မြန်မာနိုင်ငံမြောက်ပိုင်း အပါအဝင် အိန္ဒိယအရှေ့မြောက်၊ နီပေါ၊ တရုတ်နိုင်ငံ အနောက်ပိုင်းနှင့် အရှေ့ပိုင်း စသည့် ဒေသများ၌ မိုးအားကောင်းသည့်အတွက် မြန်မာနိုင်ငံ မြစ်ချောင်းများတွင် ရေကြီးရေလျှံ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ပညာရှင် ဒေါက်တာ ထွန်းလွင် က ဆိုသည်။
“ရာသီဥတု ဖောက်ပြန်တာတော့ မဟုတ်ဘူး၊ တကမ္ဘာလုံးမှာ မိုးအကောင်းဆုံးက အာရှတိုက်ဖြစ်နေတယ်၊ ဒီနှစ် ထူးခြားတာတော့ ရေကြီးတဲ့ဒေသတွေက လတ္တီကျူ အမြင့်ပိုင်းတွေမှာပဲ၊ ဒါကြောင့် မြန်မာပြည်မြောက်ပိုင်းကတော့ မိုးပိုရွာတာပေါ့”ဟု ၎င်းက ဆို သည်။
မိုးဦးကျဝင်ရောက်သည့် မုတ်သုန်လေဦးမှာ ကချင်ပြည်နယ်အတွင်း ရှိနေသည့်အတွက် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင် နေ့စဉ် မိုးရွာသွန်းမှုများ ရှိကြောင်း၊ ထိုကြောင့် ဧရာဝတီ၊ ချင်းတွင်း စသည့် မြစ်များတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်နိုင်ပြီး အနိမ့်ပိုင်း ကျသည့် ဒေသများနှင့် လယ်ယာများ ရေနစ်မြုပ်မှု ဖြစ်ပေါ်နိုင်ကြောင်း ဦးထွန်းလွင်က ရှင်းပြသည်။
ပြီးခဲ့သည့်ရက်ပိုင်းက ရှမ်းပြည်အရှေ့ပိုင်း မိုင်းလား၊ ကျိုင်းတုံ ဒေသများ၊ ရှမ်းပြည်မြောက်ပိုင်း လာရှိုးမြို့နယ်များနှင့် နေပြည်တော် ဒေသများ၌ ရေကြီးရေလျှံ ဖြစ်ပွားခဲ့သည်။
အစိုးရ မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနကလည်း မြန်မာပြည်မြောက်ပိုင်းတွင် မိုးပိုမိုလာနိုင်ပြီး စစ်ကိုင်းတိုင်း၊ ကချင် ပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင်လည်း မိုးရွာနိုင်ကြောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ် အော် တို့တွင် မုတ်သုန်လေ အားကောင်းနေကြောင်း ယနေ့ထုတ် မြန်မာ့ အလင်း သတင်းစာတွင် ဖော်ပြထားသည်။
စစ်တောင်း၊ သံလွင်နှင့် ရွှေကျင် မြစ်ရေတို့သည်လည်း ၄၈ နာရီ အတွင်း စိုးရိမ်ရေအမှတ်အထက် ရောက်ရှိနိုင်၍ မြစ်ရေကြီးမှု ကြိုတင်သတိပေးချက်ကိုလည်း ထုတ်ပြန်ထားသည်။ သံလွင်မြစ်ရေကြောင့် ဘားအံမြို့ရှိ အမှတ် ၁၊ ၂၊ ၅ စသည့် အနိမ့်ပိုင်း ရပ်ကွက် များကို ကြိုတင်ရွှေ့ပြောင်းမှုများ ပြုလုပ်ခဲ့သည်ဟုလည်း အစိုးရ သတင်းစာက ဆိုသည်။
မုန်တိုင်းသတိပေးချက်နှင့်ပတ်သက်၍မူ ဒေါက်တာထွန်းလွင်က ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ်ပေါ်မှုအခြေအနေ မရှိသေး ကြောင်း ပြောဆိုသည်။
“သြဂုတ်၊ စက်တင်ဘာကတော့ မုန်တိုင်းဖြစ်လည်း မြန်မာပြည်ကို မဝင်ဘူး၊ အောက်တိုဘာကတော့ စိုးရိမ်ရတယ်”ဟု ၎င်းက ဆို သည်။
ယခင်နှစ် အောက်တိုဘာလက ရခိုင်ပြည်နယ်၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းအတွင်းဝင်ရောက်ခဲ့သည့် မုန်တိုင်းကြောင့် ပခုက္ကူမြို့ ရှိ ရွှေချောင်းကြီး ရေလျှံကာ လူပေါင်း တရာကျော် သေဆုံး၊ ပျောက်ဆုံးမှုများ ဖြစ်ပေါ်ခဲ့သည်။
စစ်အစိုးရလက်ထက်၌ ဆည်မြောင်းတာတမံများ အမြောက်အမြားဆောက်လုပ်ခဲ့ရာ မိုးဆက်တိုက် ရွာသွန်းလျှင် ၎င်း ဆည်များမှ ရေပိုရေလျှံများကို ဖောက်ထုတ်မှုကြောင့် လယ်ယာစိုက်ခင်းများ၊ လူနေအိမ်များ ရေနစ်မြုပ်မှု နှစ်စဉ်ဖြစ်ပွားခဲ့သည်၊ ထို့အတွက် မလိုအပ်သည့် ဆည်မြောင်းတာတမံများကို ဖျက်သိမ်းပေးရန် ဆန္ဒပြတောင်းဆိုမှုများလည်း ဖြစ်ပေါ်ခဲ့သည်။
ပြီးခဲ့သည့် ရက်ပိုင်းက နေပြည်တော် အရှေ့ဘက်ခြမ်းရှိ ပေါင်းလောင်းဆည်ရေ ဖောက်ချမှုကြောင့် ဇေယျာသီရီမြို့နယ်အတွင်းရှိ စည်ပင်ကြီးကျေးရွာ၊ ညောင်ပင်ကြီး ကျေးရွာနှင့် ချောင်းကမ်းကြီး ကျေးရွာတို့မှ အိမ်များ၊ အိမ်မွေး တိရစ္ဆာန်များ ရေနစ်မြုပ် ဆုံးရှုံးခဲ့ရပြီး လူဦးရေ ၁၀၀၀ ကျော် ရေဘေး ကြုံကြရသည်။
ဆည်မြောင်းတာတမံများအကြောင်း လေ့လာနေသည့် EcoDev အဖွဲ့ အမှုဆောင် ဒါရိုက်တာ တဦးဖြစ်သူ ဦးဝင်းမျိုးသူက မြန်မာ နိုင်ငံရှိ ဆည်အများစုမှာ လယ်ယာစိုက်ပျိုးရေးအတွက် တည်ဆောက်ထားသည်ဆိုသော်လည်း ရေပေးဝေနိုင်မှု အင်မတန် နည်းပါး ကြောင်း၊ ဒေသတွင်း အကျိုးမရှိသည့်အတွက် ထိန်းသိမ်းရေးတွင် ပြည်သူလူထု၏ ပူးပေါင်း ပါဝင်မှု မရရှိသည့်အပြင် အစိုးရကလည်း ထိန်းသိမ်းမှု ကဏ္ဍတွင် ငွေကြေးသုံးစွဲမှုနည်းပါးကြောင်း ထောက်ပြပြောဆိုသည်။
“လယ်ရေမပေးနိုင်တဲ့ ဆည်တွေအများကြီး အကျိုးသက်ရောက်မှုနည်းတယ်၊ နည်းရခြင်းက ဆည်ပုံစံနဲ့ပတ်သက်ပြီး ဘယ်လောက် မှန်ကန်လဲ၊ လိုအပ်လို့ဆောက်တာလား မလိုအပ်ဘဲနဲ့ ဆောက်တာလားဆိုတာလည်း စဉ်းစားဖို့လိုတယ်”ဟု ၎င်းက ဆိုသည်။
ထို့အပြင် ရေဝေရေလဲဒေသများတွင် သစ်ခုတ်မှုများရှိနေခြင်းကြောင့် ပတ်ဝန်းကျင်ဒေသ ပျက်စီးပြုန်းတီးပြီး ဆည်ကိုထိခိုက်နိုင် ကြောင်း ကိုဝင်းမျိုးသူ က ဆက်ပြောသည်။
ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ် ပဲခူးရိုးမ အခြေရှိ ငမိုးရိပ် ရေလှောင်တမံ ဆောက်လုပ်ရန် လမ်းပန်းဖောက်လုပ်ခြင်းမှ စတင်ကာ ဒေ သတွင်းသစ်တောများကို ခုတ်ထွင်ခဲ့ကြောင်း၊ ထိုအကျိုးဆက်အဖြစ် ယခုအခါ ငမိုးရိပ်ဆည်သည် နုန်း ထုတ်မှုပိုမိုများပြာလာ သည့်အတွက် ရေလှောင်နိုင်မှုပမဏာ လျော့ကျသွားကြောင်းလည်း ဦးဝင်းမျိုးသူ ထောက်ပြ ဝေဖန်သည်။