သတင်း

NLD အမတ် ၂ ဦး လွှတ်တော်တွင် သတိပေးခံရ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ယမန်နေ့က ကျင်းပသည့် ပြည်သူ့ လွှတ်တော်တွင် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အမတ် ၂ ဦး၏ ဆွေးနွေးချက်များကို ထောက်ပြ၍ လွှတ်တော်တွင်း သက်ဆိုင်ရာကိုသာ ဆွေးနွေးကြရန် ၂ ကြိမ် တိုင်တိုင် သတိပေးခဲ့သည်။

NLD ပြည်သူ့လွှတ်တော် အမတ် ဦးအုန်းကြိုင်နှင့် ဦးမင်းသူတို့က ကွတ်ခိုင် မဲဆန္ဒနယ်မှ ဦးတီခွန်မြတ်၏ “တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပြဌာန်းရေး” အဆိုကို ထောက်ခံ ဆွေးနွေးရာ မဆိုင်သည့် အချက်များ မဆွေးနွေးရန် ပြည်သူ့လွှတ်တော်  ဥက္ကဋ္ဌက သတိပေးခြင်း ဖြစ်သည်။

ယင်းအဆိုကို ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအုန်းကြိုင်၊ ဦးမင်းသူတို့ အပါအဝင် လွှတ်တော် အမတ် ၅ ဦးတို့ ထောက်ခံ ဆွေးနွေးခဲ့ကြသည်။

ဦးအုန်းကြိုင်က မြန်မာလူမျိုး စရိုက်သည် ခေါင်းဆောင်ကို အားကိုးကြောင်း၊ ထို့ကြောင့် လွတ်လပ်ရေး တိုက်ပွဲကာလ ဗိုလ်ချုပ်အောင်ဆန်းကို အမျိုးသား ခေါင်းဆောင် အဖြစ်ရခဲ့ကြောင်း၊ သို့သော် ကံဆိုးစွာနှင့် ဗိုလ်ချုပ် အောင်ဆန်း သည် အသက်ဆုံးရှုံးခဲ့ရ၍ နှစ်ပေါင်း ၄၀ ကျော် ခေါင်းဆောင် လိုအပ်ချက်၊ ဟာကွက်ကြီး ဖြစ်ပေါ် နေခဲ့ရာမှ ယခုအခါ ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးသားခေါင်းဆောင်ကြီး၏ ကိုယ်စား၊ ကိုယ်ပွား အဖြစ် ကံကောင်းစွာ ရသည့်အတွက် တိုင်းပြည် ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးအတွက် အသုံးချရန်ပင် စသဖြင့် ဆွေးနွေးခဲ့သည်ဟု ယနေ့ထုတ် အစိုးရ သတင်းစာ များတွင် ဖော်ပြထားသည်။

အဆိုပါ ပြောဆိုဆွေးနွေးမှုကို သူရ ဦးရွှေမန်းက လွှတ်တော် လုပ်ထုံးလုပ်နည်း၊ နည်း ဥပဒေများ တိကျစွာ လိုက်နာရန် ပြောဆိုပြီး ပုဂ္ဂိုလ် တဦးတယောက်နှင့် ပတ်သက်၍ လွှတ်တော် ဥပဒေများအရ ဆွေးနွေးခွင့် မရှိဟု ထောက်ပြ သတိပေးခဲ့သည်။

ဦးအုန်းကြိုင်၏ လွှတ်တော်တွင်း ဆွေးနွေးမှုများနှင့် ပတ်သက်၍ ရန်ကုန် နိုင်ငံရေး လောကတွင် ဝေဖန်သံ အမျိုးမျိုး ပေါ်ထွက်နေကြောင်း သိရသည်။

ဝါရင့်နိုင်ငံရေး သမားကြီးတဦးဖြစ်သူ ဦးချန်ထွန်းက လွှတ်တော်အတွင်း၌ ပါတီရေးရာ ကိစ္စများ ဟောပြော သကဲ့သို့ မဆွေးနွေး သင့်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို ခေါင်းဆောင်အဖြစ် နိုင်ငံနှင့် အဝန်း အသိအမှတ် ပြုထားပြီး ဖြစ်သောကြောင့် လွှတ်တော်တွင် ဆွေးနွေးရန် မလိုအပ်ကြောင်း ဧရာဝတီကို ပြောသည်။

“လွှတ်တော်ထဲမှာ ကျတော့ ဒီလိုမျိုးပြောရင်၊ အကုန်လုံးက ကိုယ့်ပါတီ ကောင်းကြောင်းတွေပဲ ပြောကြရင်  လွှတ်တော်က လွှတ်တော်နဲ့ တူမှာ မဟုတ်တော့ဘူး၊ နိုင်ငံရေး စင်မြင့်နဲ့ တူသွားမှာပေါ့” ဟု သူက ဆိုသည်။

ရန်ကုန် နိုင်ငံရေး အသိုင်းအဝန်းကလည်း NLD အမတ် ဦးအုန်းကြိုင်သည် တရားဥပဒေ စိုးမိုးရေးကို အမြဲပြောဆို နေသည့် ပြောသည့် ပါတီကြီးတခုမှ ပြည်သူ့ လွှတ်တော်အမတ် တဦးဖြစ်သော်လည်း တရားဥပဒေ ဆိုင်ရာ လွှတ်တော် လုပ်ထုံးလုပ်နည်းကို မကျွမ်းကျင်သူ၊ ဆွေးနွေးသည့် ခေါင်းစဉ်အစား ပုဂ္ဂိုလ်ရေး အမွှန်းတင်ပြီး ပြောဆိုသူ၊ ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ လိုတိုရှင်း ကောင်းမွန်သည့် ဆွေးနွေးချက်များကို မှေးမှိန်စေသူ စသဖြင့် ပြောဆို ဝေဖန်နေကြောင်း သိရသည်။

လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP) ခေါင်းဆောင် တဦးဖြစ်သည့် ဦးအေးသာအောင်ကမူ ဦးအုန်းကြိုင်၏ ပါတီခေါင်းဆောင်ကိစ္စ ပုဂ္ဂိုလ်ရေး ဆွေးနွေးချက်ကို သီးခြား မှတ်ချက် မပေးလိုကြောင်း၊ သို့သော်  ဒီမိုကရေစီ နည်းကျသည့် လွှတ်တော်သည် လွှတ်တော် ကိုယ်စားလှယ်များအတွက် လွတ်လပ်စွာ ဆွေးနွေးခွင့် ရှိသည့် နေရာ ဖြစ်သင့်ကြောင်း ထောက်ပြသည်။

“လွှတ်တော် ကိုယ်စားလှယ် တယောက်အနေနဲ့ သူ့ရဲ့ အမြင်၊ သူ့ရဲ့ သဘောထားကိုတော့ လွတ်လွတ်လပ်လပ် ပြော ခွင့်ရှိဖို့တော့ လိုတာပေါ့။ ကျနော်တို့ ကလည်း NLD ကြားဖြတ်ရွေးကောက်ပွဲ မဝင်ခင်ကတည်းက တကယ်တမ်းကော လွှတ်တော်ထဲမှာ လွတ်လွတ်လပ်လပ် လုပ်ခွင့်ရှိမလား၊ မရှိဘူးလားဆိုတာကိုလည်း စဉ်းစားခဲ့ပါတယ်” ဟု သူက ဆိုသည်။

သို့သော် နိုင်ငံရေး အကျဉ်းသားဟောင်းတဦး ဖြစ်ပြီး ယခုအခါ အလုပ်သမားများ အရေးအတွက် ဥပဒေ အကြံပေး လုပ်ဆောင် နေသည့် ရှေ့နေ ဦးဌေးက လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများကို လွှတ်တော်နှင့် သက်ဆိုင်သူ အားလုံး လေးစား လိုက်နာရန် လိုအပ်ကြောင်း၊ ၁၉၆၂ ခုနှစ် နောက်ပိုင်းကတည်းက ဒီမိုကရေစီ ဘောင်အတွင်း လွှတ်တော် မကျင်းပ နိုင်ခဲ့ကြောင်း၊ ၂၀၁၀ နောက်ပိုင်းမှ လွှတ်တော် ပြန်လည် ပေါ်ပေါက်လာသည့် အတွက် လွှတ်တော် အတွေ့အကြုံ နည်းပါးကာ ပြောဆို ဆွေးနွေးရာတွင် အားနည်းချက်များ ရှိနေသေးကြောင်း ဧရာဝတီကို ပြောသည်။

“ပုဂ္ဂိုလ်ရေး အနေအထားအပေါ်မှာ ပြောတာဆိုတာကတော့ သူ့စည်းကမ်း သတ်မှတ်ချက်နဲ့အညီ ထိမ်းထိမ်း သိမ်းသိမ်း ဆောင်ရွက်သင့်တယ်လို့ ယူဆပါတယ်။ လွှတ်တော် ကိုယ်စားလှယ် တယောက်က ကိုယ့်ပါတီ ခေါင်းဆောင်၊ ကိုယ်လေးစားတဲ့ ပုဂ္ဂိုလ်နဲ့ ပတ်သက်လို့ ပြောဆိုတယ်ဆိုရင် ကျန်တဲ့ ပါတီတွေနဲ့ ပုဂ္ဂိုလ်ရေး ဆိုင်ရာ အငြင်းပွားမှုမျိုး ဖြစ်လာနိုင်တယ်” ဟု သူက ဆိုသည်။

တိုင်းပြည်တွင် အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖော်ဆောင်ပြီး အားလုံး လက်တွဲ လုပ်ဆောင်နေချိန်တွင် ပုဂ္ဂိုလ်ရေး ဆိုင်ရာ ပြောဆိုဆွေးနွေးမှုများကို အဘက်ဘက်က ထိမ်းသိမ်းသင့်ကြောင်းလည်း သူက ဆက်ပြောသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ဦးအုန်းကြိုင်အပြင် တခြား NLD အမတ် ဦးမင်းသူ၏ ဆွေးနွေးချက်ကိုလည်း သတိပေး ခဲ့သေးသည်။ သို့ရာတွင် ဦးမင်းသူ၏ ဆွေးနွေးချက်မှာ သင့်လျော်သည့်အတွက် သူရဦးရွှေမန်း၏ သတိပေးမှုကို ရန်ကုန် နိုင်ငံရေး အသိုင်းအဝန်းက ဝေဖန်ကြသည်။

ဦးမင်းသူက လွှတ်တော်ထဲရှိ တိုင်းရင်းသား ကိုယ်စားလှယ်များသည် နည်းဥပဒေ အချက်အလက် ဆွေးနွေးရာတွင် ပွင့်လင်း သင့်သလောက် မပွင့်လင်းဟု ပြောဆို ဆွေးနွေးခဲ့ရာ သူရ ဦးရွှေမန်းက လွှတ်တော်တွင်း မည်သူမဆို လွတ်လပ်ပွင့်လင်းစွာ ဆွေးနွေးခွင့် ရှိကြောင်း၊ လွှတ်တော်တွင်း ဆွေးနွေးရာတွင် မဆိုင်သည့် အချက်အလက်များကို ထည့်သွင်း မဆွေးနွေးရန် သတိပေးခဲ့သည်။

လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အဆိုကို မဆွေးနွေးမီ ပြည်သူ့လွှတ်တော် နည်းဥပဒေ ၁၃၀၊ ပုဒ်မခွဲ (စ) ကို အားလုံး သတိပြု ဆွေးနွေးစေလိုကြောင်း၊ နည်းဥပဒေ (င) တွင် သာမန်အားဖြင့် ပုဂ္ဂိုလ်တဦး၏ အကျင့်စာရိတ္တ၊ အပြု အမူနှင့် စပ်လျဉ်း၍  ဖော်ပြချက်များ မပါရှိစေရ၊ ပုဒ်မခွဲ (စ) တွင် အဆိုတရပ်ကို ဆွေးနွေးရာ၌ ပြောဆိုချက်များသည် လွှတ်တော်တွင် ဆွေးနွေးဆဲ အဆိုများနှင့်သာ အတိအကျ သက်ဆိုင်စေရမည် ဆိုသည့် နည်းဥပဒေကို လွှတ်တော် ကိုယ်စားလှယ်များ သိရှိလိုက်နာရန် လိုအပ်ပါကြောင်း သို့ဖြစ်ပါ၍ ရှေ့ဆက် ဆွေးနွေးရာတွင် ဆွေးနွေးမည့် ကိစ္စအား လွှတ်တော် ဥပဒေ နည်းဥပဒေများအပေါ် တိကျစွာ လိုက်နာဆွေးနွေးကြရန် တိုက်တွန်း အသိပေးလိုကြောင်း သူရ ဦးရွှေမန်းက ပြောဆို သတိပေးသည်ကို ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading