အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံအကြား ၂ နိုင်ငံ သံတမာန်ဆက်ဆံရေး နဂိုအတိုင်း ပြန်ကောင်းလာနေတုန်းမှာပဲ မြန်မာနိုင်ငံမှာ ဘာသာရေးအရ ကန့်သတ်ချုပ်ချယ်မှုတွေ ရှိနေဆဲလို့ ထည့်သွင်းရေးသား ထားတဲ့ ၂၀၁၁ နိုင်ငံတကာ ဘာသာရေးလွတ်လပ်မှုအစီရင်ခံစာ (International Religious Freedom Report for 2011 – IRFR) ကို အမေရိကန် နိုင်ငံခြားရေးဌာနက ထုတ်ပြန်လိုက်ပါတယ်။
မြန်မာအစိုးရအနေနဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေကို အတိုင်းအတာတခုအထိ အကောင်အထည်ဖော်ခဲ့ပေမယ့် ဘာသာရေးလွတ်လပ်ခွင့်ကို လေးစားတဲ့အပိုင်းမှာရော ကာကွယ်တဲ့အပိုင်းမှာပါ တိုးတက်မှု မတွေ့ရဘူးလို့ မနေ့က ထုတ်ပြန်တဲ့ အဲ့ဒီအစီရင်ခံစာထဲမှာ ရေးသားထားပါတယ်။
ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေရဲ့ နိုင်ငံတွင်း လူ့အခွင့်အရေးအခြေအနေတွေ တိုးတက်လာဖို့နဲ့ နိုင်ငံရေး ပြု ပြင်ပြောင်းလဲမှုတွေ ပိုမိုလုပ်ဆောင်ဖို့ ကြိုးပမ်းအားထုတ်မှုတွေကို မြန်မာအစိုးရက ဆက်လက် ကန့်သတ် ချုပ်ချယ်ထားခဲ့တဲ့အပြင် မွတ်ဆလင်တွေရဲ့ လှုပ်ရှားမှုတွေကိုလည်း အနီးကပ် ဆက်လက် စောင့်ကြည့်ခဲ့တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။ ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ လူနည်းစုတွေရဲ့ ယုံကြည်ကိုးကွယ်မှုအပေါ်မှာလည်း စည်းမျဉ်းတင်းကျပ်မှုတွေ ဆက်လက်ရှိနေတယ်လို့ ဆိုပါတယ်။
ဒီအစီရင်ခံစာကို အမေရိကန်ပြည်ထောင်စုဆိုင်ရာ မြန်မာနိုင်ငံသံအမတ်သစ် ဦးသန်းဆွေက သမ္မတ ဘားရက် အိုဘားမားကို အိမ်ဖြူတော်မှာ သူရဲ့ သံအမတ်ခန့်အပ်လွှာ ပေးအပ်ချိန်နဲ့ တချိန်တည်းလောက်မှာပဲ ထုတ်ပြန်ခဲ့တာပါ။
ဦးသန်းဆွေဟာ အမေရိကန်ပြည်ထောင်စုဆိုင်ရာ မြန်မာနိုင်ငံသံအမတ်အဖြစ် ၈ နှစ်အတွင်း ပထမဆုံးအကြိမ် စတင် တာဝန်ထမ်းဆောင်ရသူဖြစ်ပါတယ်။ သူမတိုင်ခင် ၁၇ ယောက်မြောက် သံအမတ်အဖြစ်တာဝန်ယူသွားသူက ဦးလင်းမြိုင်ဖြစ်ပြီး ၂၀၀၄ ခုနှစ်ကစလို့ မြန်မာအစိုးရက ဝါရှင်တန်ဒီစီမှာ သံအမတ်အစား စစ်သံမှူးပဲ ခန့်အပ်ခဲ့တာပါ။
အမေရိကန်လွှတ်တော်ရဲ့ခွင့်ပြုချက်နဲ့ နှစ်စဉ် ထုတ်ပြန်တဲ့ IRFR မှာ လတ်တလော ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအကြောင်းကိုလည်း ထည့်သွင်းရှင်းပြခဲ့ပါတယ်။
IRFR ရဲ့ မြန်မာပြည်ကဏ္ဍမှာဆိုရင် နိုင်ငံထဲမှာရှိတဲ့ မွတ်စလင်တွေကို ဘာသာရေးအရ ကန့်သတ်ချုပ်ချယ်မှုတွေ ရှိတဲ့အကြောင်း ထောက်ပြထားပါတယ်။ နိုင်ငံတဝှမ်းမှာရှိတဲ့ မွတ်စလင်တွေ၊ ပြီးတော့ တရုတ်နဲ့ အိန္ဒိယလူမျိုးတွေ ဟာ သူတို့မြို့တွေကနေ အပြင်ထွက်မယ်ဆိုရင် မြို့နယ်အာဏာပိုင်တွေဆီမှာ ခွင့်ပြုချက်ယူရလေ့ရှိတယ်လို့လည်း အစီရင်ခံစာထဲမှာ ရေးထားပါတယ်။
“ရခိုင်ပြည်နယ်မှာနေတဲ့ ရိုဟင်ဂျာနဲ့ တခြားမွတ်စလင်တွေ ဘာကိစ္စနဲ့ပဲဖြစ်ဖြစ် ခရီသွားမယ်ဆိုရင် အာဏာပိုင်တွေ က ခွင့်မပြုဘဲ ငြင်းလေ့ရှိတယ်၊ ဒါပေမယ့် တခါတလေမှာ လာဘ်ထိုးပြီး ခွင့်ပြုချက်ယူလို့ရတယ်။ တခြားဒေသတွေမှာ ရှိတဲ့ မွတ်စလင်တွေက ပိုလွတ်လွတ်လပ်လပ်နဲ့ ခရီးသွားလိုပေမယ့် ကန့်သတ်ချုပ်ချယ်မှုတွေနဲ့ ကြုံနေရဆဲပဲ။ ဥပမာ – ရန်ကုန်နေတဲ့က ရိုဟင်ဂျာတွေဆိုရင် ရခိုင်ပြည်ထဲကို အဝင်အထွက်လုပ်ဖို့ လဝကအရာရှိတွေဆီက ခွင့်ပြုချက် လိုတယ်” လို့ အစီရင်ခံစာက ဆိုပါတယ်။
“ရခိုင်ပြည်နယ်မှာရှိတဲ့ မွတ်စလင်တွေ အထူးသဖြင့် လူနည်းစုဖြစ်တဲ့ ရို ဟင်ဂျာတွေဟာ ဥပဒေကြောင်းအရ၊ စီးပွားရေးအရ၊ ပညာရေးအရနဲ့ လူမှုရေးအရ အဆိုးဆုံး ခွဲခြားဆက်ဆံမှုတွေနဲ့ ဆက်လက်ကြုံတွေ့နေရဆဲဖြစ်တယ်။ မွတ်စလင်တွေ ပြည်နယ်အပြင်မှာ ဆေးထွက်ကုဖို့ ကျန်းမာရေးဝန်ကြီးဌာနက ခွင့်ပြုချက်ရအောင် ဗုဒ္ဓဘာသာဝင် ဆရာဝန်တွေက ထောက်ခံစာမရေးပေးဘူးဆိုတဲ့ အစီရင်ခံစာတွေလည်း ရှိတယ်” လို့ ပြောပါတယ်။
မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ် ငြင်းဆန်ခဲ့တယ်၊ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေမှာ ပြဌာန်း ထားတဲ့အတိုင်း သူတို့ရဲ့ ဘိုးဘေးဘီဘင်တွေက မြန်မာနိုင်ငံကို ဗြိတိသျှအုပ်ချုပ်တဲ့ ကာလအစမှာ နိုင်ငံထဲ ဝင်ရောက် အခြေချခဲ့တာမဟုတ်တဲ့အတွက် အခုလို ငြင်းဆန်တာဖြစ်တယ်လို့ ဒီအစီရင်ခံစာအရ သိရပါတယ်။
ရိုဟင်ဂျာတွေဟာ နိုင်ငံသားမဖြစ်တဲ့အတွက် အစိုးရကျောင်းတွေမှာ အလယ်တန်းနဲ့ အထက်တန်းအဆင့် ဆက်လက် သင်ယူခွင့်မရှိဘူးလို့ အစီရင်ခံစာက ဆိုပါတယ်။ ဒါ့ပြင် ရခိုင်ပြည်နယ်မှာ အထက်တန်းအောင်တဲ့ မွတ်စလင်တွေ အနေနဲ့လည်း ကောလိပ် ဒါမှမဟုတ် တက္ကသိုလ်တက်ဖို့ ပြည်နယ်ပြင်ပကို ခရီးသွားခွင့်မရဘူးလို့ ဆိုပါတယ်။
နိုင်ငံတကာဘာသာရေးလွတ်လပ်မှု အက်ဥပဒေအရ အမေရိကန်အစိုးရက မြန်မာနိုင်ငံကို စိုးရိမ်စရာနိုင်ငံတခု (Country of Particular Concern) အဖြစ် ၁၉၉၉ ခုနှစ်ကတည်းက သတ်မှတ်ခဲ့တာပါ။
ဒီအတောအတွင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါ (Marty Natalegawa) ကလည်း အင်ဒိုနီးရှား နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်တာတွေနဲ့ပတ်သက်ပြီး အနီးကပ်စောင့်ကြည့်နေတယ်၊ ဘာဖြစ်လို့လည်းဆိုတော့ မွတ်စလင်အများစုနေထိုင်တဲ့ သူတို့နိုင်ငံထဲမှာလည်း ဒီကိစ္စအပေါ် စိုးရိမ်မှုတွေ တစ ထက်တစ ပိုမြင့်လာနေလို့ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။
“ကျနော့်တို့ ရပ်တည်ချက်က ရှင်းပါတယ်။ ခွဲခြားဆက်ဆံမှုဆိုတာကို ဘယ်သူ့ကိုပဲလုပ်လုပ် ဘယ်နေမှာပဲလုပ်လုပ် ကျနော်တို့ ဆန့်ကျင်ပါတယ်။ ဒီလိုဆက်ဆံမှုမျိုးကို ကျနော်တို့သီးမခံနိုင်ပါဘူး၊ ဒါကြောင့် မြန်မာနိုင်ငံဟာ ဒီမိုကရေစီ ဖော်ဆောင်ရေးဆီ ဦးတည်နေတာမို့ မြန်မာအစိုးရအနေနဲ့ ဒီကိစ္စကို စနစ်တကျ ကိုယ်တွယ်ဆောင်ရွက်သွားဖို့ ကျနော် တို့ တိုက်တွန်းနေတာပါ” လို့ သူက ဆိုပါတယ်။
တချိန်တည်းမှာ ၅၇ နိုင်ငံပူးပေါင်းဖွဲ့စည်းထားသော အစ္စလမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Islamic Cooperation Organization)ကလည်း ရခိုင်အရေးမှာ ဒုက္ခရောက်သူ ရိုဟင်ဂျာတွေကို ကူညီပံ့ပိုးကြဖို့ တိုက်တွန်းလိုက်ပါတယ်။ အဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး အက်မီလဒ်ဒင် အီစန်နော့ဂ်လူးက မြန်မာနိုင်ငံမှာ သံရုံးဖွင့်ထားတဲ့ အဖွဲ့ဝင်နိုင်ငံများအနေနဲ့ ရိုဟင်ဂျာများအပေါ် ပြုမူဆက်ဆံမှုတွေ ပိုကောင်းမွန်လာဖို့ မြန်မာအစိုးရကို တောင်းဆိုကြဖို့ ဆော်ဩထားပါတယ်။
အစ္စလမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အနေနဲ့ လာမယ့်သောကြာနေ့ကျရင် မလေးရှားမြို့တော် ကွာလာလမ်ပူမှာ ရခိုင်ဒေသက ဒုက္ခရောက်နေတဲ့ ရိုဟင်ဂျာတွေကို ကူညီဖို့ လမ်းစရှာဖို့နဲ့ အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးကြတဲ့ ဒုက္ခသည်တွေကိစ္စ ဆွေးနွေးရကြမှာဖြစ်ပြီး ဩဂုတ် ၁၄၊ ၁၅ ရက်တွေမှာ ဆော်ဒီအာရေးဗျနိုင်ငံ မက္ကာမြို့မှာ ကျင်းပမယ့် အဖွဲ့ထိပ်သီး အစည်းအဝေးမှာလည်း ဆွေးနွေးကြမယ်လို့ သိရပါတယ်။