊ သမတန်း ကျေးရွာတို့ ခံစားကြရပြီး နှစ်စဉ် လူနေအိမ်များနှင့် စိုက်ပျိုးမြေများ ဆုံးရှုံးကြရသည့်အပြင် ရေလွှဲဆည်အောက်ပိုင်း ပန်းလောင်မြစ် တလျှောက်ရှိ ယွေး၊ ကျွန်းလှ၊ ဘိက္ခူး၊ မယှက်၊ ရွာမုန်းကြီး၊ ရွှေအင်း၊ သျှင်ငယ်ကျ ကျေးရွာများလည်း ရေနစ်မြုပ်မှု ဖြစ်ပေါ်လျှက် ရှိနေကြောင်း သိရသည်။