လယ်ယာမြေ အဓမ္မသိမ်းယူ ခံထားရခြင်းနှင့်ပတ်သက်၍ ဖွဲ့စည်းမည့် စုံစမ်းရေးကော် မရှင်ကို လွတ်လပ်စွာ စုံစမ်းဖော်ထုတ်နိုင် သော အဖွဲ့တခု ဖြစ်စေလိုကြောင်း လယ်သမားအရေး ဆောင်ရွက်သူများ က ပြောသည်။

“ဒီကော်မရှင်ဟာ လွတ်လပ်တဲ့ အဖွဲ့ ဖြစ်ပြီးတော့ ပြည်သူ့ အကျိူးကို လက်တွေ့ လုပ်ပြဖို့၊ တတ်နိုင်သမျှ မြန်မြန် လုပ်ကြဖို့ မျှော် လင့်ပါတယ်”ဟု မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီ ဥက္ကဋ္ဌ နှင့် လယ်သမား အရေး ဆောင်ရွက်ပေးသူ ဦးနေမျိုးဝေက ဆို သည်။
တောင်သူ လယ်သမားများ၏ ဘဝဆင်း ရဲကျပ်တည်းခြင်း မဖြစ်စေရန် အလေးထား ဆောင်ရွက်၍ ၎င်းတို့၏ အလုပ် အကိုင်အခွင့် အလမ်းများ ပြန်လည် ရရှိရေးအတွက် သိမ်းယူခံထား ရသည့် လယ်မြေများ ပြန်လည်ရရှိရေး၊ နစ်နာမှု မရှိစေရန် လုပ်ဆောင် ပေး နိုင်ရေး အတွက် စုံစမ်းဖော်ထုတ်ရေး ကော်မရှင်တရပ် ဖွဲ့စည်းရန် ယမန်နေ့က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်အစည်း အဝေးက အတည်ပြုခဲ့သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်ထွဋ် တင်သွင်းသည့်“လယ်ယာမြေများ သိမ်းဆည်းခံရခြင်းများအား စုံစမ်းလေ့လာ ဖော်ထုတ်ပြီး တောင်သူလယ်သမားများ နစ်နာမှု မရှိစေရေး တရားမျှတ စွာဖြေရှင်း
ဆောင်ရွက်ပေးရန်”အဆိုနှင့် ပတ်သက်၍ ကိုယ်စားလှယ် ၄၅ ဦး ဆွေးနွေးပြီး မဲခွဲဆုံးဖြတ် အနိုင်ရခဲ့ခြင်း ဖြစ်သည်။
စုံစမ်းဖော်ထုတ်ရေး ကော်မရှင်ဖွဲ့စည်းခြင်းကို ကြိုဆိုကြောင်း၊ သို့သော် လယ်သမားများ၏ လယ်ယာမြေများ ပြန်လည် ရရှိရေးနှင့် လယ်သမားအကျိုး အမှန်တကယ် ဖော်ဆောင်ပေးနိုင်သည့် လွတ်လပ်သော အဖွဲ့ဖြစ်စေလိုကြောင်းလည်း ဦးနေမျိုးဝေ က ပြောသည်။
ထိုကော်မရှင်၌ လွှတ်တော် ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ဝင်များ၊ ဥပဒေ ပညာရှင်များနှင့်လူမှု အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ
ပါဝင်နိုင်ရေး ဆောင်ရွက်သွားမည်ဟု သိရပြီး မည်သည့်အချိန်တွင် ဖွဲ့စည်း မည်ဆိုသည်ကိုမူ မသိရသေးပေ။
လွှတ်တော်ကိုယ်စားပြုထားသည့် ကော်မတီ တချို့သည် ကိုယ်တိုင် ကွင်းဆင်းပြီး လယ်သမားများနှင့် တွေ့ဆုံမေးမြန်း စုံစမ်း
ခြင်းများ ရှိကြောင်း၊ သို့သော် ၎င်းတို့၏ စုံစမ်းလေ့လာမှုများသည် အမှန်တကယ် ဖြစ်ပျက်နေသည့် ဖြစ်ရပ်မှန်များ မဟုတ်
ကြောင်း၊ ထို့ကြောင့် ယခုဖွဲ့စည်းမည့် စုံစမ်းရေး ကော်မရှင်သည်လည်း လယ်မြေသိမ်းခံထားရမှု ကိစ္စကို ဖြေရှင်းနိုင်ရန် ကြာဦး မည်ဟု ယူဆကြောင်း လယ်သမားအရေး ကူညီပေးနေသည့် ရှေ့နေ ကိုဖိုးဖြူ က ပြောဆိုသည်။
“လွှတ်တော်ရဲ့ ရှေ့ပြေး ကော်မတီတချို့က မှတ်တမ်းလုပ်နေတာတွေ ရှိပါတယ်၊ ဒါပေမယ့် သူတို့က အပေါ်ယံ မှတ်တမ်း မှတ် ရာတွေပဲ ရကြတယ်၊ ကော်မရှင် ဆိုတာလည်း အဲဒီလိုပဲ လုပ်မယ်ဆိုရင် လယ်သမားတွေ အတွက် ဘာမှ ထူးလာမှာ မဟုတ် ဘူး” ဟု ၎င်းက ဆက်ပြောသည်။
လယ်ယာမြေ သိမ်းယူမှုများနှင့်ပတ်သက်၍ ဖြေရှင်းသည့်အခါလည်း မှတ်တမ်း မှတ်ရာ၊ စာရွက်စာတမ်းများနှင့်ပတ်သက်၍ ပွင့် လင်း မြင်သာမှု မရှိကြောင်း၊ လယ်ယာမြေ ပြဿနာများ ဖြေရှင်းရာတွင်လည်း ခေါ်ယူစစ်ဆေးသည့် အဆင့်သာရှိပြီး ခိုင်လုံ သည့် အထောက်အထား ပြသမှုမရှိကြောင်း၊ ထို့ကြောင့် ကော်မရှင် အနေဖြင့် ထိုကိစ္စများကိုကျော်လွှားနိုင်ရန် လိုအပ်နေသေး ကြောင်း လည်း ကိုဖိုးဖြူ က ပြော သည်။
လယ်ယာမြေ၊ နွားစားကျက်မြေ၊ မြေလွတ်မြေရိုင်း၊ တောင်ယာမြေ စသည့် သိမ်းယူထားသည့် မြေဧက စုစုပေါင်းသည် သောင်း သိန်း ချီ၍ ရှိကြောင်း၊ ထို စာရင်းသည် လယ်သမားအရေး၊ သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းသူများ၊ ဌာနဆိုင်ရာများ၊ ကုမ္ပဏီ များ စသည့် အဖွဲ့အစည်းများ၏ စာရင်းဇယားများဖြစ်ကြောင်း ကိုဖိုးဖြူ က ဆိုသည်။
လယ်မြေ သိမ်းယူမှုသည် ခေတ်အဆင့်ဆင့် က ရှိခဲ့သော်လည်း အုပ်ချုပ်ရေးစနစ်ကြောင့် ထိရောက်သည့် အရေးယူကိုင်တွယ် နိုင်ခြင်း မရှိခဲ့ကြောင်း၊ ယခုအခါ လွှတ်တော်၌ အတိုင်းအတာတခုအထိ ပြောဆိုနိုင်ပြီ ဖြစ်၍ လယ်သမားအရေး ကိစ္စ အတွက် ကောင်းမွန်သည့် အဖြေတခုရရှိ လာမည်ဟု မျှော်လင့်ကြောင်း လယ်မြေသိမ်းမှု ကိစ္စ ပါဝင် ဆွေးနွေးခဲ့သူ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်း က ပြောသည်။
လယ်မြေ သိမ်းယူသူများသည် စစ်တပ် ထိပ်ပိုင်း ခေါင်းဆောင်များ၊ အစိုးရအဖွဲ့နှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်များ၊ ကု မ္ပဏီများ က သိမ်းယူထားခြင်း ဖြစ်၍ ထိရောက်စွာ အရေးယူနိုင်ခြင်း မရှိခဲ့ကြောင်း၊ ယခု ဖွဲ့စည်းမည့် စုံစမ်းရေး ကော်မရှင် သည် လွတ်လပ်သည့် သီးခြားအဖွဲ့တခုအဖြစ် ဆောင်ရွက်နိုင်ပါက ပြေလည်နိုင်မည် ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။
အစိုးရ ဌာနများ ၏ စာရင်းများ၊ သီးစားချထားခွင့်၊ စာရွက် စာတမ်း၊ အထောက်အထားများ အပေါ် အခြေခံ၍ လုပ်ဆောင်မည် ဆိုပါက ကောင်းမွန်သည့် အဖြေ မရနိုင်ဟု ဦးဖေသန်းက ပြောသည်။
၎င်းက“ဓားမဦးချ လုပ်လာတဲ့ ဘိုးဘွားပိုင် မြေတွေများတယ်၊ တောသူ တောင်သား အများစုမှာ မှတ်တမ်းတွေ မလုပ်ထားကြ ဘူး၊ အဲဒီမြေတွေပဲ အသိမ်းခံထားရကြတယ်၊ ဒါတွေကို တရားမျှတစွာ ဖြေရှင်းနိုင်ဖို့ လိုပါတယ်”ဟု ဆိုသည်။
လယ်ယာမြေများအား စီမံကိန်းနယ်မြေ၊ တပ်ပိုင်နယ်မြေ မကျူးကျော်ရ ဟု ဆိုင်းဘုတ်များ စိုက်ထူထားသော်လည်း မည်သည့် စီမံကိန်းမှ လုပ်ဆောင်ခြင်း မရှိသေးသော နေရာများရှိနေသည်ဟု သိရသည်။
လက်ရှိ အစိုးရသည်လည်း ပြည်သူနှင့်နိုင်ငံအကျိုးစီးပွားအတွက် မြေများသိမ်းဆည်းပြီး စီမံကိန်းများ၊ လုပ်ငန်းများကို ဆက် လက်ဆောင်ရွက် နေရဦးမည်ဖြစ်ကြောင်း၊ စိတ်ကောင်း စေတနာနှင့် တရားနည်းလမ်းကျစွာ ဆောင်ရွက်မှုများဖြင့် ပြည်သူ့ အကျိုး၊ နိုင်ငံ အကျိုး၊ ပြည်ထောင်စု အကျိုး ပြုလုပ်သွားကြမည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း က ဦးတင်ထွဋ် ၏ အဆိုအား ထောက်ခံ ဆွေးနွေးစဉ် ထည့်သွင်း ပြောဆိုထားသည်။