သတင်း

တာလီဘန် ခြိမ်းခြောက်မှု မြန်မာ မွတ်စလင်များ ဆန့်ကျင်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံကို ပါကစ္စတန် နိုင်ငံအခြေစိုက် တာလီဘန် အကြမ်းဖက်အဖွဲ့ Tehreek-e – Taliban (TTP) က ခြိမ်းခြောက်မှု အပေါ် နိုင်ငံအတွင်း နေထိုင်သူ အစ္စလမ် ဘာသာရေး ခေါင်းဆောင်များနှင့် နိုင်ငံရေး ပါတီ ခေါင်းဆောင်များက ဆန့်ကျင်ကြောင်း ပြောဆိုသည်။

TTP အဖွဲ့က ပါကစ္စတန်နိုင်ငံ အနေဖြင့် အစ္စလမ်မာဘတ် မြို့ရှိ မြန်မာသံရုံးကို ပိတ်ပစ်၍ မြန်မာနိုင်ငံနှင့် ဆက်ဆံရေး ဖြတ်တောက်ရမည် ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့မှုများနှင့် ပတ်သက်၍လည်း “သွေးနှင့် လက်စားချေမည်” ဖြစ်ကြောင်း ဇူလိုင် ၂၆ ရက်နေ့က ထုတ်ပြန်ခဲ့ခြင်းကို မြန်မာ ပြည်တွင်းနေ အစ္စလမ် ဘာသာဝင်များက တုံ့ပြန် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“အဲဒီ တာလီဘန်ဆိုတဲ့ အကြမ်းဖက် အုပ်စုတွေကို ကျနော်တို့ လက်မခံဘူး။ သူတို့ကြောင့် သူတို့ရဲ့ လုပ်ဆောင်မှုအပေါ် ဒီမှာ ဖြစ်မယ့် ကိစ္စတွေကိုလည်း အဖြစ်မခံနိုင်ဘူး။ ဒီမှာရှိတဲ့ မွတ်စလင်တွေ ကလည်း သူတို့နဲ့ ဘာမှ မပတ်သက်ဘူး” ဟု မြန်မာ နိုင်ငံလုံး ဆိုင်ရာ အစ္စလမ် ဘာသာရေး အဖွဲ့ကြီး၏ အတွင်းရေးမှူးချုပ် ဦးကျော်စိုးက ပြောသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလမ် ဘာသာရေး အဖွဲ့ကြီးသည် မြန်မာနိုင်ငံအတွင်းရှိ အစ္စလမ် ဘာသာရေး အဖွဲ့ ၅ ဖွဲ့ဖြင့် စုစည်းထားသော အဖွဲ့ဖြစ်သည်။

ပြည်တွင်းရှိ မွတ်စလင် အဖွဲ့များအနေဖြင့် အကြမ်းဖက်မှုကို ရှုတ်ချသကဲ့သို့ ထိုသို့ အကြမ်းဖက်လိုသော အဖွဲ့အစည်း များနှင့်လည်း ပတ်သက်မှု မရှိကြောင်း၊ အလားတူ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပျက်ခဲ့သည့် ပဋိပက္ခများနှင့် ပတ်သက်၍ စိစစ်မှု မရှိသော အချက်အလက်များနှင့် ပြည်ပနိုင်ငံများတွင် ဆန္ဒပြ တောင်းဆိုနေခြင်းကိုလည်း မလိုလားကြောင်း ဦးကျော်စိုးက ပြောသည်။

“ဆန္ဒပြတယ်၊ ဆိုင်းဘုတ်ထောင် တောင်းဆိုတယ်ဆိုတာက သူတို့ တောင်းဆိုချက်တွေ မှန်ချင်မှန်မယ်၊ မှားချင်မှားမယ်။ ဒါပေမယ့် အဲဒါတွေကို ကျနော်တို့ မလိုလားဘူး၊ ပြည်တွင်းကိစ္စကို ပြည်တွင်းမှာပဲ ကျနော်တို့ ရှင်းမှာပါ။ လောလောဆယ် တာဝန် အရှိဆုံးက အစိုးရပါ၊ အစိုးရလည်း လုပ်နေပါတယ်” ဟု သူကဆက်ပြောသည်။

အစ္စလမ် ဘာသာဝင် များနှင့် စုဖွဲ့ထားသော အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ် ပါတီ (NDPD) ဥက္ကဋ္ဌ ဦးလှသိန်း ကလည်း “သူတို့ဘာသာ သူတို့ ခြိမ်းခြောက်တာ ကျနော်တို့ကို ထိခိုက်မှုမရှိပါဘူး၊ ကျနော်တို့က စိတ်မဝင်စားဘူး” ဟု ပြောသည်။

ပြည်သူအများ ဒုက္ခသောက ရောက်စေမည့် မည်သည့် ခြိမ်းခြောက်မှုမျိုးကိုမှ ၎င်းတို့အနေဖြင့် လက်ခံနိုင်မည် မဟုတ်ကြောင်း မြန်မာ မွတ်စလင် အိုလမာ အဖွဲ့ချုပ်ကလည်း ဆိုသည်။

“ကျနော်တို့ ကတော့ ကိုယ့်ပြည်သူတွေ သောကရောက်မှာကို မလိုလားဘူး” ဟု မြန်မာ မွတ်စလင် အိုလမာ အဖွဲ့ချုပ်မှ တာဝန်ရှိသူ တဦးဖြစ်သည့် ဦးရဲနောင်သိန်း က ဧရာဝတီသို့ ပြောသည်။

ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် အကြမ်းဖက်သူများ၏ သတ်ဖြတ်ခြင်း ခံခဲ့ရသော မွတ်စလင် ၁၀ ဦး၏ ဖြစ်ရပ်နှင့် ပတ်သက်၍ ပြည်ထောင်စုအဆင့် ပြည်ထဲရေး ဒု ဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့် အပါအဝင် အာဏာပိုင်အဖွဲ့များ စုပေါင်း၍ ဇွန်လ ၆ ရက်နေ့က စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ခဲ့ခြင်းအပေါ် အစ္စလမ် ဘာသာရေး အဖွဲ့များက ကြိုဆိုခဲ့ကြသည်။

သို့သော်လည်း ထိုသို့ ဖွဲ့စည်းပြီး ဒုတိယမြောက်နေ့တွင် မောင်တောမြို့၌ အစွန်းရောက် မွတ်စလင်များ၏ သွေးဆူ အကြမ်းဖက်ခဲ့မှုကြောင့် မလိုလားအပ်သော ပြဿနာများ ထပ်မံဖြစ်ပွားခဲ့ကြောင်း၊ ထိုပဋိပက္ခ များနှင့် ပတ်သက်၍လည်း အစိုးရက အဓိက ကိုင်တွယ် ဆောင်ရွက်နေကြောင်း ဦးရဲနောင်သိမ်းက ဆက်ပြောသည်။

“တဘက်မှာ အစိုးရက ဖော်ထုတ်ဖို့ စီစဉ်နေတဲ့ အချိန်မှာ ကိုယ်က အစွန်းမရောက်တာ ကောင်းတာပေါ့။ အစွန်းမရောက်ဘဲ သွားပြီး မလုပ်ခဲ့ရင် အဲဒီအဖြေက တော်တော် လှလှပပ ထွက်လာမှာပါ။ အခုတော့ သူတို့က အစွန်းရောက်ပြီး ကလဲ့စားချေတဲ့ ပုံစံ သွားလုပ်တော့ အသတ်ခံရတဲ့ ကိစ္စ ဇွန်လပိုင်းကုန်မှာ ထွက်မယ်ဆိုတဲ့ အဖြေက အခုထိ မသိရှိရဘူး ဖြစ်သွားတယ်” ဟု ဦးရဲနောင်သိမ်းက ဆိုသည်။

ရခိုင်ပြည်နယ် ပဋိပက္ခများကြောင့် ဒုက္ခသည် စုစုပေါင်း ၆ သောင်းကျော် ရှိနေရာ အရေးပေါ် အကူအညီနှင့် ပြန်လည် ထူထောင်ရေး အကူအညီများ လိုအပ်လျက်ရှိကြောင်း နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် မြန်မာ့စက်မှု ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးက ယနေ့ နေ့လယ်တွင် ကျင်းပခဲ့သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောဆိုခဲ့သည်။

အဆိုပါ သတင်းစာ ရှင်းလင်းပွဲကို ရန်ကုန် ပြည်လမ်းရှိ နိုင်ငံခြားရေး ဝန်ကြီးရုံးအဆောက်အအုံတွင် ကျင်းပပြီး ကုလသမဂ္ဂ ဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တာနာ၊ ရန်ကုန်အခြေစိုက် နိုင်ငံတကာ သံရုံးများ၊ကုလသမဂ္ဂ အဖွဲ့အစည်း များနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများမှ အကြီးအကဲများ တက်ရောက်ခဲ့သည်။

သတင်းစာ ရှင်းလင်းပွဲတွင် ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးက ပဋိပက္ခများသည် ဘာသာရေး အစွန်းရောက်များ၏ လှုံ့ဆော်မှု များကြောင့် ဖြစ်ပြီး ရခိုင်နှင့် ဘင်္ဂါလီ လူ့အဖွဲ့အစည်း နှစ်ခုစလုံးသည် ငြိမ်းချမ်းစွာ နေလိုကြကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။

 

Did you find apk for android? You can find new Free Android Games and apps.
Loading