လွန်ခဲ့တဲ့ နှစ်တွေအတွင်း အထူးသဖြင့် ပင်လယ်မှာ မိုးလေငြိမ်တဲ့ ဆောင်းနဲ့ နွေကာလတွေဆို ဘင်္ဂလားဒေ့ရှ် က လူသယ်သူတွေရဲ့ လှေတွေနဲ့ ရိုဟင်ဂျာတွေဟာ အလုပ်အကိုင်ရှာဖွေဖို့နဲ့ ရတဲ့ငွေကို အိမ်ကမိသားစုတွေဆီ ပြန်ပို့ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ထိုင်းတို့၊ မလေးရှားတို့ကို ခိုးဝင်တတ်ကြတယ်။
အခုတော့ မိန်းမနဲ့ ကလေးတွေပါ လှေပေါ်တင်ခေါ်လာဖို့ ကြံရွယ်နေကြပါပြီ။ “ကျနော့် ညီတွေရော၊ ကျနော့် မိန်းမရော၊ ကလေး ၅ ယောက်စလုံးပါ ထိုင်းကို လှေနဲ့ထွက်ဖို့ ပြင်နေတယ်။ နောက်ဆုံး မလေးရှားမှာတော့ နေစရာတခု ရှာတွေ့မယ်လို့ မျှော်လင့်တာပဲ” လို့ ရခိုင်ပြည် မောင်တောက အထည်ကုန်သည် ကိုဖိုင်ဇူလာက ဂျာမန်သတင်းဌာန Deutsche Welle ကို တယ်လီဖုန်းက တဆင့် ပြောပါတယ်။
သူက ဆက်ပြီး “တခြား မိသားစုတွေလည်း ဒီလိုပဲ ထွက်ပြေးဖို့ လုပ်နေကြတယ်။ ဒီမှာ နေ့တိုင်း ဒုက္ခက ပိုပိုဆိုးလာတယ်။ ကျနော်တို့ အားလုံး ဒီမှာ နေရတာ မလုံခြုံတော့ဘူး” တဲ့။
မေလ ၂၈ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်က မသီတာထွေး အသတ်ခံခဲ့ရမှုက စတင်ခဲ့တဲ့ ရခိုင်နဲ့ ရိုဟင်ဂျာများ အပြန်အလှန် အကြမ်းဖက်မှုတွေကို ထိန်းချုပ်ဖို့ စစ်ဘက်က တာဝန်ယူခဲ့ရပါတယ်။
နှစ်ဘက်စလုံး သေကြေပျက်ဆီးမှုတွေကို အစိုးရက ထုတ်ပြန်ခဲ့ပေမယ့် ဘယ်ဘက်က ဘယ်လောက်ထိခိုက်တယ် ဆိုတာ အသေးစိတ် အတည်ပြုချက် ရဖို့ ခက်ခဲနေဆဲပါ။
ရခိုင်မြောက်ပိုင်းက မူစလင်တွေကို ဖိနှိပ်နေတယ်လို့ မူစလင်ကမ္ဘာက ဒေါသတကြီး ဝေဖန်သံတွေ ညံလာနေတဲ့အပြင် လန်ဒန်အခြေစိုက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့ကလည်း မြန်မာ့လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ ရခိုင်တိုင်းရင်းသားတွေဟာ ရိုဟင်ဂျာတွေကို အနိုင်ကျင့်နေတယ်လို့ ထုတ်ပြန်ကန့်ကွက်ခဲ့ပါတယ်။
မောင်တောဒေသက မူစလင်သတင်း ရပ်ကွက်တွေ အဆိုအရ လူငယ်တွေကို တွေ့တာနဲ့ ဖမ်းဆီးနေတာကြောင့် အတော်များများ ရှောင်ပုန်းနေရကြောင်း သိရပါတယ်။ မူစလင်လူငယ် ရာချီပြီး အဖမ်းခံထားရတယ် လို့လည်း သူတို့က ဆိုပါတယ်။
“လုံခြုံရေးတွေနဲ့ ရခိုင်တွေက ကျနော်တို့ ရွာသားတွေကို ဝင်ငွေရတဲ့ အလုပ်အကိုင် အကုန်လုံးလိုလို ပေးမလုပ်တော့ဘူး။ ရွာတော်တော်များများမှာ ကျနော်တို့ကို ဆန်မရောင်းပေးဘူး။ ကျနော်တို့ကို မြန်မာပြည်က ထွက်သွားဖို့ပဲ ပြောတယ်။ ကျနော်တို့ ဒီမှာ ငတ်သေရင်သေ၊ မဟုတ်ရင် အသတ်ခံပေါ့” လို့ ဖိုင်ဇူလာက ပြောပါတယ်။
စစ်တကောင်း သတင်းရပ်ကွက်တွေရဲ့ အဆိုအရ မြန်မာနယ်ခြားစောင့် လုံခြုံရေးတပ်ဖွဲ့တွေဟာ ထိုင်းကို ထွက်မယ့် လှေတွေကို လူတယောက် ကျပ် တသောင်း (အမေရိကန် ၁၂ ဒေါ်လာ) ယူပြီး လွှတ်ပေးလေ့ ရှိတယ်လို့ သိရပါတယ်။ ဖိုင်ဇူလာကလည်း သူ့မိသားစု ထိုင်းကိုထွက်ဖို့ ကျပ် သိန်း ၃၀ (အမေရိကန် ဒေါ်လာ ၃၆၀၀) ကုန်မယ်လို့ လှေသမားတွေရဲ့ အဆိုကို ပြန်ပြောပြပါတယ်။
ဘင်္ဂလားဒေ့ရှ် တက်ခ်နဖ် အခြေစိုက် လူကုန်သည် ကရှမ်က ရခိုင်ပြည်က မိသားစု ၉ စု ဒီနှစ်ကုန်မှာ မလေးရှားကို ပို့ပေးဖို့ရှိကြောင်း ပြောပါတယ်။ “ဘင်္ဂလားဒေ့ရှ်ကို ဝင်လာလို့ မရတော့တဲ့ မိသားစု ၅ စုကို ကျနော်တို့လှေက ဝင်ခေါ်ရဦးမယ်။ သူတို့ကို ထိုင်းမှာချပေးမယ်။ အဲဒီကမှ မလေးကို ကုန်းလမ်းကနေ ဝင်မယ်” လို့ လူသယ်တဲ့ အလုပ်ကို ၈ နှစ်လောက် လုပ်ခဲ့ပြီးဖြစ်တဲ့ ကရှမ်က ရှင်းပြပါတယ်။
လတ်တလောမှာ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်တွေ ထပ်ဝင်လာမှာ စိုးရိမ်တာကြောင့် နယ်စပ်ကို ပိတ်ထားပါတယ်။ အိမ်နီးချင်း အာဆီယံနိုင်ငံတွေ ကလည်း လှေစီးဒုက္ခသည်တွေ ပိုထွက်လာမှာကို စိုးရိမ်နေပါတယ်။
မကြာသေးမီကပဲ ထိုင်းနိုင်ငံရဲ့ စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်မှူးချုပ် မနက်ကုံပန်က မိုးရပ်ပြီဆိုတာနဲ့ ရိုဟင်ဂျာတွေ လှေစီးပြီး ဝင်လာကြဖို့ရှိကြောင်း သတင်းတွေရထားတယ်လို့ ပြောပါတယ်။ သူက မလေးရှားဝင်ဖို့ ထိုင်းကို အသုံးပြုခွင့်ပေးမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။
တချိန်တည်းမှာ အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် ဆူရင်ပစ်စူဝမ်က ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး ပြည့်စုံ တိကျတဲ့ ဖြေရှင်းချက်ကို မြန်မာအစိုးရက လာမယ့် စက်တင်ဘာမှာ နယူးယောက် ကုလသမဂ္ဂ အထွေထွေညီလာခံကို လာတက်မယ့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က တဆင့် ထုတ်ပြန်ဖို့ မျှော်လင့်ကြောင်း ပြောပါတယ်။ ” ဒီကိစ္စက အာဆီယံ လူ့အဖွဲ့အစည်းအတွက် အရေးကြီးပါတယ်” လို့ ဆူရင်ပစ် စူဝမ်က AFP သတင်းဌာနကို ပြောခဲ့ပါတယ်။