သတင်း

မြန်မာပြည် ဒေသတချို့တွင် မိုးများ၍ ရေကြီး

This article has been converted from Zawgyi One to Unicode

မိုးသည်းထန်စွာ ရွာသွန်းသဖြင့် သံလွင်မြစ်ရေ လျှံသောကြောင့် ကရင်ပြည်နယ် ဘားအံမြို့တွင် ယမန်နေ့ ညက စတင်၍ လူနေအိမ် အများအပြား ရေနစ်မြုပ်ခဲ့ပြီး ထားဝယ်မြို့တွင်လည်း မိုးများသောကြောင့် ရေကြီးရေလျှံ မှုများ ဖြစ်ပေါ် ခဲ့သေး ကြောင်း ဒေသခံ များက ပြောသည်။

ဘားအံမြို့ အမှတ် ၁၊ ၂၊ ၅ ရပ်ကွက် တို့တွင် ရေကြီးနေသဖြင့် ရေဘေး ဒုက္ခရောက်နေသည့် အိမ်ထောင်စု ၅၀ ခန့် ကို သက်ဆိုင်ရာ အာဏာပိုင်များက စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ အားကစားကွင်းတို့တွင် ယာယီ ကယ်ဆယ်ရေး စခန်းများ

ဖွင့်ကာ နေရာချပေးထားကြောင်း ဘားအံမြို့ရှိ အစိုးရ ဝန်ထမ်းတဦးက ဧရာဝတီသို့ ပြောသည်။

လတ်တလော အိမ်ထောင်စု ၅၀ ကျော်ကိုသာ ပြောင်းရွှေ့ထားပြီး စပါးစိုက်ခင်းများသို့ ရေဝင်ခြင်း မရှိသေးကြောင်း ၎င်းက ဆိုသည်။

သံလွင်မြစ်ရေသည် တနင်္ဂနွေနေ့ မွန်းလွဲပိုင်းတွင် တိုင်းထွာချက်အရ ဘားအံမြို့တွင် ၇၈၀ စင်တီမီတာသို့ ရောက်ရှိ နေကြောင်း၊ စိုးရိမ်ရေမှတ် အထက် ၃၁ စင်တီမီတာ ( ၁ ပေခန့် ) ကျော်လွန်နေခြင်း ဖြစ်ကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာတွင် ဖော်ပြထားသည်။

၄၈ နာရီအတွင်း ၎င်းမြို့၏ စိုးရိမ်ရေမှတ် ၇၅၀ စင်တီမီတာ အထက်တွင် ရှိနေမည်ဖြစ်ပြီး ကမ်းရိုးတန်းဒေသများတွင် မိုးသက်လေပြင်းများ ကျရောက်ကာ ပြည်နယ်နှင့်တိုင်း ၁၄ ခုစလုံးတွင် မိုးထစ်ချုန်း ရွာမည်ဟုလည်း မိုးလေဝသနှင့် ဇလဗေဒ ဝန်ကြီးဌာနက ခန့်မှန်းထားသည်။

မကြာသေခင် ရက်ပိုင်းကလည်း ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့၊ တနင်္သာရီတိုင်း ထားဝယ်မြို့၊ ပဲခူးတိုင်း တောင်ငူမြို့၊ ရှမ်းပြည်နယ် တောင်ပိုင်း ကျိုင်းတုံမြို့နယ် တို့တွင် မိုးများ၍ ရေကြီးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

နာရေးကူညီမှု အသင်း (ထားဝယ်မြို့) မှ အတွင်းရေးမှူး ကိုအောင်နိုင်ဦးက ထားဝယ်မြို့တွင် ပြီးခဲ့သည့် တပတ် စနေနေ့မှ စတင်၍ ၂ ရက်ခန့် အကြာ ရပ်ကွက် ၈ ခုရှိ နေအိမ်များ ရေနစ်မြုပ်ခဲ့ရာ ၄ ရပ်ကွက်မှာ ရေပြန်ကျသွားသော်လည်း တချို့ ရပ်ကွက်များ ရေမကျသေးကြောင်း ပြောသည်။

“ရေဘေး ဒုက္ခသည်တွေက အရမ်းအများကြီး မဟုတ်ဘူး၊ အိမ်ပေါ်မှာ နေလို့ မရတဲ့ ရပ်ကွက် တခုပဲရှိပါတယ်။ အိမ်ခြေ ၁၅ လုံးလောက်ပဲ နေလို့မရတာ၊ ကျန်တဲ့လူတွေကတော့ အိမ်မှာပဲ နေရင်းနဲ့ အစားအသောက်ကတော့ ထမင်းထုပ်တွေ ဝေပေးရတယ်” ဟု ကိုအောင်နိုင်ဦးက ဆိုသည်။

မိုးအဆက်မပြတ် ၄ ရက်ကြာ ရွာသွန်းသောကြောင့် မြစ်ရေလျှံ၍ ယခုကဲ့သို့ ရေကြီးရခြင်း ဖြစ်ကြောင်း၊ အိမ်ခြေ ပျက်စီး ဆုံရှုံးခြင်းများ မရှိသော်လည်း လယ်မြေများ အနည်းအငယ် ပျက်စီးနိုင်ကြောင်း၊ ဆုံးရှူံးမှု ပမာဏကို လတ်တလော မပြောပြနိုင်သေးကြောင်း ၎င်းက ရှင်းပြသည်။

နာရေးကူညီမှု အသင်း (ထားဝယ်မြို့) အဖွဲ့အစည်းအပါအဝင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ 88 မျိုးဆက် ကျောင်းသား များနှင့် အစိုးရ အာဏာပိုင်များကလည်း ထမင်းထုပ်များ သွားရောက် ကူညီခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်ကလည်း မြန်မာတနိုင်ငံလုံး၌ မိုးရွာသွန်းမှုကြောင့် ရခိုင် ပြည်နယ် ဂွမြို့နယ်အတွင်းရှိ ရွာ ၁၀ ရွာခန့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရပြီး စစ်ကိုင်းတိုင်း ကလေးမြို့နှင့် ကလေးဝမြို့နယ် တို့တွင်လည်း လူနေအိမ်များ ရွှေ့ပြောင်း နေရကာ ကလေးမြို့ နည်းပညာ တက္ကသိုလ် ခေတ္တ ပိတ်ခဲ့ရကြောင်း သိရသည်။

Loading