နေပြည်တော်မြို့တော်၏ အရှေ့ဘက်ခြမ်းရှိ ပေါင်းလောင်းဆည်ရေ ဖောက်ချမှုမှကြောင့် မြစ်နှင့် အနီးကပ်ဆုံး မြေနိမ့်ပိုင်း ကျေးရွာများရှိ အိမ်ခြေ ၃၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ဇေယျာသီရိမြို့နယ် မီးသတ် ဦးစီးဌာနမှ သိရသည်။
ဆည်ရေဖောက်ချမှုမှ တဆင့် မြစ်ရေလျှံတက်ကာ ဇေယျာသီရီမြို့နယ်အတွင်းရှိ စည်ပင်ကြီးကျေးရွာ၊ ညောင်ပင်ကြီး ကျေးရွာနှင့် ချောင်းကမ်းကြီး ကျေးရွာတို့မှ အိမ်များ၊ အိမ်မွေး တိရစ္ဆာန်များ ရေနစ်မြုပ်ဆုံးရှုံးခဲ့ရပြီး လူဦးရေ ၁၀၀၀ ကျော် ရေဘေးကြုံ နေရခြင်းဖြစ်သည်။
“ရေက တက်နေတာ ဒီနေ့ရောဆိုရင်တော့ နှစ်ရက်ရှိနေပြီ။ အခုထိ ၃ ပေလောက် ရွာထဲမှာ တက်နေတယ်၊ ပြန်မကျသေးဘူး၊ ဒုက္ခသည်တွေတော့ ရေလွတ်တဲ့ နေရာတွေမှာ ရွှေ့ပြောင်းပေးထားတယ်။ စားဝတ်နေရေး အကူအညီတွေ ပေးထားတယ်။ ရေမြုပ်တဲ့ စာသင်ကျောင်း တွေကိုလည်း ပိတ်ထားတယ်” ဟု မြို့နယ်မီးသတ် ဦးစီးအရာရှိ တဦးက ဧရာဝတီသို့ ပြောသည်။
ရေဘေး ဒုက္ခသည်များနှင့် ပတ်သက်၍ ကယ်ဆယ်ရေးနှင့် နေရာချထားရေး၊ စားဝတ်နေရေးနှင့် ဆေးဝါး အကူအညီများကို နေပြည်တော် ကောင်စီဝင် ဗိုလ်မှူးကြီး မြင့်အောင်သန်းနှင့် တပ်အင်အား ၄၀ ကျော်၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ မီးသတ်၊ စည်ပင် အဖွဲ့များအပါအဝင် မြို့ခံ အာဏာပိုင် အဖွဲ့အစည်းများနှင့် လူမှုရေး အသင်းအဖွဲ့များက ကူညီဆောင်ရွက် နေလျှက်ရှိကြောင်း သိရသည်။
အလားတူ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေပြည်တော် ပျည်းမနားမြို့နယ်တွင်းရှိ ကြို့ပင်တန်းကျေးရွာ၊ အင်းသာကျေးရွာ နှင့် သာယာစုကျေးရွာတို့တွင်လည်း အိမ်ခြေ အလုံး ၁၂၀ ကျော် အပါအဝင် ပြောင်း၊ နှမ်းနှင့် စပါးစိုက်ခင်း ဧက ၃၀၀ ကျော် ရေနစ်မြုပ်မှု ကြုံတွေ့နေရကြောင်း အစိုးရထုတ် မြဝတီ သတင်းစာ၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။
“ပျက်စီးဆုံးရှုံးသွားတာတွေကို ဘယ်လို ပြန်လုပ်ပေးမယ် ဆိုတာ လတ်တလော ဘာအတည်ပြုချက်မှ မကြားရသေးပါဘူး၊ စားဝတ်နေရေးနဲ့ ဆေးဝါး ကုသတာတွေကိုတော့ နေပြည်တော် ကောင်စီက ကြီးကြပ်လုပ်ဆောင် ပေးနေပါတယ်” ဟု အထက်ပါ အရာရှိက ပြောသည်။
နေပြည်တော် တပ်ကုန်းမြို့နယ် အတွင်းရှိ ဆင်သေချောင်း ရေကြီးမှုကြောင့် ယခုလ ၂၇ ရက်နေ့က ကျိုးပျက်သွားသော သပြေချောင်း တံတားနှင့် ဝဲကြီးတံတားတို့ကိုလည်း နေပြည်တော် ကောင်စီနယ်မြေ တံတား ဆောက်လုပ်ရေး စီမံကိန်း အထူးအဖွဲ့ (၃) မှ တာဝန်ယူ ဆောင်ရွက်နေကြောင်း သိရသည်။
အလားတူ တနင်္သာရီတိုင်း ထားဝယ်မြို့ပေါ်နှင့် မြို့နယ်တွင်းရှိ ကျေးရွာ တချို့ ရေနစ်မြုပ်မှု ကြုံတွေ့နေရပြီး မြို့ပေါ်ရှိ ကညုံ၊ ကရပ်ပြင် (တောင်)၊ ဘုမ္မော်၊ ရှမ္မလည်ဆွဲနှင့် ရေသီတာ ရပ်ကွက်တို့တွင် ရေနစ်မြုပ်လျှက်ရှိကြောင်း၊ ရေဘေးဒုက္ခသည် ၃၀၀ ကျော်ကို ဘုန်းကြီးကျောင်းနှင့် တခြား ရေဘေးလွတ်ရာ နေရာများသို့ ရွှေ့ပြောင်း ပေးထားရကြောင်း ဒေသခံများက ပြောသည်။
“ဒီမှာရေကြီးနေတာ ဒီနေ့ပါနဲ့ဆို နှစ်ရက်ရှိပြီ။ ရေတက်လာတော့ အိမ်တွင်းပစ္စည်းတွေ၊ အိမ်မွေး တိရစ္ဆာန်တွေတော့ ပါကုန်တာ ပေါ့။ လောလောဆယ် ကျနော်တို့ NLD အပါအဝင် အစိုးရအဖွဲ့တွေ၊ လူမှုရေးအဖွဲ့တွေက ကူညီရေးတွေ လုပ်နေပါတယ်” ဟု NLD ပါတီဝင်တဦးက ပြောသည်။
မကြာသေးခင် ရက်ပိုင်းကလည်း ကရင်ပြည်နယ် ဘားအံမြို့၊ ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့၊ ကချင်ပြည်နယ် ဖားကန့်မြို့၊ ပဲခူးတိုင်း တောင်ငူမြို့၊ ရှမ်းပြည်နယ် တောင်ပိုင်း ကျိုင်းတုံမြို့နယ် တို့တွင် မိုးများ၍ ရေကြီးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
သံလွင်မြစ်ရေသည် တနင်္ဂနွေနေ့ မွန်းလွဲပိုင်းတွင် တိုင်းထွာချက်အရ ဘားအံမြို့တွင် ၇၈၀ စင်တီမီတာသို့ ရောက်ရှိ နေကြောင်း၊ စိုးရိမ်ရေမှတ် အထက် ၃၁ စင်တီမီတာ (၁ ပေခန့်) ကျော်လွန်နေခြင်း ဖြစ်ကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာတွင် ဖော်ပြထားသည်။
၄၈ နာရီအတွင်း ၎င်းမြို့၏ စိုးရိမ်ရေမှတ်သည် ၇၅၀ စင်တီမီတာ အထက်တွင် ရှိနေမည်ဖြစ်ပြီး ကမ်းရိုးတန်းဒေသများတွင် မိုးသက် လေပြင်းများ ကျရောက်ကာ ပြည်နယ်နှင့်တိုင်း ၁၄ ခုစလုံးတွင် မိုးထစ်ချုန်း ရွာမည်ဟုလည်း မိုးလေဝသနှင့် ဇလဗေဒ ဝန်ကြီးဌာနက ခန့်မှန်းထားသည်။