သတင်း

အစိုးရအဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှုစာရင်း ကောက်ပြီ

This article has been converted from Zawgyi One to Unicode

သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တရားသူကြီး ချုပ်များ အပါအဝင် အစိုးရအဖွဲ့ဝင် အားလုံး၏ စီးပွားရေး လုပ်ငန်းနှင့် ပိုင်ဆိုင်မှုများကို သြဂုတ်လ ၁ ရက်နေ့ နောက်ဆုံးထား၍ စာရင်းပြုစု တင်ပြကြရန် အမိန့်တရပ် ညွှန်ကြားထားကြောင်း သတင်းရရှိသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပြည်သူ့လွှတ်တော်အမတ် ဦးဝင်းမြင့်က ဇူလိုင်လ ၂၅ ရက်နေ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် သန့်ရှင်းသော အစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်ရေး ဖြစ်ပေါ်စေရေးအတွက် အစိုးရ အဖွဲ့ဝင်များ အနေဖြင့် ပိုင်ဆိုင်မှုပစ္စည်းများနှင့် အကျိုးစီးပွားများကို ထုတ်ဖော်ကြေညာပြီး မှတ်တမ်းတင်ထားရန် အဆိုကို တင်ပြပြီးနောက် ဇူလိုင်လ ၂၆ ရက်နေ့တွင် သမ္မတဦးသိန်းစိန်၏ အစိုးရအဖွဲ့ဝင်များ အားလုံး စီးပွားရေးလုပ်ငန်းနှင့် ပိုင်ဆိုင်မှုများ စာရင်းပြုစု တင်ပြကြရန် အမိန့်ထွက်ရှိလာခြင်း ဖြစ်သည်။

စီးပွားရေးလုပ်ငန်းနှင့် ပိုင်ဆိုင်မှုများ တင်ပြကြရမည့် အစိုးရ အဖွဲ့ဝင်များတွင် ပြည်ထောင်စု တရားသူကြီးချုပ်နှင့်
ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊
ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေချုပ်များ၊ တရားသူကြီးချုပ်များ၊ တရားသူကြီးများ ပါဝင်သည်ဟု ယင်းအမိန့်စာတွင် ဖော်ပြထားသည်။

ပိုင်ဆိုင်မှုတင်ပြရမည့် စာရင်းတွင် ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများပါဝင်ပြီး ရွှေ့ပြောင်းနိုင်သော
ပစ္စည်းစာရင်းတွင် မော်တော်ယာဉ်၊ စိန်၊ ရွှေ၊ ငွေ၊ ကျောက်သံ ပတ္တမြားနှင့်ဝတ်ဆင်ရန် ရတနာများ၊ စီးပွားရေးလုပ်ငန်း၊
စုဆောင်း ထားရှိသော ငွေပမာဏ၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းစာရင်းတွင် မြေ၊ အိမ်၊ အဆောက်အအုံများ တင်ပြရမည် ဖြစ်ကြောင်း၊ ကြွေးမြီနှင့် အခြားအထွေထွေပိုင်ဆိုင်မှုများရှိပါက လည်း တင်ပြရမည်ဖြစ်ကြောင်း သိရှိရသည်။

ယင်းအမိန့် ထွက်ရှိလာပြီးနောက် အစိုးရအဖွဲ့ဝင်များအကြား မကျေမနပ်ဖြစ်နေကြပြီး ပိုင်ဆိုင်မှုများကို အဖြစ်သဘောသာ တင်ပြရန် လုပ်ဆောင်နေကြကြောင်း အစိုးရအဖွဲ့နှင့် နီးစပ်သူများက ဆိုသည်။

“အမိန့်ထွက်လာတော့ ရုတ်ရုတ်သည်းသည်းပေါ့။ ဘာတွေ တင်ရမှာလဲ၊ ဘယ်လို တင်ရမှာလဲတွေ ဖြစ်ကုန်တယ်။
အခုသိရသမျှတော့ ပိုင်ဆိုင်မှုတွေကို အဖြစ်လောက်ပဲ တင်ကြမယ်လို့ သိထားပါတယ်” ဟု အစိုးရအဖွဲ့နှင့် နီးစပ်သူ တဦးက ပြောသည်။

သမ္မတဦးသိန်းစိန် အစိုးရက မကြာမီ ဝန်ကြီးအပြောင်းအလဲများ ပြုလုပ်မည်ဟု သတင်းထွက်ပေါ်လျက် ရှိရာ ရာထူးမှ
အနားပေး ခံရမည်ဟု သတင်းထွက်နေသော ဝန်ကြီးတချို့သည် ပိုင်ဆိုင်မှုစာရင်းကို အမှန်အတိုင်း တင်ပြရန် အခြေအနေမရှိဟု အစိုးရအဖွဲ့နှင့် နီးစပ်သည့် သတင်းရပ်ကွက်တွင် ပြောဆိုနေကြကြောင်း စုံစမ်းသိရှိရသည်။

Loading