အရိုင်း ကာတွန်းဇာတ်ကောင်ကို ဖန်တီးခဲ့သည့် ကာတွန်း သော်က ၏ ပန်းချီနှင့် ကာတွန်း မူရင်းလက်ရာ ၁၁၁ ကားအား အမှတ် တရ ပြသရောင်းချသည့် ပွဲကို ယနေ့နံနက် ၁၀ နာရီခန့်က ရန်ကုန်မြို့ ယောမင်းကြီး လမ်းရှိ Gallery 65 တွင် ကျင်းပသည်။
ပြပွဲတွင် ကာတွန်းဆရာကြီး ဦးဖေသိန်း၏ ဇနီး ဒေါ်ခင်ဝင်းနွယ်၊ ကာတွန်းမြင့်သိန်း(စံရွှေမြင့်)၊ ငွေကြည်၊ မြေဇာ၊ ပန်းချီ တင်လှဝင်း ထင် နှင့် ကာတွန်းသော်က ၏ သားငယ် ရောင်နီဦးတို့က ကာတွန်းသော်ကနှင့် ပတ်သက်၍ အမှတ်တရ စကားပြောဆိုကြကြောင်း ပွဲ စီစဉ်သူ ကာတွန်း အော်ပီကျယ် ကပြောသည်။
“မဂ္ဂဇင်း၊ ကြော်ငြာ ကာတွန်းလက်ရာတွေ၊ ရေဆေးပန်းချီကားတွေ၊ ဆွဲလက်စ ပုံကြမ်းတွေကို ဆရာဦးသော်ကကို လေးစားမြတ်နိုး သူတွေ စုဆောင်းထားလို့ ရအောင်နဲ့ မိသားစုအတွက် ဒီပွဲလေးကို ကျနော်က စီစဉ်ပေးတာပါ”ဟု ၎င်းကဆိုသည်။
ဤအမှတ်တရပြပွဲကို ကာတွန်းအော်ပီကျယ်နှင့် လူငယ်ကာတွန်းသမားများက စီစဉ်ခြင်းဖြစ်ပြီး 65 Gallery နှင့် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေး ဘဏ်လိမိတက်(AGD) က ပူးပေါင်းကူညီခဲ့သည်ဟု သိရသည်။
ကာတွန်းသော်က၏ ရေဆေးပန်းချီကားများကို တကားလျှင် ကျပ် ၄ သိန်း၊ ကာတွန်း ဇာတ်ကွက်များကို တကားလျှင် ကျပ် ၁ သိန်း ဇာတ်ကောင် အရိုင်း ပါဝင်သည့် ကာတွန်းလက်ရာ တီရှပ် တထည်လျှင် ကျပ် ၄ ထောင် ဖြင့် ရောင်းချကြောင်း ကာတွန်း အော်ပီကျယ်က ဆက်ပြောသည်။
ဦးသော်ကသည် ဆရာကြီး ကာတွန်းအောင်ရှိန်(ဦးကပ်စေး၊ ဖိုးဆိတ်ဖြူ စသည့် ကာတွန်းဇာတ်ကောင်များ ဖန်တီးခဲ့သူ)ထံမှ ပညာ သင်ယူခဲ့ပြီး ပေါ်ပြူလာ၊ ဘားမားစတား၊ ကာတွန်းညွန့်ပေါင်း စသည့် စာစောင်များနှင့် စာနယ်ဇင်းများတွင် ရေးဆွဲခဲ့သည်။ ၁၉၇၀ ခုနှစ် ခန့်တွင် တောတွင်းဇာတ်ကောင် အရိုင်းကို ဖန်တီးခဲ့သူဖြစ်သည်။
ကာတွန်းဆရာ ရွှေမင်းသားက“သူနဲ့ ကျနော်က ဆရာတူတပည့်ဗျ၊ နောက်သူက ဆရာဦးအောင်ရှိန်လို ရုပ်ပြလိုင်းကို ကူးသွားပြီး အရိုင်းကို ဖန်တီးခဲ့တယ်၊ အဲဒီ ခေတ်က ကလေးတွေ ပါးစပ်ဖျားမှာ အရိုင်းမှ အရိုင်းပဲ လူကြိုက်များခဲ့တယ်”ဟု ဆိုသည်။
အရိုင်းကို အင်္ဂလိပ်စာရေးဆရာကြီး ကစ်ပလင်း ၏ တောတွင်းဇာတ်လမ်းများ(Jungle Book) ဖတ်ရှု ပြီး တောတွင်းသား မောဂ္ဂလိ ကို နှစ်သက်သည့်အတွက် မတရားမှုကို တိုက်ဖျက်သူ၊ ဆင်းရဲသားများဘက်မှ ကူညီသူအရိုင်း ပညာပေး ကာတွန်းများကို ရေးဆွဲ ခဲ့ကြောင်း ဦးရွှေမင်းသားက ဆက်ပြောသည်။
ဇာတ်ကောင် အရိုင်း ပါဝင်သည့် မိုးကြိုသည့်ပန်း၊ တုံးအောက်ကဖား၊ အမေ စသည့် ရုပ်ပြဇာတ်လမ်းများသည် လူကြိုက်များခဲ့ပြီး မိုးကြိုသည့်ပန်းကို ရုပ်ရှင်အဖြစ် မင်းသားကျော်ဟိန်းနှင့် ရိုက်ကူးခဲ့သည်အထိ အောင်မြင်ခဲ့သည်။
ကာတွန်း တင်အောင်နီ(ပြာလောင်)ကလည်း ဆရာသော်က ၏ ကာတွန်းများသည် သမားရိုးကျ ကာတွန်းလိုင်းမှခွဲထွက်ကာ တင်ပြပုံ ဆန်းသစ်ကြောင်း၊ အမျိုးဘာသာ သာသနာနှင့် မြန်မာပြည်အတွက် စိတ်စေတနာများနှင့် ခံစားမှုများကို ကာတွန်းများတွင် ပေါ်လွင်နေကြောင်း ယနေ့တိုင်ဆရာ၏ လက်ရာများသည် မရိုးနိုင်သော ကာတွန်းများဖြစ်ကြောင်း ဆိုသည်။
မြန်မာကာတွန်း၊ ပန်းချီလောကတွင် ဆရာကြီးဦးငွေကိုင်၊ ဆရာကြီးဦးဗဂျမ်း၊ ဆရာကြီး ဦးဘကြည်တို့ ကိုကာတွန်းပထမခေတ် ဟုခေါ်ဆိုနိုင်ပြီး ဆရာဦးသန်းကြွယ်၊ ကာတွန်း မောင်စိန်၊ ဘထွေး၊ ကာတွန်း ကျော်ဆန်း (က/ဆ)၊ ကာတွန်း အောင်ရှိန် တို့ကို ဒုတိယခေတ်ဟု ပြောနိုင်ကြောင်း၊ ကာတွန်းမြင့်သိန်း၊ ကာတွန်းအောင်အောင်(ရွှေဂေါင်းပြောင်)၊ ကာတွန်းသော်ကတို့ကို တတိယ ခေတ် အဖြစ် ပြောဆိုနိုင်ကြောင်း ကာတွန်းတင်အောင်နီ က ပြောသည်။
မြစ်ဝကျွန်းပေါ်သား ကာတွန်းသော်ကကို ၁၉၃၉ ခုနှစ်က မြောင်းမြမြို့တွင် မွေးဖွားခဲ့ပြီး နာမည်အရင်းမှာ ဦးတင့်လွင်ဖြစ်သည်။ ၁၉၅၅ ခုနှစ်တွင် ပေါ်ပြူလာ ကာတွန်းစာစောင်တွင် ရေးဆွဲခဲ့သည်။ အရိုင်း ပါဝင်သည့် ကာတွန်းများသည် ထင်ရှားပြီး ၁၉၈၄-၈၅ ခုနှစ်ထုတ် ချယ်ရီ မဂ္ဂဇင်းတွင် လူ့လောက ၏ အဖြစ်အပျက် မတရားမှုများကို သရုပ်ဖော်ထားသည့်“ချစ်လွန်းသူ” အခန်းဆက် ကာတွန်းသည်လည်း လူကြိုက်များခဲ့သည်။ ကာတွန်း သော်ကသည် ၂၀၀၅ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။