အရင်က အကြောင်းအမျိုးမျိုးကြောင့် Documentary Film၊ Short Film ဆိုတာကို ထိတွေ့မှု နည်းပါးခဲ့တဲ့ မြန်မာနိုင်ငံက လူငယ်တွေအနေနဲ့ နောက်ပိုင်းမှာ စိတ်ဝင်တစား ရှိလာတဲ့အတွက်ကြောင့် Freedom Film Festival (လွတ်လပ်ခြင်း ရုပ်ရှင်ပွဲတော်) ကို လာမယ့် လွတ်လပ်ရေးနေ့မှာ ဒုတိယအကြိမ် ထပ်မံ ကျင်းပတော့မှာပါ။

“ပြီးခဲ့တဲ့ လွတ်လပ်ရေးနေ့က လုပ်ပြီးသွားတဲ့ လွတ်လပ်ခြင်း အနုပညာရုပ်ရှင်ပွဲတော်က အတော့်ကို အောင်မြင်ခဲ့တယ် လို့ ပြောရမှာပေါ့လေ။ အဲဒီအကျိုးဆက်က ဒီနေ့ မြန်မာပြည် လူငယ်တွေက Documentary နဲ့ Short film တွေရိုက်ဖို့ အရမ်း အားသန်လာပြီးတော့ အခုဆိုရင် သင်တန်းပေါင်း မျိုးစုံလည်း ရှိလာတယ်။ ဒီလိုလူငယ်တွေ တက်တက်ကြွကြွ ပါဝင်လာတဲ့အတွက် ဒုတိယအကြိမ် ရုပ်ရှင်ပွဲတော်ကို ထပ်လုပ်ဖို့ စဉ်းစားလာကြတာပါ” လို့ ရုပ်ရှင်ပွဲတော် ဖြစ်မြောက်ရေးအတွက် စီစဉ်သူ လူရွှင်တော် ကိုဇာဂနာက ဧရာဝတီကို ပြောပါတယ်။
အခုတခေါက် ကျင်းပမယ့် ရုပ်ရှင်ပွဲတော်နာမည်ကတော့ မြန်မာ့ ဒီမိုကရေစီကို ကြိုဆိုတဲ့အနေနဲ့ “မင်္ဂလာပါ ဒီမိုကရေစီ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျင်းပမယ်လို့ သူက ဆက်ပြောပါတယ်။
ဒီပွဲတော်မှာ အစိတ်အပိုင်းအားဖြင့် ရုပ်ရှင်ဇာတ်လမ်းတို၊ မှတ်တမ်းရုပ်ရှင်၊ Animation၊ Photo Essay ဆိုပြီး အပိုင်း ၄ ပိုင်း ပါဝင်မှာဖြစ်ပါတယ်။ ဆုပေးပွဲကို ၂၀၁၃ ဇန်နဝါရီလ ၄ ရက်နေ့မှာ ပြုလုပ်သွားမှာပါ။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးနေ့မှာ ကျင်းပခဲ့တဲ့ “လွတ်လပ်ခြင်း အနုပညာရုပ်ရှင်ပွဲတော်” မှာတော့ အကောင်းဆုံး မှတ်တမ်းရုပ်ရှင် (Documentary Film) ဆုကို ဒါရိုက်တာ စိုင်းကျော်ခိုင်ရဲ့ “Click In Fear” ၊ အကောင်းဆုံး မှတ်တမ်းတို ရုပ်ရှင် (Short film) ဆုကို ဒါရိုက်တာမင်းသိုက်ရဲ့ “ကြိုး”၊ အကောင်းဆုံး Animation ဆုကို ဒါရိုက်တာ ဇော်ဘိုဘိုဟိန်းရဲ့ “Unity and Freedom”၊ အကောင်းဆုံး လူငယ် မျက်နှာသစ်ဆုကို အသက် ၁၉ နှစ်အရွယ် ဒါရိုက်တာ အောင်ဇော်မိုးရဲ့ “Still in the dark” တို့က ရရှိသွားပြီး ပရိသတ် အကြိုက်နှစ်သက်ဆုံး ဆုကိုတော့ facebook ပရိသတ်တွေအကြား အလွန် ရေပန်းစားခဲ့တဲ့ ဒါရိုက်တာ ဝိုင်းရဲ့ “အဲဒီအခန်းဖြတ်” ဇာတ်ကားက ရရှိသွားခဲ့ပါတယ်။
ဒီနှစ် ပရိသတ်အကြိုက်နှစ်သက်ဆုံး ဆုကတော့ “အဲဒီ ဂျာနယ်ပိတ်” ဆိုတဲ့ ဇာတ်ကားများ ဖြစ်လေမလား မသိဘူးလို့ မစပ်စု တွေးမိပါတယ်။ မီဒီယာလွတ်လပ်ခွင့် ဆိုတာကို အားလုံး တောင့်တနေတဲ့ အချိန်မှာ မစပ်စုတို့ရဲ့ ပြန်ကြားရေးဝန်ကြီး ဌာနကတော့ ဟိုဂျာနယ်ပိတ်လိုက်၊ ဒီဂျာနယ် ယာယီရပ်လိုက်နဲ့ လုပ်နေတာကိုး။ ဒီနေ့ပဲ The Voice ဂျာနယ်နဲ့ Envoyကို အကန့်အသတ်မရှိ ပိတ်တယ် ဆိုတဲ့ သတင်းတွေ ကြားလိုက်ရလို့ သတိရသွားတာပါ။ လွတ်လပ်ခြင်း ရုပ်ရှင်ပွဲတော်လိုပဲ လွတ်လပ်ခြင်း မီဒီယာ ပွဲတော် ဆိုပြီး လုပ်လိုက်ရရင် ကောင်းမှာလို့ မစပ်စု စဉ်းစားမိပါတယ်။ ဒါက စကားစပ်မိလို့ ပြောကြည့်တာပါ။
ရုပ်ရှင်ပွဲတော် အကြောင်း ပြန်ဆက်ရရင် အဲဒီနေ့မှာပဲ The Art of Freedom Music Festival ပွဲတော်ကိုပါ ကျင်းပ သွားမယ်လို့ သိရပါတယ်။ လွတ်လပ်တဲ့ အတွေးတွေနဲ့ ရေးသားထားတဲ့ သီချင်းတွေကို လွတ်လွတ်လပ်လပ် ယှဉ်ပြိုင်နိုင်မယ့် ပွဲပေါ့။ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်းရဲ့ ဂုဏ်ရည်ကို ပေါ်လွင်အောင် စပ်ဆိုနိုင်တဲ့ တေးသီချင်းတွေနဲ့ ယှဉ်ပြိုင်ရမယ်လို့ သိရပါတယ်။
“ဗိုလ်ချုပ်ရဲ့ ဂုဏ်ရည်ကိုပေါ်လွင်စေတဲ့ သီချင်း ဖြစ်စေချင်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း သီချင်းဆို တခါလာလည်း ရာဇဝင် … အတ္ထုပတ္တိလည်းရှိရမယ် ဆိုတဲ့ သီချင်း တပုဒ်ပဲ ကြားကြား နေရတာကို နည်းနည်း ညည်းငွေ့လာပြီ” လို့ သီချင်း ပြိုင်ပွဲပြုလုပ်ဖြစ်တဲ့ အကြောင်းကို စီစဉ်သူ ကို ဇာဂနာက ရှင်းပြပါတယ်။
ဒီသီချင်းပြိုင်ပွဲမှာ ကြိုက်နှစ်သက်ရာ သီချင်းအမျိုးအစားနဲ့ ပါဝင်ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ် အကောင်းဆုံ မြန်မာသံ သီချင်း၊ အကောင်းဆုံး ခေတ်သစ်သီချင်း ဆိုပြီး အမျိုးအစားခွဲ ဆုချီးမြှင့်သွားမှာပါ။
“ဂီတအမျိုးအစား မခွဲထားပါဘူး။ Hip Hop သမားတွေလည်း ပြိုင်ခွင့်ရှိတယ်။ Punkလည်း ပြိုင်ခွင့်ရှိတယ်။ Rock လည်းပြိုင်ခွင့် ရှိတယ်။ ဂီတဖြစ်နေဖို့ပဲ အရေးကြီးပါတယ်” လို့ ကိုဇာဂနာက ပြောပါတယ်။
သို့ပေမယ့် ကိုယ်တိုင်ရေး ကိုယ်ပိုင်သံစဉ် တေးသီချင်းတော့ ဖြစ်ရမယ်လို့ စည်းကမ်း သတ်မှတ်ထားမှာပါ။
ဒီသီချင်းပြိုင်ပွဲက ဆုရ တေးသီချင်းတွေကိုတော့ ၂၀၁၃ မှာ စတင် ရိုက်ကူးတော့မယ့် ဗိုလ်ချုပ် ရုပ်ရှင်ဇာတ်ကားထဲမှာ
ထည့်သွင်း အသုံးပြုသွားမယ်လို့ သိရပါတယ်။
သီချင်းပြိုင်ပွဲက ဆုရ တေးသီချင်းတွေကို “မင်္ဂလာပါ ဒီမိုကရေစီ” ရုပ်ရှင်ပွဲတော် ဆုပေးပွဲ အခမ်းအနားမှာ ဖျော်ဖြေတင်ဆက် သွားမှာဖြစ်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းအတွက် သီချင်း ပြိုင်ပွဲအနေနဲ့ ကျင်းပတာဟာ ဒါ ပထမဆုံးအကြိမ်လို့ ပြောလို့ရပါတယ်။