သတင်း

အစိုးရ စစ်တပ် ပြုပြင်ပြောင်းလဲရေး ဆန္ဒမရှိဟု ဗိုလ်ချုပ်ကြီး ရွက်ဆစ် ပြော

This article has been converted from Zawgyi One to Unicode

သမ္မတဦးသိန်းစိန်၏ အစိုးရသစ်က နိုင်ငံ ပြုပြင်ပြောင်းလဲရေးများကို ကြိုးစားလုပ်ဆောင်နေသော်လည်း စစ်တပ်ပိုင်းက အလေး ထား လိုက်နာမှုမရှိကြောင်း ရှမ်းပြည်တောင်ပိုင်း တပ်မတော်(SSA-S) ၏ ဒု ဗိုလ်ချုပ်ကြီး ရွက်ဆစ် က ဝေဖန်ပြောဆိုလိုက်သည်။

အစိုးရတပ်များသည် SSA-S အပါအဝင် အပစ်ရပ်ရေး ပဏာမ သဘောတူညီမှုရရှိပြီးသော တိုင်းရင်းသား တပ်များအပေါ် ထိုးစစ် ဆင် တိုက်ခိုက်ခြင်းများ ဆက်တိုက်ပြုလုပ်နေခြင်းအပေါ် ထောက်ပြ၍ ထိုင်းနိုင်ငံအခြေစိုက် သျှမ်းသံတော်ဆင့် သတင်း ဌာနမှတဆင့် ထုတ်ဖော် ပြောဆိုခဲ့သည်။

“ပြုပြင်ပြောင်းလဲရေးအတွက် သမ္မတနဲ့အဖွဲ့က ကြိုးစားအားထုတ်နေသလောက် စစ်တပ်က အလေးမထားဘူး၊ ကျနော်တို့ မိုင်းပူးလုံ မှာ အေးအေးချမ်းချမ်းနေနေတယ်၊ ဘယ်သူ့ကိုမှ သွားပြီး ရန်မရှာပေမယ့် မြန်မာစစ်တပ်က ကျနော်တို့ကို တမင် သက် သက် တက်တိုက်တယ်၊ ဒါကိုကြည့်ခြင်းအားဖြင့် မြန်မာအစိုးရရဲ့စစ်တပ်က ပြောင်းလဲရေးအတွက် ဆန္ဒမရှိဘူး၊ အရင်နည်းအတိုင်း အာဏာဆက်လက် ချုပ်ကိုင်တဲ့စနစ်ကို သုံးချင်နေတုန်းပဲ”ဟု ဒု ဗိုလ်ချုပ်ကြီး ရွက်ဆစ် က ပြောသည်။

အစိုးရနှင့် ပဏာမအပစ်ရပ် သဘောတူညီမှု ရထားကြပြီးဖြစ်သော SSA-S နှင့် ရှမ်းပြည် တပ်မတော် မြောက်ပိုင်း(SSA-N) တပ်များ ကို အစိုးရတပ်များက ရှမ်းပြည်နယ်အတွင်း တိုက်ပွဲပေါင်း ၂၀ အထိ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ငြိမ်းချမ်ရေး သဘောတူညီပြီးနောက် အစိုးရတပ်က နယ်မြေကျူးကျော်မှုများ၊ တိုက်ခိုက်နေမှုများနှင့် ပတ်သက်၍ ရှမ်းတပ်ဖွဲ့ နှစ်ဖွဲ့လုံး၏ ခေါင်းဆောင်များက သက်ဆိုင်ရာ ငြိမ်းချမ်းရေးအဖွဲ့ အဆင့်ဆင့်မှ သမ္မတ ဦးသိန်းစိန်အထိ တင်ပြခဲ့သော်လည်း ရပ်ဆိုင်းမှုမရှိဘဲ တိုက်ပွဲများ ပိုမိုပြင်းထန်လာခဲ့သည်ဟု ရှမ်းတပ် ခေါင်းဆောင်များက ပြောဆိုကြသည်။

“ဟိုတလောက ငြိမ်းချမ်းရေးအဖွဲ့ ကိုယ်စားလှယ် ဦးသိန်းဇော်စီ ကျနော်တို့ သွားဆွေးနွေးပါတယ်၊ သူတို့က ဦးသိန်းစိန် က နေပြီး တော့မှ တပ်မတော်ကို စစ်ဆုတ်ပေးဖို့ ပြောတယ်၊ အဲဒါသူတို့က မဆုတ်ဘဲနဲ့ တဆင့်တက်ပြီးမှ တိုက်ပွဲဖြစ်လာတာ”ဟု SSA-N မဟာမိတ် ဆက်ဆံရေး တာဝန်ခံ ဗိုလ်မှူးကြီး ပိန်ဖှ က ဧရာဝတီသို့ ပြောသည်။

အစိုးရစစ်တပ်က ဒေသခံတိုင်းရင်းသားများအပေါ် ယခင်နည်းအတိုင်း အနိုင်ကျင့်ဖိနှိပ်နေမှုများကြောင့် ထာဝရငြိမ်းချမ်းရေးဖြစ်ပေါ် ရန် လွယ်ကူမည် မဟုတ်ကြောင်း၊ ထို့ကြောင့် တိုင်းရင်းသား လက်နက်ကိုင် တပ်များအနေဖြင့် နိုင်ငံရေးဆွေးနွေးမှု မရမီအတွင်း အချင်းချင်း သည်းခံလက်တွဲသွားကြရန်လိုအပ်ကြောင်း ဒု ဗိုလ်ချုပ်ကြီး ရွက်ဆစ် က သတိပေးသည်။

အပစ်ရပ် သဘောတူညီမှု ရထားသော်လည်း တိုင်းရင်းသားတပ်များနှင့် တိုက်ပွဲများဖြစ်ပွားနေမှုအပေါ် အစိုးရငြိမ်းချမ်းရေး အဖွဲ့ ခေါင်းဆောင်များက အောက်ခြေ တပ်အချင်းချင်း နားလည်မှုလွဲမှား၍ မတော်တဆဖြစ်ပွားခဲ့ကြောင်း သတင်းမီဒီယာများနှင့် တွေ့ဆုံ သည့် အခါများတွင် ပြောဆိုခဲ့သည်။

ဒု ဗိုလ်ချုပ်ကြီး ရွက်ဆစ် က“အခုလို ဆက်တိုက်ဖြစ်နေခြင်းအားဖြင့် အောက်ခြေတပ်အဆင့် အမှားဆိုတာ မဖြစ်နိုင်တော့ဘူး၊ အထက်ပိုင်းရဲ့ စီမံချက်ကြောင့် ဖြစ်တယ်လို့ ကျနော်တို့ ယူဆတယ်၊ ဆက်ဖြစ်နေဦးမယ်ဆိုရင် ကျနော်တို့ ငြိမ်းချမ်းရေး ခရီးစဉ်ကို ထိခိုက် နိုင်မယ်၊ ငြိမ်းချမ်းရေးဆိုတာ ပျက်စီးသွားရင် နောက်တခါ ပြန်လည်စကားပြောဖို့ ခက်သွားပြီ”ဟု သတိပေး ပြောဆို ထား သည်။

ယင်းသို့ တိုက်ခိုက်နေမှုများနှင့် ပတ်သက်၍ ရှမ်းတပ်မတော်နှစ်ခု ပူးပေါင်းကာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံ သတိပေး အကြောင်းကြားစာ ပေးပို့ရန် စီစဉ်နေကြောင်း သိရသည်။

ယခုနှစ်ဆန်းပိုင်းက ကချင်ပြည်နယ်အတွင်း ကချင်ပြည် လွတ်လပ်ရေးအဖွဲ့(KIO) အား တိုက်ခိုက်နေမှုများ ရပ်တန့်ရန် အစိုးရ တပ်များကို သမ္မတ ဦးသိန်းစိန်က ညွှန်ကြားခဲ့သော်လည်း ထိုးစစ်ဆင် တိုက်ခိုက်နေဆဲ ဖြစ်သည်။

ဇွန်လပိုင်းက အလားတူ အပစ်အခတ် ရပ်စဲရေး ပဏာမ သဘောတူညီချက် ပြုလုပ်ထားသော ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ(KNPP) တပ်ဖွဲ့ဝင်များနှင့်လည်း အစိုးရတပ်ဖွဲ့က တိုက်ပွဲ ဖြစ်ပွားခဲ့သေးသည်။

Loading