Human Rights

ရခိုင်ဒေသ ပဋိပက္ခ သတင်းစာရှင်းလင်းပွဲ ကင်တာနာ တက်ရောက်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မြန်မာ အစိုးရက ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တာနာ  ရောက်ရှိနေစဉ် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ တရပ် ယနေ့ ကျင်းပ သည်။

နေ့လယ် ၁ နာရီခန့်က ရန်ကုန်မြို့ ပြည်လမ်းရှိ နိုင်ငံခြားရေးဝန်ကြီးရုံး အဆောက်အအုံတွင် မစ္စတာ ကင်တာနာ အပါအဝင် နိုင်ငံ တကာ သံရုံးများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် အပြည်ပြည် ဆိုင်ရာအဖွဲ့အစည်းများမှ အကြီးအကဲများ တက်ရောက်သော သတင်းစာ ရှင်းလင်းပွဲ၌ နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် မြန်မာ့စက်မှုဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး သိန်းဌေးက ရှင်းလင်း ပြောဆိုခြင်းဖြစ်သည်။

သတင်းစာ ရှင်းလင်းပွဲတွင် ရခိုင်ပြည်နယ် ပဋိပက္ခများအတွင်း လူ ၇၇ ဦးသေဆုံး၍ ဒုက္ခသည်ပေါင်း ခြောက်သောင်း ကျော်ရှိနေပြီး အရေးပေါ်အကူအညီနှင့် ပြန်လည်ထူထောင်ရေး အကူအညီများ လိုအပ်နေသည်ဟု ဒု ဗိုလ်ချုပ်ကြီး သိန်းဌေးက ပြောကြားသည်။

ထို့နောက်၎င်းက ဆက်လက်၍ ကျောက်နီမော်ကျေးရွာက ရခိုင်အမျိုးသမီးငယ်တဦး မေလ ၂၈ ရက်က အဓမ္မပြုကျင့်သတ်ဖြတ် ခံရမှုနှင့် ဆက်နွယ်ပြီး စတင်ခဲ့သော ပဋိပက္ခများကြောင့် ရခိုင်တိုင်းရင်းသား ၃၁ ဦး၊ ဘင်္ဂါလီ ၄၆ ဦး စုစုပေါင်း ၇၇ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူ ရခိုင်လူမျိုး ၅၀၊ ဘင်္ဂါလီလူမျိုး ၆၂ ဦး စုစုပေါင်း ၁၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရှင်းလင်းသည်။

“ရွှေ့ပြောင်းနေထိုင်သူတွေက ကြောက်လန့်မှုတွေနဲ့ နေထိုင်နေရတယ်။ ကယ်ဆယ်ရေးစခန်းတွေမှာ ရွှေ့ပြောင်းနေထိုင်ရတဲ့ ရခိုင် တိုင်းရင်းသား အရေအတွက်က ၈၀၃၁ ဦး၊ ဘင်္ဂါလီ ရွှေ့ပြောင်းနေထိုင်ရသူ အရေအတွက်က ၅၃၃၉၀ ရှိပါတယ်”ဟုလည်း ဒု ဗိုလ်ချုပ်ကြီး သိန်းဌေးက ဆိုသည်။

ပဋိပက္ခများသည် အရေးပေါ် အခြေအနေ ကြေညာရသည်အထိ ဆိုးရွားခဲ့ကြောင်း၊ စစ်တွေမြို့တွင် ကယ်ဆယ်ရေးစခန်း ၅၈ ခုဖွင့် လှစ် ထားရပြီး ဒုက္ခသည် စုစုပေါင်း ၆၁၄၂၁ ဦး ရှိကြောင်း၊ ကြောက်ရွံ့မှုနှင့် မယုံကြည်မှုများရှိ နေကြောင်းလည်း ၎င်းက ပြောဆို သည်။

ပဋိပက္ခများကြောင့် အဆောက်အအုံ ၄၈၂၂ လုံး၊ ဗလီ ၁၇ ခု၊ ဘုန်းကြီးကျောင်း ၁၄ ကျောင်း၊ စာသင်ကျောင်း ၃ ကျောင်းပျက်စီး သွားခဲ့သည်ဟု သတင်းစာရှင်းလင်းပွဲ ထုတ်ပြန်ချက်အရ သိရှိရသည်။

ဆက်လက်ပြီး ဒု ဗိုလ်ချုပ်ကြီး သိန်းဌေးက ရခိုင်ပြည်နယ် ပဋိပက္ခများအတွင်း ကုလသမဂ္ဂနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ ဝန်ထမ်းများကို ဖမ်းဆီး စစ်ဆေးရခြင်းနှင့် ပတ်သက်၍လည်း ရှင်းလင်းသည်။

ကုလသမဂ္ဂ အပါအဝင် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ လူ ၁၀ ဦးကို ဖမ်းဆီးစစ်ဆေးခဲ့ကာ တဦးကို လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း၊ ဖမ်းဆီးထားသော ၉ ဦးမှာမူ ပဋိပက္ခများဖြစ်ပေါ်စေရန် လှုံ့ဆော်သော အထောက်အထားများတွေ့ရှိထား၍ တရားဥပဒေ အရ အရေးယူမည်ဖြစ်ကြောင်းလည်း ပြောဆိုသည်။

ပဋိပက္ခများသည် ဘာသာရေး အစွန်းရောက်များ၏ လှုံ့ဆော်မှုများကြောင့်ဖြစ်ပြီး ရခိုင်နှင့်ဘင်္ဂါလီ လူ့အဖွဲ့အစည်းနှစ်ခု စလုံးသည် ငြိမ်းချမ်းစွာ နေလိုကြကြောင်း ဒု ဗိုလ်ချုပ်ကြီး သိန်းဌေးက ပြောသည်။

ယမန်နေ့ ညပိုင်းက မြန်မာနိုင်ငံသို့ ရောက်ရှိနေသော မစ္စတာ အိုဟေး ကင်တာနာ ၏ တပတ်ကြာ ခရီးစဉ်တွင် ရခိုင် ပြည်နယ် အရေး နှင့် ပတ်သက်ပြီး လေ့လာစုံစမ်းမှု အဓိကပြုလုပ်မည့် အစီအစဉ် ပါဝင်ကြောင်း သိရသည်။

မစ္စတာ ကင်တာနာသည် ဇူလိုင်လ ၃၁ ရက်နှင့် သြဂုတ်လ ၁ ရက်နေ့တွင် ရခိုင်ပြည်နယ်အတွင်း လေ့လာမှုများ ပြုလုပ်မည် ဖြစ် သည်ဟု ရခိုင်ပြည်နယ် အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြိုင်က ဧရာဝတီကို ပြောသည်။

“မောင်တောရယ်၊ စစ်တွေမြို့ပေါ်ပေါ့။ ကယ်ဆယ်ရေး စခန်းတွေ သွားကြည့်မယ်။ အဲဒီလိုတော့ ကျနော်တို့ လောလောဆယ် သတင်း ရထားပါတယ်”ဟု ၎င်းက ဆိုသည်။

မစ္စတာ ကင်တာနာအနေနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့်ပတ်သက်၍ စုံစမ်းလေ့လာရန် လာရောက်ခြင်းဖြစ်ပြီး ခရီးစဉ် အတွင်း အစိုးရတာဝန်ရှိသူများ၊ ဒေါ်အောင်ဆန်းစုကြည် ၊ အရပ်ဘက်လူမှုကူညီရေး ကိုယ်စားလှယ်များ၊ လူ့အခွင့်အရေး လှုပ်ရှားသူများနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း သတင်းများက ဖော်ပြသည်။

ပြီးခဲ့သည့် သောကြာနေ့က ထုတ်ပြန်သည့် ကုလ သမဂ္ဂ လူ့အခွင့်အရေး အကြီးအကဲ Navi Pillay ၏ ကြေညာချက်၌ မြန်မာလုံခြုံရေး တပ်ဖွဲ့ဝင်များက လူနည်းစု မွတ်စလင် ဘာသာဝင်များအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများ လုပ်ဆောင်နေကြောင်း ပါရှိသည်။

“လုံခြုံရေး တပ်ဖွဲ့တွေက အခုဖြစ်တဲ့ ပဋိပက္ခမှာ ခွဲခြား ဆက်ဆံမှုတွေ နဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတယ်ဆိုတဲ့ သတင်းပို့ချက်တွေ သိရတဲ့အတွက် စိုးရိမ်မိပါတယ်”ဟု Navi Pillay က ဆိုသည်။

လင်းသန့် ပူးပေါင်း ရေးသားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading