ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများအပေါ် လွတ်လပ်၍ ပွင့်လင်းမြင်သာမှုရှိသည့် စုံစမ်းစစ်ဆေးမှု ပြုလုပ်သွားရန် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ အထူးအကြံပေး ဗီဂျေ နမ်ဘီယာက မြန်မာအစိုးရကို တောင်းဆိုလိုက်သည်။
အကြမ်းဖက်မှု ဖြစ်ပွားခဲ့သည့် ဒေသများသို့ ၎င်းကိုယ်တိုင် သွားရောက်ကြည့်ရှု ခဲ့ပြီးနောက် ဇူလိုင် ၂၆ ရက်နေ့က ထိုသို့ တောင်းဆို လိုက်ခြင်းဖြစ်ပြီး ယင်းဖြစ်ရပ်များ၏ အရင်းခံ အကြောင်းတရား များအား ဖော်ထုတ်သွားရန်လည်း တိုက်တွန်းခဲ့သည်။
“အစိုးရအနေနဲ့ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ကိစ္စတွေအပေါ် မြန်မြန်ဆန်ဆန် ဖြေရှင်း ဆောင်ရွက်နေတဲ့အပြင် သမ္မတ ဦးသိန်းစိန် ကလည်း ဒီကိစ္စကို အလေးထားပြီး ကိုင်တွယ် ဆောင်ရွက်သွားဖို့ လိုတယ်လို့ ပြောခဲ့တဲ့အတွက် ကျနော်က မြန်မာအာဏာ ပိုင်တွေကို လူသိရှင်ကြားရော၊ သီးသန့်အနေနဲ့ပါ တောင်းဆိုတာ ဖြစ်ပါတယ်” ဟု သူက ပြောသည်။
“ဒီလို ဆောင်ရွက်တဲ့အတွက် တာဝန်ယူမှုနဲ့ တာဝန်ခံမှု ရှိလာမှာ ဖြစ်တဲ့အပြင် တရားဥပဒေ စိုးမိုးမှုလည်း ရှိလာပါမယ်။ ဒီစုံစမ်း စစ်ဆေးမှုကနေ အကြမ်းဖက်မှုရဲ့ အရင်းခံ အကြောင်းတရားတွေကို ဖော်ထုတ် သင့်တယ်။ အဲဒီလို ဆောင်ရွက်တဲ့ နေရာမှာ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးရဲ့ အစိတ်အပိုင်း တခုအနေနဲ့ ရခိုင်ပြည်နယ်က မွတ်ဆလင်တွေရဲ့ အခြေအနေ ကိုလည်း ထောက်ပြ သင့်ပါတယ်” ဟု ၎င်းက ဆိုသည်။
ဗီဂျေ နမ်ဘီယာသည် ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှုများ ဖြစ်ပွားနေသည့် ဇွန်လ ၁၃ ရက်နေ့တွင် ကုလသမဂ္ဂ၏ လူသားချင်း ဆိုင်ရာ အကူအညီပေးရေး အဖွဲ့တခုကို ဦးဆောင်၍ ရခိုင်ပြည်နယ် နယ်စပ်ရေးရာ ဝန်ကြီးနှင့်အတူ လိုက်ပါကာ ထိခိုက်မှု အများဆုံးရှိသည့် နေရာ ရခိုင်ဒေသ တချို့သို့ သွားရောက် ကြည့်ရှုခဲ့သည်။
၎င်း၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ထိုအကြမ်းဖက်မှုများ အပေါ် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ ပုဂ္ဂိုလ်ရေး စိုးရိမ်းမှုများနှင့် ကုလသမဂ္ဂ၏ မျှော်လင့်ချက်များအား သမ္မတ ဦးသိန်းစိန်ထံ တိုက်ရိုက် တင်ပြခဲ့သည်ဟုလည်း သူက ပြောသည်။
ကုလသမဂ္ဂ အနေဖြင့် ရခိုင်ပြည်နယ် အရေးနှင့် ပတ်သက်၍ ကိုင်တွယ် ဖြေရှင်းရာတွင် မြန်မာအစိုးရကို ကူညီရန် အဆင်သင့် ရှိသည်ဟု ၎င်းက ဆိုသည်။
“ပြုပြင် ပြောင်းလဲရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး ကိစ္စတွေမှာ မြန်မာအစိုးရကိုရော၊ မြန်မာပြည်သူတွေ ကိုပါ ကူညီသွားဖို့ ကုလသမဂ္ဂက စိတ်ပိုင်းဖြတ်ထားတာပါ၊ ဒါကြောင့်လည်း ကုလသမဂ္ဂ အနေနဲ့ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုကြောင့် ဒုက္ခ ရောက်ရသူတွေကို ဘာသာရေး၊ လူမျိုးရေး မခွဲခြားဘဲ ကူညီဖို့ ဆောင်ရွက်နေတာပါ” ဟု မစ္စတာ နမ်ဗီယာက ပြောသည်။
ကုလသမဂ္ဂ ပြောခွင့်ရပုဂ္ဂိုလ် တဦး၏အဆိုအရမူ ဗီဂျေ နမ်ဘီယာသည် မြန်မာပြည်တွင် ဖြစ်ပွားနေသည့် အခြေအနေများကို ငြိမ်းငြိမ်းချမ်းချမ်းနှင့် ဖြေရှင်းနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ သတင်းထောက်များအား ပြောကြားခဲ့ သေးသည်ဟု သိရသည်။
“အခြေအနေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းနိုင်လိမ့်မယ်လို့ ကုလသမဂ္ဂက မျှော်လင့်ပါတယ်။ အထွေအထွေ အတွင်းရေးမှူးချုပ် ကလည်း အဲဒီလို ဖြေရှင်းဖို့ မြန်မာအစိုးရ ခေါင်းဆောင်တွေကို ပြောခဲ့ပါတယ်။ ဒုက္ခသည်တွေရဲ့ အခြေအနေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆွေးနွေး ဖြေရှင်းသင့်တယ်လို့ ကျနော်တို့ ယူဆပါတယ်” ဟု ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ လက်ထောက် ပြောခွင့်ရ ပုဂ္ဂိုလ် Eduardo del Buey က ဆိုသည်။
သတင်းထောက်တဦး၏ မေးမြန်းချက်ကို ၎င်းက မြန်မာနိုင်ငံ၌ နိုင်ငံသားအဖြစ် အသိအမှတ်ပြု မခံရသည့် မွတ်ဆလင် အုပ်စုများ ရှိနေကြောင်း၊ ရခိုင်ပြည်နယ်ရှိ မွတ်ဆလင်များနှင့် မွတ်ဆလင် ဘာသာဝင် မဟုတ်သူများ၏ ပဋိပက္ခ ဖြစ်ကြောင်း ဖြေကြားခဲ့သည်။
“ပြဿနာက အဲဒီမှာ အခြေတည်တာပဲ။ အခုဟာက အဲဒီဒေသမှာ ရှိတဲ့ မွတ်ဆလင်တွေနဲ့ မွတ်ဆလင် မဟုတ်သူတွေ ကြားက ပဋိပက္ခပါ” ဟု ၎င်းက ဆိုသည်။