သတင်း

သံတမန်ဆန်တဲ့ စိစစ်ရေးဌာနနဲ့ ၈၈ ကို အားဖြည့်မယ့် ဂီတသမားများ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

သံတမန်များက ဟင့်အင်းလို့ ဘယ်တော့မှ မပြောဘူး တဲ့။ စာပေစိစစ်ရေးဌာန လူကြီးမင်းများလည်း သံတမန်ဆန်ဆန်ပြုကျင့်နေပါပြီ။ ဒီအချက်ကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ရန်ကုန်မြို့က ပြပွဲတခုကို သွားရောက် စိစစ်ရာမှာ ပြသခဲ့ပါတယ်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရန်ပုံငွေ ကာတွန်းပြပွဲမှာ အာယု၊ ရွှေဘို တို့ရဲ့ လက်ရာတွေကို ပြပွဲမတင်ဖို့ သူတို့ ပြောဆိုပုံကို ပွဲစီစဉ်သူတယောက်က ဖောက်သည်ချပါတယ်။

“ဒီကာတွန်းနှစ်ကားကို ကြည့်ပြီး မကြိုက်ဘူးလို့ပြောတာ။ နည်းနည်းတော့ ပညာတော့ ပါတယ်။  ဖြုတ်လို့ပြောတာလည်း မဟုတ်ဘူး။ မဖြုတ်နဲ့လို့ ပြောတာလည်း မဟုတ်ပြန်ဘူး”

ပွဲစီစဉ်သူတွေက စိစစ်ရေးဆရာတို့ရဲ့စကားကို ဘယ်လို ဘာသာပြန်လိုက်သလဲ။

“ကျနော်တို့ကလည်း လွတ်လွတ်လပ်လပ်လေး ဖြစ်သွားစေချင်တာနဲ့ သူတို့ စိတ်တိုင်းကျအောင် ဖြုတ်ပေးလိုက်တာပါ” လို့ ဆိုပါတယ်။

ကာတွန်းအာယုရဲ့လက်ရာမှာတော့ “ဘုရားကို ခြင်္သေစောင့်၏၊ တရားကို နတ်စောင့်၏၊ ဥပဒေကို သမာဓိ စောင့်၏၊ တရားဥပဒေကို တရားသူကြီးကတော် နဲ့ ဥပဒေ အရာရှိဇနီးစောင့်၏” လို့ ရေးထားပါတယ်။ ဒီလောက်ကောင်းတဲ့ ကာတွန်းကို စိစစ်ရေးဆရာတို့က မကြိုက်ဘူး တဲ့။

ကာတွန်း  ရွှေဘိုရဲ့လက်ရာကတော့ ဥပဒေဆိုတဲ့ ငုတ်တိုင်မှာ လွတ်လပ်ခွင့်ဆိုတဲ့ သံကြိုးကြီးနဲ့  ချည်ခတ်ခံထားရတဲ့ ဆင်တကောင်ပုံပါ။ ဆင်ပုံမှာ မီဒီယာလို့ ရေးထားပါတယ်။ ဆင်ထိန်းက ငါ့ကောင်ကြီး မရုန်းပါလားလို့ ပြောတော့  ဆင်ကြီးက မရုန်းတာမဟုတ်ဘူး ရုန်းလို့မရတာ လို့ ပြန်ပြောနေတဲ့ပုံပါ။ ဒါကိုလည်း စိစစ်ရေးဆရာတို့က မကြိုက်ပြန်ပါဘူး။

ရွှေဘိုရဲ့ လက်ရာနဲ့ ပတ်သက်ပြီး ကာတွန်းဆရာတဦးက – လက်ရှိ မီဒီယာလွတ်လပ်ခွင့်ဟာ အရိပ်အယောင်ပြတဲ့ ဖိုးလနတ်သားဆိုတဲ့ အခြေအနေမျိုးပဲ ရှိပါသေးတယ်လို့ ဆိုပါတယ်။ သတင်းစာဆရာကြီး ဦးဝင်းတင်ကလည်း အဲဒီလိုပဲ သုံးသပ်ခဲ့ပါတယ် တဲ့။

မစပ်စုတို့ မြန်မာပြည်ရဲ့  တရားဥပဒေနဲ့ မီဒီယာလွတ်လပ်ခွင့် အခြေအနေတို့ကို ပေါ်ပေါ်ထင်ထင် သရော်လိုက်လေတော့ အနာပေါ် တုတ်ကျသွားတယ် ထင်ပါတယ်။

ကြက်တူရွေးကတော်တော် မယ်ဘော်တွေက ကဲကဲ ဆိုသလိုမျိုး  အပေါ်က တော်တော်၊ အောက်က ကဲကဲများ ဖြစ်နေတာလား သို့မဟုတ် အပေါ်ရော အောက်ရော အတူတူတွေပဲလား ဆိုတာတော့ မတွေးတတ်အောင်ပါပဲ။

ကာတွန်းပြပွဲအကြောင်း ဆက်ရရင် ရရှိလာမယ့် ရန်ပုံငွေထဲက တဝက်ကို  ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇနီး ဒေါ်ခင်ကြည် အထိမ်းအမှတ် ဖောင်ဒေးရှင်းအတွက် လှူဒါန်းမှာဖြစ်ပြီး ကျန်တဲ့တဝက်ကိုတော့ ကာတွန်းဆရာများနဲ့ ဒီပွဲစီစဉ်တဲ့ ကာတွန်းကွန်ယက်အဖွဲ့အတွက် ဖြစ်ပါတယ်။

ပန်းဆိုးတန်းလမ်း လောကနတ်ပန်းချီပြခန်းမှာ ဇူလိုင် ၂၆ ကနေ ၂၉ ရက်နေ့အထိ ပြသနေတဲ့ ဒီပွဲမှာ  ကာတွန်းဆရာ ၇၀ကျော်ရဲ့ ကာတွန်းလက်ရာ ၁၆၈ ကားကို သွားရောက် ကြည့်ရှုနိုင်ပါပြီ။

ဒီမိုကရေစီခေတ်မှာ ဆင်ဆာဖြတ်တာတွေ ရှိပေမယ့် ကာတွန်းပြပွဲတွေ ပြန်လည် ခွင့်ပြုလာတာကိုပဲ လွတ်လပ်ခွင့် ရပြီ ဆိုပြီး ကျေးဇူး တင်ရမလိုဖြစ်နေပါပြီ။

မြန်မာပြည်ကို အင်္ဂလိပ်လက်အောက်က လွတ်မြောက်အောင် ဂျပန်တို့က ကူညီခဲ့ဖူးပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်ပေးတဲ့ လွတ်လပ်ရေးက ရွှေရည်စိမ်လွတ်လပ်ရေး ဆိုပြီး  မြန်မာ့သမိုင်းမှာ ထင်ရှားနေတာပါ။

ယနေ့ မြန်မာပြည်သူပြည်သားတွေလည်း ရွှေရည်စိမ်လွပ်လပ်ခွင့်ကို လိုလားကြမယ် မဟုတ်ဘူးလို့ မစပ်စု ထင်မိပါတယ်။

၈၈ ကို အားဖြည့်မယ့် ဂီတသမားများ

နောက်ပွဲတခုကတော့ ၈၈ မျိုးဆက်ကျောင်းသားတွေရဲ့ ပထမဆုံး ရန်ပုံငွေဂီတဖျော်ဖြေပွဲ ဖြစ်ပါတယ်။  လာမယ့် စက်တင်ဘာ ၁ ရက်နေ့  ရန်ကုန်မြို့ MCC ခန်းမမှာ အနုပညာရှင်၊ တီးဝိုင်း အမြောက်အမြားနဲ့ ကျင်းပပါမယ် တဲ့။

“၂၃ နှစ် ကာလမှာ ဒီပွဲဟာ ပထမဆုံးလို့ ပြောလို့ရပါတယ်။ ဖြစ်နိုင်သမျှ တတ်နိုင်တဲ့အပိုင်းကနေ ခမ်းနားနိုင်သမျှ ခမ်းနားအောင် ကြိုးစားသွားမှာပါ” လို့ ပွဲဖြစ်မြောက်ရေး စီစဉ်သူ တဦးဖြစ်တဲ့ ကိုမြအေးက ဧရာဝတီကိုပြောပါတယ်။

၈၈ မျိုးဆက်က ဘာအတွက် ရန်ပုံငွေ လိုအပ်နေတာပါလဲ။

“ကျနော်တို့ လုပ်နေတဲ့ ကဏ္ဍတွေဖြစ်တဲ့ ငြိမ်းချမ်းရေးခရီးစဉ်တွေ၊ ပွင့်လင်း လူ့အဖွဲ့အစည်း ခရီးစဉ်၊ လူ့အခွင့် အရေး ကိစ္စတွေ၊ အလုပ်သမားကိစ္စတွေ နောက် ထောင်ထဲက လွတ်လာတဲ့ ဘဝတူ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုတွေကို ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေ လုပ်ကိုင်ရတာတွေ ရှိပါတယ်” လို့ ကိုမြအေးက ရှင်းပြပါတယ်။

ဒီလို ရန်ပုံငွေ ရှာဖွေပွဲလုပ်မှသာ ကျနော်တို့ ရှင်သန်ရေးအတွက် အများကြီးအထောက်အကူ ဖြစ်စေနိုင်မယ်လို့ သူက ဆက်ပြောပြပါတယ်။

မင်းဓမ္မလမ်း MCC ခန်းမမှာ ပြုလုပ်မယ့် ဒီပွဲအတွက် အားဖြည့်သူများထဲမှာ မဇ္ဈိမလှိုင်း၊ ရွှေသံစဉ် စတဲ့ ဝါရင့် တီးဝိုင်းတွေလည်း ပါဝင်ပါတယ် တဲ့။

MCC ဟာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကပဲ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် စီစဉ်တဲ့  ပြည်ထောင်စု တိုင်းရင်းသားများ ပညာရေး ရန်ပုံငွေ ဂီတ ဖျော်ဖြေပွဲနဲ့ ဈေးရောင်း ပွဲတော် ကျင်းပခဲ့တဲ့ နေရာ ဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading