တရုတ်နိုင်ငံထုတ် Southern Weekend China သတင်းစာနှင့် မေးမြန်းခန်းတွင် ပါရှိသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုးပါတီ) ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်း၏ ပြောဆိုချက်များကို ရှုတ်ချသည့် အနေဖြင့် ဆန္ဒဖော်ထုတ်ရန် မကွေးတိုင်း ပခုက္ကူမြို့မှ ပြည်သူများက ပြင်ဆင်နေသည်။
“ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုပြီး ပြည်သူတွေ ရူးနေတာပါလို့ စော်ကားတာ တချက်၊ ဧရာဝတီ မြစ်ဆုံဆည်ကို ပြန်စမယ်လို့ ပြောတာတချက်ကြောင့် ဧရာဝတီကို ကာကွယ်ဖို့ လာမယ့် ၃၁ ရက်နေ့မှာ ဆန္ဒ ထုတ်ဖော်မယ် ဆိုပြီး စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခွင့် တင်ထားပါတယ်” ဟု ဆန္ဒထုတ်ဖော်မှုအတွက် စီစဉ်နေသူ ဦးဇော်ဝင်းထွန်းက ဧရာဝတီသို့ ပြောသည်။
ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ နည်းဥပဒေ အခန်း ၂ အပိုဒ်ခွဲ ၄ အရ ဆန္ဒ ဖော်ထုတ်ရန် ပခုက္ကူမြို့နယ် ရဲတပ်ဖွဲ့မှူးထံသို့ လျှောက်ထားကြောင်း၊ ပခုက္ကူ ပြည်သူလူထု ရာနှင့်ချီ ပါဝင်မည်ဟု မျှော်မှန်းထားကြောင်း၊ သို့သော်လည်း ပခုက္ကူမြို့သည် ၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာလှုပ်ရှားမှု ဂယက် စတင်စေခဲ့သည့် ဒေသဖြစ်သောကြောင့် အာဏာပိုင်များက ခွင့်မပြုမည်ကို စိုးရိမ်ကြောင်း သူက ဆိုသည်။
“ရွှေဝါရောင်တုန်းက ပခုက္ကူက စ ခဲ့တော့ အခုလည်း ဒီကိစ္စမှ ပခုက္ကူက စထွက်မှာကို သူတို့တော်တော် စိုးရိမ်နေပုံရတယ်။ ကျနော်တို့က ဒီနေ့ စာတင်ခဲ့တာဆိုတော့ ခွင့်ရ မရကို ၄၈ နာရီစောင့်ရမယ်။ မရခဲ့ရင်တော့ အယူခံ အရင်တင်ကြည့်ပြီး ဘာဆက်လုပ်မလဲ ဆိုတာ သူတို့ရဲ့ တုံ့ပြန်မှုအပေါ် အခြေခံပြီး ဆုံးဖြတ်ကြမယ်” ဟု သူက ပြောသည်။
ဆန္ဒဖော်ထုတ်မှုကို ပခုက္ကူမြို့ သာသနာ့ဗိမာန် အနောက်ဘက် ကားဂိတ်မှ စတင်ကာ မြို့မလမ်းအတိုင်း ငြိမ်းချမ်းစွာ စီတန်း လမ်းလျှောက်၍ ရွှေချောင်း တံတား အနောက်ဘက် တံတားဦး သစ်စက်တွင် ရပ်နားကာ ဦးအောင်သိန်းလင်း အပါအဝင် ပြည်ခိုင်ဖြိုး ပါတီနှင့် အစိုးရသစ် အနေဖြင့် ပြည်သူ့ဆန္ဒကို အလေးထားရန် တိုက်တွန်း ပြောဆိုပြီးနောက် လူစုခွဲမည်ဟု ဆိုသည်။
ဦးအောင်သိန်းလင်းက Southern Weekend China သတင်းစာသို့ ဖြေကြားမှု အပေါ် ပြည်တွင်း ဂျာနယ်တချို့နှင့် လူမှုကွန်ရက် facebook စာမျက်နှာ များတွင် ဖော်ပြဆွေးနွေး ခဲ့ကြပြီး လူအများ၏ ဝေဖန်မှု ခံခဲ့ရသည်။
ပြည်သူ့လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည်သည် ဖခင် အရှိန်အဝါဖြင့် ကျော်ကြားနေသူ ဖြစ်ကြောင်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ထောက်ခံသူ များသည်လည်း အရူးများသာ ဖြစ်ကြောင်း ပုတ်ခတ် ပြောဆိုခဲ့သည့်အပြင် အများတောင်းဆိုမှုကြောင့် သမ္မတ ဦးသိန်းစိန်၏ အမိန့်ဖြင့် ရပ်ဆိုင်းထားသော မြစ်ဆုံဆည် စီမံကိန်းကြီးကို မဖြစ်မနေ ပြန်စရန် လိုကြောင်း သူ၏ ဖြေကြားချက်ကို အဆိုပါသတင်းစာက ဖော်ပြထားသည်။
ထို့အတူ ကုလသမဂ္ဂနှင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်း၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် တို့ကိုလည်း မြန်မာ့ပြည်တွင်းရေး ဝင်ရောက်နှောင့်ယှက်သူများ ဖြစ်သဖြင့် အယုံအကြည် မရှိကြောင်း သူ၏အမြင်ကို ပြောခဲ့သည်။
ဦးအောင်သိန်းလင်းက အဆိုပါ တရုတ် သတင်းစာ အနေဖြင့် ၎င်း၏ ဖြေဆိုမှုကို ဘာသာပြန် လွဲမှားစွာ ဖော်ပြခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်၍ မိခင်ပါတီအနေဖြင့် အပြစ်ပေးပါက ခံယူသွားမည်ဖြစ်ကြောင်း ပြောဆိုသည်။
ပြည်ခိုင်ဖြိုး ပါတီ၏ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးကမူ ဦးအောင်သိန်းလင်း၏ ဖြေကြားထားမှုများသည် ပါတီ၏ သဘောထားများ မဟုတ်ကြောင်း၊ အဆိုပါ ပြောဆိုချက် များသည် ပုဂ္ဂလိက အနေဖြင့် လွတ်လပ်စွာ ပြောဆိုခြင်းဖြစ်၍ ပါတီက အပြစ်ပေး အရေးယူရန် မရှိကြောင်း၊ အဆိုပါ ပြောဆိုမှုကြောင့် ပါတီ ဂုဏ်သိက္ခာ မထိခိုင်နိုင်ကြောင်း ပြောသည်။