မြန်မာ့သွင်းကုန် ပိတ်ဆို့မှု ဥပဒေတရပ်ကို အမေရိကန် လွှတ်တော် ၂ ရပ်က နောက်ထပ် သက်တမ်းတိုးခဲ့ပြီး ယခုအခါ သမ္မတ ဘား ရက်အိုဘားမားက ဥပဒေ အသက်ဝင်ရန် လက်မှတ်ရေးထိုး ရန်သာရှိကြောင်း သတင်းရရှိသည်။

ယခု ဥပဒေသည် လွန်ခဲ့သည့် ဇူလိုင်လ ၂၈ ရက်နေ့က သက်တမ်း ကုန်ဆုံးခဲ့သည့် မြန်မာနိုင်ငံ လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီ အက်ဥပဒေပေါ်တွင် အခြေခံထားပြီး သက်တမ်း ၃ နှစ်ရှိသော်လည်း ယခု ပြန်လည် အတည်ပြုရာတွင် လွှတ်တော် များက မြန်မာ့အရေး နှစ်စဉ် ပြန်လည် သုံးသပ်နိုင်ရန်နှင့် သမ္မတ၏ လုပ်ပိုင်ခွင့်ဖြင့် ဥပဒေကို ယာယီ ဖယ်ရှားနိုင်သည့် လုပ်ပိုင်ခွင့်များ ပါရှိကြောင်း သိရသည်။
မြန်မာ့ဒီမိုကရေစီရေး အခိုင်အမာ ထောက်ခံသူ ရီပတ်ပလီကန် ပါတီ ခေါင်းဆောင် အထက်လွှတ်တော်အမတ် မစ်ချ် မက္ကောနဲလ်က ယခုဥပဒေကြောင့် အမေရိကန်၏ မြန်မာပြည်တွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံရေးနှင့် ငွေကြေးဆိုင်ရာ ဒဏ်ခတ်ပိတ်ပင်မှု လျှော့ချရေးတို့ကို ထိခိုက်မည် မဟုတ်ဟု ဆိုသည်။
မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများ ဆက်လက် လုပ်ဆောင်ချက်အပေါ် အခြေခံပြီး အိမ်ဖြူတော်အနေဖြင့် ဆိုင်းငံ့နိုင်သည့် လုပ်ပိုင်ခွင့်ကို ယခု ဥပဒေက ပေးအပ်ထားသော်လည်း ဆုံးဖြတ်ချက်မချခင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ထံမှ အကြံဉာဏ်ရယူသင့်ကြောင်းလည်း မစ်ချ် မက္ကောနဲလ်က ပြောဆိုသည်။
မြန်မာ့ဒီမိုကရေစီအရေး အလေးပေး ဆောင်ရွက်နေကြသည့် ဒီမိုကရက် အမတ်များကလည်း ယခုကဲ့သို့ သက်တမ်း တိုးလိုက်ခြင်းအပေါ် ကြိုဆိုကြပြီး တဖက်တွင်လည်း မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှုကို အားပေးကြောင်း၊ ယခုကဲ့သို့ သက်တမ်းတိုးပြီး ဒဏ်ခတ်မှု ဥပဒေကို ဆက်လက်ထားရှိခြင်းက ပြုပြင်ပြောင်းလဲရေးကို ဆက်လက် လုပ်ဆောင်စေ ရန် ဖိအားပေးသည့် သဘောဖြစ်ကြောင်း ပြောဆိုကြသည်။
“ကျနော်တို့ဟာ အခုလို ပြုလွယ်ပြင်လွယ်ရှိတဲ့ လုပ်ဆောင်မှုအသစ်တွေအတွက် လမ်းဖွင့်ထားချိန်မှာပဲ ဖိအားပေးတဲ့ သဘောနဲ့ ဆက်လက်ပြီး ဥပဒေကိုဆက်ထားရှိတာဟာ ကျနော်တို့အနေနဲ့ မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှုတွေကို အခိုင်အမာ ဆက်လက် ကူညီနေမယ်ဆိုတဲ့ သင်္ကေတအဖြစ် ဖော်ပြလိုက်တာလည်းဖြစ်ပါတယ်” ဟု ဒီမိုကရက်တစ် ပါတီ အမတ် တဦးဖြစ်သူ ဂျိုးခရိုလေး က ဆိုသည်။
သူက ဆက်လက်ပြီး ဥပဒေ ဆက်လက်ရှိနေသည့်အတွက် မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသားများ အားလုံး ခြွင်း ချက်မဲ့ အမြန်လွတ်ရေး၊ ကချင်နှင့် ရခိုင်ဒေသအပါအဝင် နိုင်ငံ တဝှမ်းလုံး၏ လူ့အခွင့်အရေးမှတ်တမ်းများ တိုးတက် ရေးအတွက် အမေရိကန်က ဆက်လက်ရပ်တည်နေမည်ဖြစ်ကြောင်း ပြောသည်။
မြန်မာ စီးပွားရေး လုပ်ငန်းရှင်များကမူ အဆိုပါ အမေရိကန်၏ မြန်မာနိုင်ငံမှ သွင်းကုန် တားမြစ် ပိတ်ပင်သည့် ဥပဒေ တည်ရှိနေသည့်အတွက် မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် အခက်အခဲများ ရှိနေဆဲဟု ပြောဆိုကြသည်။
အမေရိကန် ကုမ္ပဏီကြီးများ မြန်မာနိုင်ငံ၌ လာရောက်ရင်းနှီးမြှုပ်နှံခွင့်နှင့် ကုန်သွယ်ခွင့်ကို အမေရိကန်အစိုးရက ခွင့်ပြုခဲ့ သော်လည်း မြန်မာပို့ကုန်များ တင်ပို့ခွင့်ကို ဆက်လက် တားမြစ်ထားသည်မှာ မမျှတကြောင်း၊ နှစ်နိုင်ငံ ကုန်သွယ်ရေး၌ အပြန်အလှန် သဘော မသက်ရောက်သည့်အတွက် ပယ်ဖျက်ပေးရန် လိုကြောင်း UMFCCI ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောသည်။
သို့ရာတွင် အမေရိကန်နိုင်ငံနှင့် ကမ္ဘာ့အလုပ်သမား အဖွဲ့ (ILO) တို့ ထောက်ပြ ပြောဆိုနေသကဲ့သို့ လယ်မြေ အဓမ္မသိမ်းဆည်းမှု၊ လူ့အခွင့်အရေး ချိုးဖောက်မှု၊ အဓမ္မ လုပ်အားပေးခိုင်းစေမှု၊ ကလေး အလုပ်သမား ပြဿနာ၊ အလုပ်သမား အခွင့်အရေး ချိုးဖောက်မှုများသည် မြန်မာ ကုန်ထုတ်လုပ်ငန်းတွင် ရှိနေကြောင်း၊ ထိုအချက်များကိုလည်း ပို့ကုန် ထုတ်လုပ်သူများက လိုက်နာရန် လိုအပ်ကြောင်းလည်း ဦးဝင်းအောင်က အလေးအနက်ထား ပြောဆိုသည်။