သတင်း

မြန်မာစစ်တပ်ကို အိန္ဒိယ ကူမည်

This article has been converted from Zawgyi One to Unicode

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အိန္ဒိယသို့ ရောက်နေစဉ် အိန္ဒိယအစိုးရက အိမ်နီးချင်းမြန်မာနိုင်ငံကို စစ်ရေးအရ ကူညီမှုများ တိုးမြှင့်ပေးအပ်ရန်ဆုံးဖြတ်လိုက်သည်။

“မဟာဗျူဟာကျသော လှုပ်ရှားမှုတရပ်အဖြစ် မြန်မာစစ်တပ်ကို သင်တန်းများတိုးမြှင့်ပေးရန်နှင့် လက်နက်မဟုတ်သော စစ်သုံးပစ္စည်းများပေးအပ်ရန် အိန္ဒိယက ဆုံးဖြတ်လိုက်သည်” ဟု အိန္ဒိယသတင်းစာ ဟင်ဒူစတန်တိုင်းမ် ရေးသားထားသည်။

မြန်မာစစ်တပ်တွင် အသုံးပြုရန်အတွက် တောတွင်းသုံး မြေထိုး၊ မြေကော်စက်များနှင့် အခြားအသုံးအဆောင်များကိုလည်း ပေးအပ်မည်ဟု ဆိုသည်။

အိန္ဒိယအနေဖြင့် နှစ်နိုင်ငံ နယ်စပ်ဒေသရှိ အိန္ဒိယခွဲထွက်ရေးသူပုန်အဖွဲ့များကို အပြီးတိုင် ခြေမှုန်းလိုနေရာ နယ်စပ်ဒေသလုံခြုံရေးအတွက် နှစ်နိုင်ငံပူးပေါင်းလုပ်ဆောင်ရေးကို တိုးမြှင့်လိုကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။

အိန္ဒိယ အရှေ့မြောက်နယ်စပ် အာသံနှင့် မဏီပူရ် ပြည်နယ်များရှိ သူပုန်များ မြန်မာနယ်အတွင်း အခြေစိုက်ကြသည်ဟု အိန္ဒိယဘက်မှ ယုံကြည်နေသည်။

ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ သြဂုတ်လ ၁ ရက်နေ့ ညနေကရောက်ရှိနေရာ ၎င်း၏ တပတ်ကြာခရီးစဉ်အတွင်း အိန္ဒိယ ကာကွယ်ရေးဝန်ကြီး၊ အိန္ဒိယ ကြည်း၊ ရေ၊ လေ တပ်မှ ဦးစီးချုပ်များနှင့် တွေ့ဆုံမည်ဟု သိရသည်။

သူ၏ခရီးစဉ်သည် အစိုးရသစ်လက်ထက် ကာကွယ်ရေးဦးစီးချုပ်၏ ပထမဆုံးသော အိန္ဒိယခရီးစဉ်ဖြစ်သည်။

၎င်းသည် ယမန်နေ့က ဗုဒ္ဓဂယာသို့ သွားရောက်ခဲ့ပြီး ယနေ့တွင် နယူးဒေလီမြို့ရှိ အိန္ဒိယအာဇာနည်များ အထိမ်းအမှတ် မှတ်တိုင် India Gate တွင် ပန်းခွေချ ဂါရဝပြုခဲ့သည်။

၎င်းသည် ကာလ်ကတ္တားမြို့နှင့် ဗီဆက်ခပက်နမ် မြို့များရှိ အိန္ဒိယအရှေ့ပိုင်းဆိုင်ရာ ကြည်းတပ်ဦးစီးဌာန၊  ရေတပ်ဦးစီးဌာနများသို့ သွားရောက်မည်ဖြစ်သည်။

ထို့အပြင် ဘန်ဂလောမြို့ရှိ အိန္ဒိယ ကာကွယ်ရေးဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (DRDO) ၏ သုတေသန ဓာတ်ခွဲခန်းများသို့ သွားရောက်လေ့လာမည်ဟု သိရသည်။

အိန္ဒိယသည် ၁၉၉၀ မှစ၍ မြန်မာနိုင်ငံနှင့် စစ်ရေးအရဆက်ဆံရေးများကို တိုးမြှင့်လုပ်ဆောင်နေရာ နှစ်နိုင်ငံ ရေတပ်များ ပူးပေါင်းစစ်ရေးလေ့ကျင့်ခြင်း၊ နယ်စပ်ဒေသ လုံခြုံရေးအတွက် ၆ လတကြိမ် နယ်စပ်ဒေသများတွင် ဆွေးနွေးပြောဆိုခြင်း၊ တောတွင်း ပြောက်ကျား စစ်ဆင်ရေးအတွက် မြန်မာစစ်သည်များကို ခေါ်ယူသင်တန်းပေးခြင်း၊ တောတွင်း သွားလာရေးသုံး ယာဉ်များ၊ မြေထိုးမြေကော် စက်များ ပေးအပ်ခြင်း၊ စစ်ဆင်ရေးသုံး စက်ပစ္စည်းများနှင့် နည်းပညာသုံးပစ္စည်းများ ပေးအပ်ခြင်း၊ ထူးချွန် မြန်မာစစ်သည်များအား အိန္ဒိယသို့ခေါ်ယူ၍ သတင်းနှင့်နည်းပညာ သင်တန်းများ သင်ကြားပို့ချပေးခြင်းများ ရှိသည်။

Loading