ထိုင်းနိုင်ငံတောင်ပိုင်း စွန်ခလာ ခရိုင်ရှိ ပုစွန် အအေးခန်း စက်ရုံ တခုတွင် အလုပ်လုပ်နေသည့် မြန်မာနိုင်ငံသားများကို ဗုဒ္ဓဟူးနေ့က အမည်မသိ သေနတ်သမားများ ပစ်ခတ်မှုကြောင့် သေဆုံးသူနှင့် ဒဏ်ရာရရှိသူများကို မြန်မာသံရုံးမှက လိုအပ်သည့် အကူ အညီများ ဆောင်ရွက်ပေးနေကြောင်း သိရသည်။
မြန်မာနိုင်ငံသား ၃ ဦးသည် ပုစွန် အအေးခန်း စက်ရုံမှ အပြန်လမ်းခုလပ် တနေရာတွင် မျက်နှာဖုံးများ စွပ်ထားသည့် သေနတ် သမားများက ပစ်ခတ်ခဲ့၍ အသက် ၂၆ နှစ် အရွယ် အမျိုးသမီးတဦးနှင့် အသက် ၃၀ နီးပါးခန့်ရှိ အမျိုးသားတဦး သေဆုံးသွားပြီး ဒဏ်ရာရရှိသူ တဦးကို စွန်ခလာမြို့နယ် ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ထိုင်းနိုင်ငံတောင်ပိုင်း အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း ဒါရိုက်တာ ဦးထူးချစ်က ပြောပြသည်။

“သံရုံးက သူတို့စက်ရုံကို အကြောင်း ကြားတယ်၊ အလုပ်သမား ဥပဒေအတိုင်း ကူညီဆောင်ရွက်ဖို့”ဟု သေနတ်ပစ်ခံရသူများ အတွက် ကူညီဆောင်ရွက်ပေးနေသော ဦးထူးချစ်က ဧရာဝတီသို့ ပြောသည်။
သေဆုံးသူနှင့် ဒဏ်ရာရရှိသူများ၏ နစ်နာကြေး ရရှိရေးအတွက် ပုစွန် အအေးခန်း စက်ရုံ မန်နေဂျာ အပါအဝင် အလုပ်သမားများကို ယခုရက်ပိုင်းအတွင်း သွားရောက် တွေ့ဆုံခဲ့ပြီး အချက်အလက်မှတ်တမ်းများ ရယူခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။
“သူတို့ အလုပ်သမားတွေနဲ့ ပြောဆိုထားတဲ့ စကားတွေကို ဗီဒီယို မှတ်တမ်း လုပ်ထားတယ်၊ နောက်အဲဒီ စက်ရုံမန်နေဂျာနဲ့ ပြော ဆိုခဲ့တဲ့ ဗီဒီယို ခွေတွေကို တည်းဖြတ်ဖို့ အခုပြင်ဆင်နေတယ်၊ ပြီးရင် သံရုံးကို သွားပို့မယ်”ဟု ဦးထူးချစ်က ဆက်ပြောသည်။
ထို ပုစွန်စက်ရုံတွင် မြန်မာ အလုပ်သမား ၃၀၀ ခန့် ရှိကြောင်း သိရသည်။
ဦးထူးချစ်က ဆက်လက်ပြီး ယခု ပစ်ခတ်ခံရသည့် အကြောင်းရင်း မသိရှိရသေးသော်လည်း လွန်ခဲ့သည့် ၂ ပတ်ခန့်က ယင်း ပုစွန် စက်ရုံ အနီးဝန်းကျင်တွင် ထိုင်း လူမျိုးတဦး အသတ်ခံရသည့် အမှု တခုဖြစ်ပွားခဲ့ပြီး ထိုင်းအာဏာပိုင်များက စုံစမ်းမှုများ ပြုလုပ်နေ ကြောင်း ပြောဆိုသည်။
အလားတူ ထိုနေ့ တရက်တည်းပင် ဖန်းင ခရိုင် အတွင်းရှိ ရော်ဘာခြံတွင် အလုပ်လုပ်နေသည့် မြန်မာနိုင်ငံသား တဦးကိုလည်း အမည်မသိ သေနတ်သမားတဦးက လာရောက်ပစ်ခတ်ခဲ့ရာ သေဆုံးသွားကြောင်း သိရသည်။ အဆိုပါ သေဆုံးသူသည် အသက် ၂၇ နှစ် အရွယ်ရှိပြီး ၎င်း၏ အမျိုးသမီးနှင့် ကလေးငယ် တဦး ကျန်ရစ်ခဲ့သည်။
ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်က ထိုင်းနိုင်ငံ တောင်ပိုင်း ဟတ်ရိုင်မြို့နယ်တွင်လည်း မြန်မာနိုင်ငံသားတဦး အသတ်ခံရပြီး ဆာလာအိတ် ထဲ၌ ထည့်၍ လမ်းဘေးတနေရာတွင် ပစ်ချထားခဲ့မှု ဖြစ်ပွားခဲ့သည်။
ထိုင်း တောင်ပိုင်းတွင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများ ထိုကဲ့သို့ အကြောင်းမဲ့သတ်ဖြတ်ခံရမှုများ မကြာခဏရှိခဲ့သော် လည်း ဥပဒေ၏ အကာအကွယ်ကို မရရှိကြကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူများက ပြောဆိုကြသည်။
ထိုင်းနိုင်ငံတောင်ပိုင်းရှိ ဖန်င ခရိုင် နှင့် တခြားခရိုင်များတွင် မြန်မာနိုင်ငံသား အလုပ်သမား တသန်းခန့် အလုပ်လုပ်ကိုင် လျက်ရှိသည်ဟု သိရသည်။