ရခိုင်ပြည်နယ် မြောက်ဦးမြို့၌ ဒေသခံတဦးကို လုံခြုံရေးတာဝန် ယူထားသည့် စစ်တပ်က ခေါ်ယူ စစ်ဆေးရာမှ ဒဏ်ရာ ပြင်းထန်စွာ ရရှိပြီး သေဆုံးခဲ့ကြောင်း သိရသည်။
မြောက်ဦးမြို့ ဝသဲရပ်ကွက်မှ ဦးမောင်သာနု (၅၈ နှစ်) သည် ဇူလိုင် ၂၂ ရက် ညနေတွင် ၎င်းနေထိုင်ရာ အနီးရှိ ပျက်စီးနေသည့် နေအိမ်တခုမှ လျှပ်စစ် ဝါယာကြိုးကို ဖြုတ်နေစဉ် လုံခြုံရေးယူထားသည့် ခြေမြန်တပ်ရင်း (ခမရ-၅၄၀) မှ စစ်သားများက ခေါ်ယူ စစ်ဆေးစဉ် ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ဒဏ်ရာ ပြင်းထန်သည့် အတွက် မြောက်ဦးမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ကုသစဉ် ဇူလိုင် ၂၄ ရက် ညနေတွင် ကွယ်လွန် သွားကြောင်း ဒေသခံများက ဧရာဝတီကို ပြောသည်။
ဦးမောင်သာနုသည် ဝါယာကြိုးဖြုတ်နေစဉ် စစ်သားများ ပြေးလာသည်ကို မြင်သည့်အတွက် ထွက်ပြေးရာမှ စစ်သား ၅ ဦး၏ ရိုက်နှက်မှုကို ခံခဲ့ရကြောင်း၊ သေဆုံးချိန်၌ ခန္ဓာကိုယ် နောက်ကျောနှင့် ဝမ်းဗိုက်တို့တွင် ဒဏ်ရာ အများအပြား တွေ့ရကြောင်း၊ ဆေးရုံ မှတ်တမ်းအရ အမျိုးသား အင်္ဂါစပ်က ပြင်းထန်သည့် ဒဏ်ရာကြောင့် သေဆုံးခဲ့ရသည်ဟု သိရကြောင်း ၎င်း၏ နာရေးကိစ္စ ကူညီပေးခဲ့သူ တဦးက ပြောသည်။
“စစ်သားတွေ မြင်တော့ အကြောက်လွန်ပြီး ထွက်ပြေးတယ်၊ ဒီတော့ စစ်သားတွေကလည်းပဲ ဖမ်းခေါ်သွားပြီး စစ်ဆေးကြတယ်၊ သေနတ်ဒင်နဲ့ ထုထောင်း ခံရတော့ ဆီးစပ်ကွဲသွားတဲ့ အတွက် အသက်ကယ် မရတော့ဘူးလို့ ဆေးရုံ မှတ်တမ်းက ဆိုတယ်”ဟု မြောက်ဦးမြို့ နာရေးကူညီမှု အဖွဲ့ဝင် တဦးက ပြောပြသည်။
ဦးမောင်သာနုသည် သာမန် အရပ်သား လက်လုပ်လက်စား တဦးသာ ဖြစ်ကြောင်း၊ တပ်ဖွဲ့ဝင်များ၏ ယခုကဲ့သို့ မတရားနှိပ်စက် ညှဉ်းပန်းမှုကို ကျန်ရစ်သူ ဇနီးနှင့်ဆွေမျိုးသားချင်းများက ကျေနပ်မှု မရှိသော်လည်း စစ်တပ်ကို ကြောက်ရွံ့သည့် အတွက် သက်ဆိုင်ရာသို့ တိုင်ကြား တရားစွဲဆိုခြင်း မလုပ်ဆောင်ရဲကြကြောင်း သိရသည်။
သို့သော် ဒေသခံ ရပ်မိရပ်ဘများက တာဝန်ရှိသူများ၊ အာဏာပိုင်များ၊ ဒေသခံ နိုင်ငံရေးပါတီများထံ တိုင်ကြား၍ တရားဥပဒေ နှင့် အညီ ဆောင်ရွက်ပေးနိုင်ရေး အတွက် စီစဉ်နေကြကြောင်း မြောက်ဦး မြို့ခံများ က ပြောသည်။
ဦးမောင်သာနုသည် ၎င်းတို့ ပါတီဝင် တဦးမဟုတ် ကြောင်း၊ ထိုအမှုနှင့် ပတ်သက်၍လည်း ၎င်းတို့ပါတီထံ လာရောက် တိုင်ကြား ခြင်းမရှိသေးကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP)၏ မြောက်ဦး မြို့နယ် ဥက္ကဋ္ဌ နှင့် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းလှှိုင် က ပြောသည်။
၎င်းက“သူက ပါတီဝင်မဟုတ်တော့ ကျနော်တို့က တိုင်ကြားတာ၊ တိုင်ကြားဖို့ တိုက်တွန်းတာတွေ မလုပ်သင့်ပါဘူး၊ ဒါပေမယ့် သာမန် ပြည်သူ တယောက်ကို နိုင့်ထက်စီးနင်း လုပ်တဲ့သူတွေကို တာဝန်ရှိသူတွေက ချက်ချင်း စစ်ဆေးဖော်ထုတ် အရေးယူ အပြစ်ပေးသင့်ပါတယ်”ဟု ဆိုသည်။
ဦးမောင်သာနုအား ခေါ်ယူစစ်ဆေးခဲ့သည့် ခမရ ၅၄၀ တပ်ရင်းသည် ရခိုင်ပြည်နယ်၌ မကြာသေးခင်က ဖြစ်ပွားခဲ့သည့်အကြမ်း ဖက်မှုများနောက်ပိုင်း ဒေသတွင်းလုံခြုံရေး တာဝန်ယူထားသည့် စစ်တပ်ဖြစ်ကြောင်း၊ ဒေသခံ ရခိုင်တိုင်းရင်းသား ကျေးရွာ များနှင့် ဘင်္ဂါလီ ကျေးရွာများအကြား စစ်သား ၅ ဦးခန့် သို့မဟုတ် ရဲတပ်ဖွဲ့ဝင် တချို့က လုံခြုံရေး တာဝန်များ ယူပေးထား ကြောင်း သိရသည်။
ခမရ ၅၄၀ မှ တပ်ဖွဲ့ဝင်များသည် မြောက်ဦးမြို့ ဇိနမာန်အောင် ဘုရားဝင်း တဝိုက်တွင် အခြေစိုက်၍ လုံခြုံရေး တာဝန်ယူ ထား ကြောင်း၊ ဦးမောင်သာနု ကို တပ်ကြပ်တဦး အပါအဝင် တပ်ဖွဲ့ဝင် ၅ ဦး က ရိုက်နှက် စစ်ဆေးခဲ့ကြောင်း သိရသည်။
ဦးမောင်သာနု အား မြောက်ဦးမြို့၌ ယမန်နေ့က မြေမြှုပ် သင်္ဂြိုဟ်ခဲ့ပြီး ၎င်းတွင် အရွယ်မရောက်သေးသည့် သမီးငယ်နှင့် ဇနီး တို့ ကျန်ရစ်ကြောင်း ဒေသခံများ က ပြောပြသည်။
ရခိုင်ဒေသတွင်းရှိ မောင်တော၊ ဘူးသီးတောင်၊ စစ်တွေ၊ ရသေ့တောင် စသည့်မြို့နယ်များ၌ အကြမ်းဖက်မှုများ ဖြစ်ပေါ်ခဲ့ပြီး နောက်ပိုင်း မြောက်ဦးမြို့တွင် ပဋိပက္ခတချို့ဖြစ်ပေါ်ခဲ့သော်လည်း ယခုအခါ တည်ငြိမ်အေးချမ်းမှု အပြည့်အဝရှိနေပြီ ဖြစ်ကြောင်း ဦးထွန်းလှှိုင် က ပြောသည်။
ဦးမောင်သာနု သေဆုံးမှုနှင့်ပတ်သက်၍ မြောက်ဦး ပြည်သူ့ဆေးရုံနှင့် မြို့နယ် အုပ်ချုပ်ရေးမှူးရုံးများသို့ ဧရာဝတီက ဆက်သွယ် ခဲ့သော်လည်း မရရှိပေ။